ဗီယက်နမ် နိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပနေတဲ့ အာဆီယံ အသက် ၁၉ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ဒီနေ့မှာ အင်ဒိုနီးရှား အသင်းကို ၃ ဂိုးပြတ်သွင်းယူပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
မြန်မာ အသင်းအတွက် ဂိုးတွေကိုတော့ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ငြိမ်းချမ်းအောင် က ၁ ဂိုးနဲ့ မောင်မောင်စိုး ၂ ဂိုး သွင်း ယူပေးခဲ့တာဖြစ်ပြီး အင်ဒို အသင်းကတော့ ဂိုးပြန်သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီကနေ့ မြန်မာအသင်း ကစားသွားပုံဟာ ထိုင်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲလောက် အကြိတ်အနယ် အားထုတ်ကစား သွားတာမျိုး မဟုတ် ပေမယ့် အပေးအယူ အချိတ်အဆက် ကောင်းကောင်းနဲ့ အင်ဒိုနီးရှား အသင်းကို ကစားကွက် အသာစီးယူပြီး ကစားနိုင်ခဲ့ပါတယ်။
ထိုင်းအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ အမှားအယွင်း တချို့ရှိခဲ့တဲ့ မြန်မာ နောက်တန်းဟာ ဒီကနေ့ပွဲမှာ ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။
မြန်မာ အသင်းအတွက် အဖွင့်ဂိုးကို ငြိမ်းချမ်းအောင်က ၁၈ မိနစ်မှာသွင်းယူ ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၂ ဂိုးကို ၃၂ မိနစ်နဲ့ ၆၄ မိနစ် တို့မှာ မောင်မောင်စိုးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ပွဲမှာ မြန်မာအသင်းဟာ အင်ဒိုနီးရှား အသင်းဘက်ကို ထိထိ ရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့ သလို အထူးသဖြင့် ကွင်း လယ် နဲ့ တောင်ပံ တိုက်စစ်တွေရဲ့ ထိုးဖောက်မှုတွေ ကလည်း အလုပ်ဖြစ်ခဲ့ပြီး အင်ဒိုနီးရှား ဂိုးပေါက်ကို ၁၅ ကြိမ်ထက်မနည်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဗီယက်နမ် နိုင်ငံမှာ စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့ အထိ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ မြန်မာ အသင်းဟာ အုပ်စု (က) မှာ ထိုင်းနဲ့ အင်ဒိုနီးရှား အသင်းတွေနဲ့ တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ ပွဲမှာ မြန်မာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အင်ဒိုနီးရှား အသင်းဟာ ထိုင်းအသင်း ကိုလည်း ၆ -၂ နဲ့ ဂိုးပြတ်ရှုံးထားခဲ့တဲ့ အတွက် ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
ထိုင်းအသင်းဟာ မြန်မာအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အင်ဒိုနီးရှားကို အနိုင်ကစားထားတဲ့ အတွက် မြန်မာအသင်းနဲ့ အတူ အုပ်စု ဒုတိယအဖြစ်နဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
အုပ်စု (ခ) မှာတော့ အိမ်ရှင် ဗီယက်နမ်၊ သြစတြေးလျနဲ့ ဂျပန်တို့ပါဝင်ပြီး သြစတြေးလျ အသင်းကတော့ နှစ်သင်းလုံးကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
သြစတြေးလျ အသင်းအနေနဲ့ ဂျပန်ကို ၃-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အိမ်ရှင် ဗီယက်နမ် အသင်းကိုလည်း ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။
အုပ်စု(ခ) ရဲ့အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်နဲ့ ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာ နိုင်တဲ့ အသင်းဟာ အုပ်စု (က) ဒုတိယနဲ့ တွေ့မှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ မြန်မာအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ကကြီးမှူးကျင်းပတာဖြစ်ပြီး ဗီယက်နမ် နိုင်ငံ အာဟာရ ထုတ်လုပ်ရေး Nutifood ကုမ္ပဏီ က ထောက်ပံ့ပေးတာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ ပြီးခဲ့တဲ့လက ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဘရူးနိုင်း ဘရင့်ဖလားကို မြန်မာနိုင်ငံအတွက် ပထမဆုံး ရယူ ပေးခဲ့တဲ့ အသင်းဖြစ်ပြီး မြန်မာဘောလုံး ပရိသတ်ရဲ့ အားပေးထောက်ခံမူကို ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ အောက်တိုဘာ ၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် AFC U-19 Championship ပြိုင်ပွဲကြီးမှာလည်း ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီပြိုင်ပွဲကတော့ အာရှအင်အားကြီး ဘောလုံး အသင်းတွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် AFC U-19 Championship မှာ အိမ်ရှင်မြန်မာ အပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ အီရန်၊ သြစတြေးလျ၊ ထိုင်းနဲ့ ယူအေအီး တို့လို အသင်းတွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။