အားကစား

ငြိမ်းချမ်းရေး ဥယျာဉ်ထဲက ရိုင်းစိုင်းသည့် မြန်မာ့အားကစား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တလောက ရန်ကုန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးနှင့် ဘောလုံးသမားအချို့ အငြင်းပွားက ရုံးရောက် ဂတ်ရောက် ဖြစ်ကုန်သည်ဟု ကြားမိသည်။

ယင်း ဖြစ်စဉ်လေးကို အခြေခံ၍ ကမ္ဘာ့အားကစား လောကတွင် နိုင်ငံရေးနှင့် ဆက်နွယ် ပတ်သက်ခဲ့သည့် အဖြစ် အပျက်များ ကို ပြန်လည်ရှာဖွေ ဖတ်ရှုမိသည်။ ကောင်းတာလည်း ရှိသည်။ မကောင်းသည် များလည်း ရှိခဲ့သည်။

ခေတ်သစ် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော် စတင် ကျင်းပသည့် နှစ်မှာပင် အုပ်ချုပ်သူ ဘုရင်များက ဝင်ရောက် သြဇာပေး နှောက်ယှက်ခဲ့ ကြသည်။ ဘုရင်နှင့် တော်ဝင်မိသားစု ကြည့်ရှုအားပေးရန် သီးသန့် နေရာကို ပြေးခုန်ပစ် ပြိုင်ပွဲများ နောက်ဆုံး ပန်းဝင်သည့် နေရာ တည့်တည့်တွင် ထားပေးရသည်။ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို အုပ်ချုပ်သူ တော်ဝင်မိသားစုများက ဝင်ရောက် စွက်ဖက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၉၀၈ ခုနှစ်နှင့် ၁၉၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့အိုလံပစ်ပွဲ နှစ်ပွဲတွင် အိမ်ရှင် ထီးနန်းရှင် မိသားစုက ဝင်ရောက် စွက်ဖက်ခဲ့ ကြသည်။ အထင်ရှားဆုံးမှာ ၁၉၃၆ ဘာလင် အိုလံပစ်ပင် ဖြစ်သည်။ ဂျာမနီ အာဏာရှင် ဟစ်တလာ အိမ်ရှင်ကောင်း မပီသသည့် အပြုအမူများကို များစွာ ပြုလုပ်ခဲ့သည်။ အမေရိကန် လူမည်း တာတို အပြေးချန်ပီယံ ဂျက်စီအိုဝင် ရွှေတံဆိပ်ရသည့် ပွဲများတွင် ဂုဏ်ပြုနှုတ်ဆက်ရမည် ဆိုသဖြင့် ရှောင်တိမ်းနေခဲ့သည် ဆို၏။

အနိဋ္ဌာအာရုံများ

၁၉၄၈ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် ပထမဆုံးအကြိမ် ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတော် ၁၄ ကြိမ်မြောက်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည်။ ယင်း လန်ဒန် အိုလံပစ် အားကစားပွဲသို့ ဒုတိယ ကမ္ဘာစစ်ကြီးကို စတင် မီးမွှေးခဲ့သည့် နိုင်ငံများ အဖြစ် ဂျာမနီနှင့် ဂျပန်နိုင်ငံတို့အား ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပေ။

ဆိုဗီယက် ပြည်ထောင်စုကလည်း ၁၉၅၂ ခုနှစ် ဟဲလ်စင်ကီး (ဖင်လန်) ကမ္ဘာ့အိုလံပစ် ပွဲတော်ကျမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

အဆိုးရွားဆုံး

ကမ္ဘာ့အိုလံပစ် အားကစား သမိုင်းတွင် ယခုအချိန်ထိ အဆိုးရွားဆုံး ဖြစ်ရပ်မှာ ၁၉၇၂ ခုနှစ်တွင် အနောက် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် ကမ္ဘာ့အိုလံပစ်ပွဲတွင် ဖြစ်ပွားခဲ့သည့် အစ္စရေး ကစားသမားများကို ပါလက်စတိုင်း အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ ၁၉၇၂ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ယင်း အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အစ္စရေး အားကစားသမား ၁၂ ယောက်၊ ပါလက်စတိုင်း အကြမ်းဖက်သမား ၅ ယောက်နှင့် အနောက်ဂျာမနီ ရဲတဦး သေဆုံးခဲ့ကြရသည်။

အဆိုးရှိလျင် အကောင်းရှိ

သို့ရာတွင် ကမ္ဘာ့အိုလံပစ် အားကစားပွဲမှာ ဆိုးရွားသည့် ဖြစ်စဉ်များနှင့် ဆန့်ကျင်ဘက် ကောင်းမွန်သည့် မြင်ကွင်းများ၊ ဖြစ်စဉ်များကို နိုင်ငံတကာ ဘောလုံးပွဲများတွင် တွေ့မြင် ကြားသိခဲ့ကြရသည်။

၁၉၇၄ ခုနှစ်တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အနောက်ဂျာမနီ နိုင်ငံတွင် ကျင်းပသည်။ ထိုစဉ်က အရှေ့ဘာလင်နှင့် အနောက်ဘာလင် အကြား တံတားကြီး ပိုင်းခြားထားဆဲ ဖြစ်သည်။ သို့ဖြစ်ရာ အရှေ့ဂျာမနီ နိုင်ငံက ကမ္ဘာ့ဖလား ဘောလုံးပွဲ ခြေစစ်ပွဲအောင်သည်။ အနောက်ဂျာမနီတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ဝင်ရောက်ခွင့် ရသည်။

ဖြစ်ရပ်မှန်များသည် စိတ်ကူးယဉ်ထက် ဆန်းကျယ်သည် ဆိုခြင်းမှာ မှန်သည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲ အုပ်စု ၁ တွင် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီတို့ တအုပ်စုထဲတွင် ကစားရသည်။

နိုင်ငံရေး သမားကြီးတွေ အချင်းချင်း အပြန်အလှန် ပုတ်ခတ်ပြောဆိုကြ၊ စစ်ခေါင်းဆောင်တွေ အချင်းချင်း လက်နက် တပြင်ပြင် လုပ်နေကြတော့လည်း နှစ်ဖက်ပြည်သူ အများကတော့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသည်။ ပြည်သူတွေ ကြားမှ ပေါက်ဖွားသည့် အားကစားသမားများ ကလည်း ငြိမ်းချမ်းရေးကို လိုလားကြသည်။ ယင်းပွဲတွင် အုပ်စုတက်ရန် သေချာနေပြီ ဖြစ်သော အနောက်ဂျာမနီ အသင်းက အုပ်စုမှ တက်ရန် ၁ မှတ်သာလိုသည်။ အရှေ့ဂျာမနီ အသင်းကို အရှုံးပေး ကစားခဲ့သည် ဟုလည်း မလိုတမာ ပြောသူများက ပြောခဲ့ကြသေးသည်။

အီရန်နှင့် အမေရိကန်

အီရန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် ၁၉၉၈ ခုနှစ် တဝိုက်တွင် တနိုင်ငံနှင့် တနိုင်ငံအစိုးရ အချင်းချင်း မျက်နှာချင်းဆိုင် မရသည့် မိတ်ပျက်နိုင်ငံများ ဖြစ်ကြသည်။

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပြင်သစ်နိုင်ငံတွင် ကျင်းပသည်။ အမေရိကန်ရော အီရန်ပါ ခြေစစ်ပွဲ အောင်လာ ခဲ့ကြသည်။ လေးသင်း တအုပ်စု ဖွဲ့စည်းရာတွင် တိုက်တိုက်ဆိုင်ဆိုင် အီရန် ဘောလုံးအသင်းနှင့် အမေရိကန် ဘောလုံးအသင်းတို့ ဂျာမနီ၊ ယူဂိုစလေးဗီးယား အသင်းတို့နှင့် တအုပ်စုထဲမှာ ကစားရသည်။

ပြင်သစ်နိုင်ငံ လီယွန်မြို့ရှိ ဂါလင်န် အားကစားပြိုင်ဝင်းတွင် ၁၉၉၈ ခုနှစ် ဇွန်လ ၂၁ ရက်တွင် အီရန်နှင့် အမေရိကန် အသင်းတို့ ကစားမည့်ပွဲကို တကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။ ဘောလုံး အဆင့်အတန်းကြောင့် မဟုတ်၊ အီရန်နှင့် အမေရိကန်တွေ ဘောလုံးကွင်းထဲ၌ ဘာတွေဖြစ်ကြမလဲ ဆိုသည်ကို တွေ့မြင်ကြားသိလို၍ စောင့်မျှော်နေ ကြခြင်းပင် ဖြစ်ပါသည်။

ဘောလုံးပွဲ စတင် ကစားကြသောအခါ တကမ္ဘာလုံး အထင်နှင့်အမြင် လွဲကုန်ကြသည်။ တကမ္ဘာလုံးက စိတ်ဝင်စားစွာ ထင်မြင်ယူဆနေ ကြခြင်းမှာ ဘောလုံးကွင်းအတွင်းမှ ဆော်ပွဲ၊ နှက်ပွဲ၊ လူသတ်ပွဲ ဖြစ်သည်။ သို့သော် လက်တွေ့တွင် မူကား အီရန်နှင့် အမေရိကန် ဘောလုံးသမားများက စစ်မှန်သော အားကစား စိတ်ဓာတ်ကို တကမ္ဘာလုံးသို့ ပြသွားခဲ့ကြသည်။

ဘောလုံးပွဲမှာ အကြိတ်အနယ် ရှိလှသည်။ အပြိုင်အဆိုင် ကြိုးစားကြသည်။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို နှစ်သင်းစလုံးမှ ဘောလုံးကစားသူများက ကျိုးနွံစွာ လက်ခံခဲ့ကြသည်။ အီရန် အသင်းက ၂း၁ ဖြင့်နိုင်သည်။ ပွဲပြီးသွားသောအခါ အီရန်နှင့် အမေရိကန် ဘောလုံးသမားများ လက်ချင်းချိတ်ဆွဲကာ ကွင်းအတွင်းမှ ပွဲကြည့် ပရိသတ်ကို နှုတ်ဆက်ကြသည်။

ရုပ်မြင်သံကြားမှ ကြည့်ရှုနေကြသည့် သန်းပေါင်းများစွာသော ကမ္ဘာသူ၊ ကမ္ဘာသားများကို အားကစားသမားတို့၏ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ပင်ပေါင်ဒီပလိုမေစီ

တချိန်က ကမ္ဘာ့နိုင်ငံရေး ဝေါဟာရများထဲတွင် ပင်ပေါင်ဒီပိုမေစီ ဟူသော စကားလုံး တွင်ကျယ်ခဲ့ဖူးသည်။ သိကြသည့် အတိုင်းပင် တခေတ်တချိန်က တရုတ်နှင့် အမေရိကန် အစိုးရ အချင်းချင်း ကြည့်မရ၊ ပြောမရ ဖြစ်နေခဲ့ကြသည်။ ကမ္ဘာ့ အင်အားကြီး ၂ နိုင်ငံ ဖြစ်ကြသဖြင့် ပါးစမ်မှတဆင့် လက်ပါလာ ကြမည်ကို တကမ္ဘာလုံးက စိုးရိမ်ပူပန်နေကြသည်။

ထိုကာလအတွင်း တောင်ကိုရီးယား နိုင်ငံမှာ ကမ္ဘာ့ တံခွန်စိုက် ပင်ပေါင် (စားပွဲတင် တင်းနစ်) ပြိုင်ပွဲ ကျင်းပသည်။ ကမ္ဘာ့အဆင့် မမီသည့် အမေရိကန် စားပွဲတင် တင်းနစ်အသင်း ဝင်ပြိုင်သည်။ ပြိုင်ပွဲပြီးသွားသည့်အခါတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အမေရိကန် ပင်ပေါင်အသင်း တရုတ်ပြည်သို့ ချစ်ကြည်ရေးပွဲများ ကစားပါရန် ဖိတ်ခေါ်ခဲ့သည်။

အမေရိကန် ပင်ပေါင်အသင်း ကလည်း ဝမ်းပမ်းတသာ လက်ခံခဲ့သည်။ တကမ္ဘာလုံးကလည်း အမေရိကန်၊ တရုတ်တို့၏ လမ်းသစ်ဖောက်ထွင်၍ ပြန်လည် သင့်မြတ်မှုကို ကြိုဆို လက်ခံခဲ့ကြသည်။ ပင်ပေါင် ဒီပလိုမေစီ ပြဇာတ်ကို ဇာတ်ညွန်းရေး၊ ဒါရိုက်တာ တာဝန်ယူ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကပြ ခဲ့သူကတော့ အမေရိကန်နိုင်ငံ ပြန်ကြားရေး ဝန်ကြီး တဦးတည်း တယောက်တည်းသာ ဖြစ်သည်ဟု နားဖူးနား၀ ရှိခဲ့ဖူးပါသည်။

အာရှအားကစားပွဲ

၁၇ ကြိမ်မြောက် အာရှအားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် ကျင်းပနေပါသည်။ တိုင်းပြည် တပြည်တည်း ဖြစ်ပါလျက်နှင့် တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့၏ ခေါင်းဆောင်အချင်းချင်း မျက်နှာချင်း ဆိုင်၍ စကားမပြောကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ယခုရက်ပိုင်း လပိုင်းအတွင်း တာတိုပစ်၊ တာဝေးပစ် ဒုံးပျံများကို မြောက်ကိုရီးယား ဘက်မှ လတိုင်းလိုလို စမ်းသပ် ပစ်လွှတ်နေသည်။

တောင်ကိုရီးယား နိုင်ငံဘက် ကလည်း မဟာမိတ် အမေရိကန်များနှင့် အတူတွဲကာ စစ်ရေး လေ့ကျင့်နေကြသည်။ ကိုရီးယားကျွန်းဆွယ်မှ စစ်မီးဘယ်တော့ ထလောင်မလဲဟု တကမ္ဘာလုံးက စိတ်သောက များစွာဖြင့် တအုံနွေးနွေး ဖြစ်နေကြ ချိန်တွင် နှစ်ဖက်သော ကိုရီးယား ပြည်သူများ၏ ချစ်ကြည် ရင်းနှီးမှုကို အားကစားပွဲမှတဆင့် ပြသခဲ့ကြ သည်။ အထူးသဖြင့် ဘောလုံးပွဲများတွင် ဖြစ်သည်။

အမျိုးသမီး ဘောလုံးပွဲ အကြိုဗိုလ်လုပွဲတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အသင်းတို့ ကစားကြရသည်။ တောင်ကိုရီးယား ပရိသတ်များ ကွင်းလုံးပြည့် လာရောက်ကြည့်ရှု အားပေးကြသည်။ မြောက်ကိုရီးယား  အမျိုးသမီး အသင်းက တောင်ကိုရီးယား အမျိုးသမီးကို နိုင်သွားသည်။ မည်သည့် ပြဿနာမှ မပေါ်ပါ။ ရှုံးသွားသည့် တောင်ကိုရီးယား အသင်းကို အားပေးသူများက နိုင်သွားသည့် မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်းကို လှိုက်လှိုက်လှဲလှဲ အားပေး ဂုဏ်ပြုကြသည်။

နောက်ထပ် တိုက်ဆိုင်မှု တရပ်မှာ အမျိုးသား ဘောလုံးပွဲတွင် အိမ်ရှင် တောင်ကိုရီးယား အသင်းနှင့် ညီအစ်ကိုတော် မြောက်ကိုရီးယား အသင်းတို့ ရွှေတံဆိပ်ပွဲ ကစားကြရဦးမည် ဖြစ်သည်။

အားကစား သိက္ခာမဲ့သော နိုင်ငံ

နိုင်ငံတကာတွင် ငြိမ်းချမ်းရေးက အားကစားကို ကိုယ်စားပြု လှုပ်ရှားနေကြသည်။ သို့သော် အားကစားပြိုင်ဝင်း သို့မဟုတ် ဘောလုံးကွင်းများကို လူသတ်ကွင်းများ ဖြစ်အောင် ကြိုးစားပမ်းစား ဆောင်ရွက်နေကြသူများရှိသည့်
တိုင်းပြည် တပြည်ရှိသည်။ ဝမ်းနည်းစွာဖြင့် ပြောရပါမည်။ မြန်မာနိုင်ငံ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ အဖွဲ့ချုပ်က ကြီးမှူးသည့် ဘောလုံးပြိုင်ပွဲ သုံးပွဲရှိပါသည်။ MNLI, MNL II နှင့် လူငယ် ဘောလုံး ပြိုင်ပွဲများ ဖြစ်သည်။

ယင်းပြိုင်ပွဲ ၃ ရပ်စလုံးတွင် ပြဿနာမရှိသည့် ပြိုင်ပွဲဟူ၍ မရှိပါ။ ဘောလုံးသမား အချင်းချင်း ထိုးကြ၊ ကန်ကြသည်။ နည်းပြဆရာအချို့က ဒိုင်အဖွဲ့ဝင် အပေါ် မခြေမငံ ပြောဆို ဆက်ဆံ ကြရုံသာမက ဆဲရေး တိုင်းထွာကြသည်။ လက်ထောက် နည်းပြ ဆရာတဦးကမူ “ငါ့ကို အပြစ်ပေးရဲ ပေးကြည့်၊ မိုးမီးလောင်သွားမယ်”ဟု  ကြိမ်းဝါးထားသည် ဆို၏။ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကို ရည်ရွယ်၍ ကြိမ်းဝါးဟန်တူသည်။

ယခုနောက်ဆုံး ကြားရသည့် သတင်းကတော့ အဆိုးဆုံး ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘောလုံးပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားပြိုင်ဝင်း သစ်ကြီးတွင် ကျင်းပလျက်ရှိရာ အကြို ဗိုလ်လုပွဲအဖြစ် စစ်ကိုင်းနှင့် မကွေးတိုင်းအသင်းတို့ စက်တင်ဘာလ ၂၉ ရက်နေ့က ယှဉ်ပြိုင်ကစားကြသည်။ သတင်းစာ၊ ဂျာနယ်အချို့တွင်ဖော်ပြကြသည့် သတင်းအရ တဖက် တဂိုးစီ သရေကျနေစဉ် စစ်ကိုင်းတိုင်း အသင်းဘက်သို့ ပင်နယ်လ်တီ ပြစ်ဒဏ် အပေးခံရသည်။

စစ်ကိုင်းတိုင်း အသင်းနည်းပြက ပင်နယ်လ်တီ အပေးခံရခြင်းကို မကျေနပ်၍ စစ်ကိုင်းတိုင်းအသင်းမှ ဘောလုံးသမား များအား ဆက်မကစားတော့ရန် ပြောဆို တားမြစ်သဖြင့် ၁၅ မိနစ်ခန့် ပွဲရပ်သွားသည် ဟု ဆိုသည်။

မြန်မာနိုင်ငံက MNL ပွဲများတွင်လည်း ဘောလုံး ကစားသမားများ ဆက်မကစားသဖြင့်  ပွဲရပ်နားခဲ့သည်များ ရှိခဲ့ဖူး သည်။ အဖွဲ့ချုပ်လူကြီးများက တောင်းပန်တိုးလျှိုမှသာ ပြန်ကစားကြသည့် အဖြစ်မျိုး များစွာ ရှိနေခဲ့သည်။

ဘောလုံးလူမိုက်

ပွဲပြန်စသည်။ မကွေးတိုင်းဘက်မှ ပြစ်ဒဏ်ဘော ကန်ရန်ဖြစ်သည်။ သူ့အသင်းဘက်ကို ပြစ်ဒဏ်ပေးရမည်လား ဆိုကာ စစ်ကိုင်းတိုင်း နည်းပြက ဘောလုံးကွင်းထဲဝင်ပြီး ဒိုင်လူကြီးကို ထိုးသည်။ နည်းပြဆရာက နည်းပြသောအခါ စစ်ကိုင်းတိုင်း ဘောလုံးအသင်းမှ အရန်ဘောလုံးသမား အပါအဝင် ဘောလုံးသမားများက ကွင်းလယ်ဒိုင် လူကြီးကို ဝိုင်းထိုးကြသည်။ ကွင်းလယ်ဒိုင်လူကြီး ဆေးရုံ တင်လိုက်ရသည်။

နိုင်ငံတကာတွင် အားကစားကွင်း၊ အားကစားရုံများကို ငြိမ်းချမ်းရေး ဥယျာဉ်များ အဖြစ် ဝိုင်းဝန်းတည်ဆောက် နေချိန် တွင် မြန်မာ နိုင်ငံတွင်တော့ Soccer Field များကို Killing Field များ ဖြစ်အောင် တမင်ဖန်တီးနေကြသည်ဟု တစုံတယောက်က ပြောလာလျှင် စာရေးသူကတော့ ထိုသူအား အပြစ်မတင်ချင်ပါ။

ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ဒိုင်လူကြီးများ အပေါ် အစော်ကားခံနေရမှု၊ လုပ်ပွဲများ၊ တရားဝင်ပြောဆို စွပ်စွဲမှု၊ ဘောလုံးသမားများနှင့် ကလပ်ပိုင်ရှင် အချို့အကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို တိကျပြတ်သားစွာ ဖြေရှင်း ဆောင်ရွက် ပေးခြင်းဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဂုဏ်သိက္ခာ မကျဆင်းအောင် လုပ်ဆောင်သွားရန် အချိန်ကျ နေပြီ ဖြစ်ပါသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading