စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၁၄ ရက်နေ့ အထိ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ၁၇ ကြိမ်မြောက် အာရှ အားကစား ပွဲတော်ကြီးမှာ ကျင်းပပြီးစီးတော့မည် ဖြစ်သည်။ ယင်း အားကစားပွဲကြီးတွင် အားကစားနည်း မျိုးပေါင်း ၃၇ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး အာရှနိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမားများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားနည်း ၃၇ မျိုးထဲတွင် နိုင်ငံတကာနှင့် အိုလံပစ် အားကစားနည်းများ ပါဝင်ခဲ့သလို ခရစ်ကက်၊ ခမာဒီ စသော ရိုးရာအားကစားနည်း အချို့ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
တရုတ်နိုင်ငံက ရွှေတံဆိပ် ၁၅၁ ခု၊ ငွေတံဆိပ် ၁၀၈ ခု၊ ကြေးတံဆိပ် ၈၃ ခုနှင့် နိုင်ငံအလိုက် ပထမ နေရာ၌ ရပ်တည်သည်။ တရုတ်နိုင်ငံ ရရှိမှုသည် နှစ်ပေါင်း ၁၂ နှစ်အတွင်း အနည်းဆုံးပင် ဖြစ်သည်။ အိမ်ရှင် တောင်ကိုးရီးယားက ရွှေတံဆိပ် ၇၉ ခု၊ ငွေတံဆိပ် ၇၁ ခု၊ ကြေးတံဆိပ် ၈၄ ခုနှင့် ဒုတိယနေရာ၊ ဂျပန်နိုင်ငံက ရွှေတံဆိပ် ၄၇ ခု၊ ငွေတံဆိပ် ၇၆ ခု၊ ကြေးတံဆိပ် ၇၇ ခုဖြင့် တတိယ နေရာ ရရှိခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံများ အနက် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၂၈ ခုနှင့် အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၁၄ ခုနှင့် ကြေးတံဆိပ် ၁၄ ခုနှင့် အဆင့် ၁၄ နေရာတွင် ရပ်တည်ခဲ့သည်။
စင်္ကာပူနိုင်ငံက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၁၃ ခုနှင့် အဆင့် ၁၅ နေရာတွင် ရပ်တည် နိုင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၁၁ ခုနှင့် အဆင့် ၁၇ နေရာ တွင် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၁ ခုနှင့် အဆင့် ၂၀ တွင် ရပ်တည်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၂၅ ခုနှင့် အဆင့် ၂၁ နေရာတွင် ရပ်တည်နိုင်ခဲ့ပါသည်။
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့နိုင်ငံများ ဖြစသည့် အီရန်၊ ကာတာ၊ ကူဝိတ်၊ ဆော်ဒီ၊ ဂျော်ဒန် နိုင်ငံ တို့သည် ထူးခြားစွာ ဘောလီဘောနှင့် ဘတ်စကက်ဘော အားကစားနည်း တို့တွင် အာရှအားကစား ပြိုင်ပွဲ၌ အဆင့်မြင့်မြင့် ပါဝင် ယှဉ်ပြိုင်သွားကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ဂျော်ဒန်နိုင်ငံက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သွားသည်ကို တွေ့ရသည်။
အိန္ဒိယနိုင်ငံ ကလည်း အားကစား အဆင့်အတန်း အနည်းငယ် ပြန်တက် လာသည်ကို တွေ့ရသည်။ သေနတ်ပစ်၊ ကြက်တောင်၊ လက်ဝှေ့ (အမျိုးသား၊ အမျိုးသမီး) အားကစားနည်း တို့တွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှ နိုင်ငံများအနက် လာအို၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဘရူနိုင်း စသည့် နိုင်ငံတို့မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ အထူးသဖြင့် ကမ္ဘောဒီးယား နိုင်ငံသည် ပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံး ရွှေတံဆိပ်ဆုကို တိုက်ကွမ်ဒို အားကစားနည်းမှ ဆွတ်ခူးရရှိခဲ့သည်။
ရွှေတံဆိပ် အများဆုံး ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံများသည် နိုင်ငံတကာ အားကစားနည်းများမှသာ ဆွတ်ခူး နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၁၀ ခု ဆွတ်ခူးရာ၌ ပိုက်ကျော်ခြင်း အားကစားနည်း တမျိုး တည်းက ရွှေတံဆိပ် ၄ ခု ဆွတ်ခူး နိုင်ခဲ့သည်။ မြန်မာနိုင်ငံက ဆွတ်ခူးရရှိသည့် ရွှေတံဆိပ် ၂ ခုမှာလည်း ပိုက်ကျော်ခြင်း အားကစားနည်း မှဖြစ်သည်။
အာရှအားကစားပွဲတွင် ပိုက်ကျော်ခြင်း အားကစားနည်းတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သာ ဆွတ်ခူး နိုင်ခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးယခင်ကမူ လက်ဝှေ့၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ရွက်လှေနှင့် ဝူရူး အားကစား နည်းတို့မှသာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။
ဝူရှူး အားကစားနည်းမှလွဲ၍ ကျန်အားကစားနည်းများမှာ အိုလံပစ် အားကစားပွဲများတွင် ထည့်သွင်းကျင်း ပသည့် အားကစားနည်းများ ဖြစ်ကြသည်။
မြန်မာနိုင်ငံက အင်ချွန်း အားကစားပွဲသို့ အားကစားနည်း ၁၀ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်း အားက စားနည်း များမှာ ပြေးခုန်ပစ်၊ အလေးမ၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဘော်လီဘော၊ နပမ်း၊ သေနတ်ပစ်၊ မျှားပစ်၊ ပိုက်ကျော်ခြင်းတို့ ဖြစ်ကြသည်။
ပိုက်ကျော်ခြင်း အားကစားနည်း တမျိုးတည်းကသာ ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ကျန်အားကစား နည်း ၉ မျိုး အနက် ကြေးတံဆိပ်ရသည့် အားကစားနည်း တမျိုးသာရှိပြီး ကျန်အားကစားနည်း ၈ မျိုးမှာ ဆုတံဆိပ် လုံး၀ မရရှိနိုင်ခဲ့ကြပါ။ ဆုတံဆိပ် မရသည့်အပြင် အဆင့်အတန်း နိမ့်စွာ ဝင်ရောက်ယှဉ်ပြိုင် သွားခဲ့ကြသည်ကို တွေ့ခဲ့ရ သည်။
အာရှ အားကစားပွဲသို့ မြန်မာအားကစား အဖွဲ့ ယှဉ်ပြိုင်ရန် မြန်မာအားကစား အာဏာပိုင်များက မူဝါဒခံ ယူချက်နှင့် သဘောတရားများ မရှိသည်ကို လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် ရှေးယခင်က နိုင်ငံတ ကာ အားကစား ပြိုင်ပွဲများသို့ စေလွှတ်ရန် မူဝါဒ သဘောတရားများ သတ်မှတ်ထားပေးခဲ့သည်။
ပမာအားဖြင့် စံချိန်စံညွန်းများဖြင့် ယှဉ်ပြိုင်ရသော အားကစားနည်းများ ဖြစ်ကြသည်။ ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့ စသည့် အားကစားနည်းတို့တွင် မြန်မာလက်ရွေးစင် ဖြစ်ရုံသာမက သွားရောက်ယှဉ်ပြိုင်မည့် အား ကစားနည်းများတွင် အနည်းဆုံး တတိယ ရရှိနိုင်သည့် စံချိန်များ ရမှသာလျှင် စဉ်းစားဆုံးဖြတ်လေ့ ရှိသည်။
သိသာထင်ရှားသည့် သာဓက တခုပြုရမည်ဆိုလျှင် ပြေးခုန်ပစ် အမျိုးသား အမြင့်ခုန်တွင် မြန်မာပြည် တံခွန် စိုက် ပထမဆုံး ရရှိသည့် အမြင့်ခုန်သမားများ နိုင်ငံတကာ အားကစား ပြိုင်ပွဲနည်းများတွင်၊ ဝင်ရောက် ယှဉ်ပြိုင်ခွင့် နည်းပါး နေကြခြင်းကို တွေ့ရမည် ဖြစ်သည်။
ထိုနည်းတူစွာ မြန်မာပြေးခုန်ပစ် တာတို အပြေး ချန်ပီယံများသည် ၁၉၅၈ ခုနှစ် နောက်ပိုင်းတွင် ကျင်းပခဲ့ သည့် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရကြသည်ကို တွေ့ကြရမည် ဖြစ်သည်။
ထိုနည်းတူစွာ စံချိန်စံညွှန်းဖြင့် မဟုတ်သော်လည်း အမှတ်ဖြင့် ဆုံးဖြတ်ကြသည့် အားကစား ပြိုင်ပွဲများ တွင် လည်း သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များက လက်ရွေးစင် အသင်းများဖွဲ့စည်း၍ ကျွန်းဆွယ် သို့မဟုတ် အာရှ အားကစား ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုတင်လေ့ကျင့် ထားကြသော်လည်း လိုအပ်သည့် အဆင့်အတန်း အရည်အချင်း၊ မမီဟု ယူဆလျှင် ယင်းအားကစား လက်ရွေးစင် အသင်းများကို ကျွန်းဆွယ် သို့မဟုတ် အာရှ အားကစားပြိုင်ပွဲသို့ စေလွှတ်ခြင်း မပြုခဲ့ပါ။
ယခု ၂၀၁၄ အင်ချွန်း အာရှအားကစားပွဲသို့ မြန်မာနိုင်ငံက စေလွှတ်သည့် အားကစား အဖွဲ့များတွင် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု ရရှိသည့် အားကစားနည်း ၉ မျိုး နှင့် ကြေးတံဆိပ် တခုပင် မရရှိခဲ့သော ဘော်လီဘော အားကစားနည်း ပါဝင်နေသည်ကို တွေ့ရသည်။
နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ရခဲ့သည့် အနောက်တိုင်း လှေလှော်၊ ကနူး၊ ကယက်နှင့် အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆု ဆွတ်ခူးထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း တို့ကို ဘာကြောင့် စေလွှတ်ခြင်း မပြုသည်ကို မသိရပါ။
မြန်မာနိုင်ငံတွင် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းကျမှ ထည့်သွင်းကျင်းပသည့် အနောက်တိုင်း အားကစားနည်း ကိုမူ စေလွှတ် ယှဉ်ပြိုင်သည်ကို တွေ့ရသည်။
အင်ချွန်း အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နပန်းအားကစားနည်းတွင် ဆီးဂိမ်း ရွှေတံဆိပ်ရ မြန်မာ နပန်းသမားများ ဆုတံဆိပ် မရနိုင်သည်ကို သိသင့်ကြပါသည်။
အာရှတိုက်တွင် အရှေ့ဖျားနိုင်ငံများ ဖြစ်သည့် မွန်ဂိုလီးယား၊ ကိုရီးယား ၂ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ အရှေ့ အလယ်ပိုင်းမှ အိန္ဒိယ၊ ပါကစ္စတန်၊ ပင်လယ်ကွေ့နှင့် အာရှ အရှေ့ အလယ်ပိုင်းဒေသမှ အီရန်၊ အီရတ်၊ ဆော်ဒီအာရေးဗီးယား၊ ဆိုဗီယက် ပြည်ထောင်စုမှ အာရှတိုက်ထဲသို့ ကူးပြောင်းလာသည့် ပါကစ္စတန် စသည့်နိုင်ငံများတို့မှ အနောက်တိုင်း နပန်းများကို ကျော်လွှား၍ အနိုင်ရနိုင်ခြင်း မရှိသည်ကို ကြိုတင်သိထားသင့်ကြသည်။
အနောက်တိုင်း နပန်းအားကစားနည်းမှာ မြန်မာပြည်တွင်း၌ လေ့လာလိုက်စားသူ တိုင်းပြည်၌ မရှိသည် မှာ လည်း အမှန် ဖြစ်ပါသည်။
ထိုနည်းတူစွာ ဘော်လီဘော အားကစားနည်းမှာ တချိန်တုန်းက အရှေ့တောင်အာရှ ဒေသတွင်းတွင် ရွှေထီး ဆောင်းခဲ့ဖူးသည့် အားကစားနည်း ဖြစ်သည်။ တဖြည်းဖြည်း အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ ဆီးဂိမ်းများတွင် ဆုတံဆိပ် မရရှိသည်မှာ နှစ်ပေါင်း ၃၀ ကျော် ၄၀ တွင်းသို့ ချဉ်းနှင်းဝင်ရောက် ခဲ့ပြီ ဖြစ်သည်။
နေပြည်တော် ဆီးဂိမ်းတုန်းကလည်း ဆုတံဆိပ်မရခဲ့ပါ။ ၅ သင်း ပြိုင်ရာတွင် စတုတ္ထအဆင့်သာ ရရှိခဲ့သည်။
အာရှ အားကစား ပြိုင်ပွဲသို့ အတွေ့အကြုံ ရရှိရေး အတွက်သာ စေလွှတ်ခဲ့ခြင်းဟု ဆိုလျှင်လည်း အခြား သော အားကစား နည်းများ ဖြစ်ကြသည့် ဘောလုံး၊ ဘတ်စကက်ဘော၊ ဟော်ကီ၊ စသည့် အသင်းအဖွဲ့များ၊ အနောက်တိုင်းလှေ၊ ကနူး၊ ကယက် စသည့် အလေးမ၊ ရေကူး တခုချင်း အားကစားနည်းများကို အဘယ့် ကြောင့် အာရှအားကစားပွဲသို့ စေလွှတ် ယှဉ်ပြိုင်စေချင်း မရှိသည်ပါလည်း၊ ပဟေဠိတပုဒ်သဖွယ် တည်ရှိနေပေသည်။
အာရှအဆင့် ကမ္ဘာ့အဆင့်သို့ ချဉ်းကပ်ကြပြီ ဆိုလျှင် မည်သည့် နိုင်ငံတကာ အားကစား နည်းများကသာ မြန်မာနိုင်ငံ အနေဖြင့် လျှင်မြန်စွာ ရောက်ရှိနိုင်သည်ကို အင်ချွန် အာရှအားကစားပွဲက သင်ခန်းစာ ပေးလိုက် သည်ဟု စာရေးသူက ယူဆမိပါသည်။
ယခင်က အာရှ အားကစားပွဲတွင် လည်းကောင်း၊ ကမ္ဘာ့ အားကစား ပြိုင်ပွဲများတွင် လည်းကောင်း၊ မြန်မာနိုင်ငံက ဆုတံဆိပ်များ ရရှိခဲ့ကြသည်ကို ပြန်လည်သုံးသပ်သင့်ကြပါသည်။
ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့ ၊ အလေးမ၊ စသည့် အားကစား နည်းများသည် မြန်မာပြည်သူများ အတွင်း ကြီးမားကျယ်ပြန့်စွာ လေ့လာလိုက်စား ကြသည့် အားကစား နည်းများထဲတွင် အပါအဝင်ဖြစ်ပါသည်။
အနောက်တိုင်း ဓားသိုင်း၊ အနောက်တိုင်း နပန်း၊ စသည့် အားကစားနည်းတို့မှာ ကမ္ဘာ့အိုလံပစ် အားကစား နည်းများ ဖြစ်ကြသော်လည်း မြန်မာတောတောင် ရေမြေသဘာ၀ အားကစားနည်းများနှင့် နီးစပ်သော အားကစားနည်းများ မဟုတ်ကြပါ။
မြန်မာအားကစား ထည်ထည်ဝါဝါ ပြန်လည်ရောက်ရှိကြဖို့ဆိုလျှင် ကမ္ဘာ့နှင့် အိုလံပစ် အားကစား နည်းများလ ည်းဖြစ်၊ မြန်မာပြည်သူ တရပ်လုံးနှင့် ထိတွေ့နီးစပ်သည့် အားကစားနည်းမျိုးကိုသာ ဦးစားပေး ကြဖို့ လိုပြီ ဖြစ်ကြောင်းပါ ခင်ဗျား။ ။