၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် အာရှ ယူ- ၁၉ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် မြန်မာ ယူ-၁၉ အသင်းက ယူအေအီး အသင်းကို တဂိုး ဂိုးမရှိ နိုင်လိုက်ခြင်းဖြင့် မြန်မာဘောလုံးလောက၏ သမိုင်းမှတ်တိုင်အသစ်ကို စိုက်ထူလိုက် နိုင်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်၊ ကွာတာ ဖိုင်နယ်ရောက် အသင်း ၄ သင်းစလုံး နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကြသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အတူ ဥဇဘက်ကစ္စတန်၊ ကာတာနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကြခြင်းဖြစ်သည်။
ကမ္ဘာ့လူငယ် ဘောလုံးပြိုင်ပွဲ၏ အစ
ကမ္ဘာ့လူငယ် ဘောလုံးပြိုင်ပွဲကို ၁၉၇၇ ခုနှစ်က စတင်ကျင်းပခဲ့သည်။ ဘောလုံးပြိုင်ပွဲကို ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ ယူ-၂၀ ဘောလုံးပြိုင်ပွဲဟု ပြောင်းလဲခေါ်ဝေါ် သတ်မှတ်ခဲ့သည်။ ပထမဆုံးကျင်းပသည့် ကမ္ဘာ့လူငယ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို တူနီးရှားနိုင်ငံတွင် ကျင်းပသည်။ ဆိုဗီယက် ပြည်ထောင်စုနှင့် မက္ကဆီကို အသင်းတို့ ပွဲကစားချိန် မိနစ် ၉၀ နှင့် အချိန်ပို မိနစ် ၃၀ တို့တွင် တဖက် ၂ ဂိုး စီ သရေကျသည်။ ပင်နယ်တီဂိုးဖြင့် အဆုံးအဖြတ်ရယူခဲ့ကာ ၉ ဂိုး ၈ ဂိုးဖြင့် ဆိုဗီယက်ပြည်ထောင်စုက အနိုင်ရရှိခဲ့သည်။
တတိယလုပွဲကို ဘရာဇီးက ဥရုဂွေးအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တတိယနေရာ ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်အထိ ပြိုင်ပွဲဝင်အသင်း ၁၆ အသင်းဖြင့်သာ ကျင်းပခဲ့သည်။ ၁၉၉၉ ခုနှစ်မှစကာ နောက်ထပ် ရှစ်သင်းတိုးမြှင့်လက်ခံကာ နောက်ထပ် ၂၄ သင်းဖြင့် တိုးမြှင့် ကျင်းပခဲ့သည်။
ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား အနေဖြင့် ပြိုင်ပွဲကို ကနေဒါနိုင်ငံတွင် ၂၀၀၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် အာဂျင်တီးနား အသင်းက ချက်ယူနိုက်တက်အသင်းကို နိုင်ပြီး ပထမရသည်။ ချီလီက သြစတြီးယားအသင်းကို တဂိုး ဂိုးမရှိဖြင့် နိုင်ပြီး တတိယဆုရသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တူရကီနိုင်ငံတွင် ကျင်းပသည့် ပြင်သစ်အသင်းနှင့် ဥရုဂွေး အသင်းတို့ ပွဲချိန် မိနစ် ၁၂၀ အထိ ဂိုး မရှိသရေကျသည်၊ ပင်နယ်တီ ဂိုးဖြင့် အဆုံးအဖြတ်ကျမှ ပြင်သစ်အသင်း က ၄ ဂိုး ၁ ဂိုးဖြင့် နိုင်ပြီး ပထမဆုရသည်။ တတိယဆုအတွက် ဂါနာနိုင်ငံအသင်းက အီရတ်အသင်းကို ၃ ဂိုး ဂိုးမရှိ နိုင်ပြီး တတိယရသည်။ ၂၀၁၃ ခုနှစ် ဖီဖာယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ထူးခြားစွာပင် တောင်အမေရိကတိုက်မှ ထိပ်တန်းဘောလုံး အသင်းများဖြစ်ကြသည့် ဘရာဇီးနှင့် အာဂျင်တီးနားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ယင်းအချက်မှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းစဉ်တွင် ပထမဆုံး အချက်ဖြစ်သည်။ အာရှတိုက်မှ အသင်းများအနေဖြင့် တကြိမ်မှ ဗိုလ်ဆွဲခဲ့ဖူးခြင်း မရှိသေးပေ။
အိမ်ရှင်အနေဖြင့် မူကား ဂျပန် (၁၉၇၉)၊ မလေးရှား (၁၉၉၇)၊ ယူအေအီး (၂၀၀၃)၊ တို့သာ လက်ခံကျင်းပနိုင်သေးသည်။ ကမ္ဘာ့ ယူ ၂၀ ဘောလုံးပြိုင်ပွဲမှာ ဒုတိယအဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည်။ ကမ္ဘာ့အဆင့်နောက်ထပ် ဘောလုံးပြိုင်ပွဲ တပွဲမှာ အသက် ၁၇ နှစ်အောက် ယူ ၁၇ ဘောလုံးပွဲဖြစ်သည်။ ယင်းပြိုင်ပွဲကို ၁၉၈၅ ခုနှစ်တွင် စတင်ကျင်းပသည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွက် ဆက်လက်ကျင်းပသည့် မှတ်တမ်းမတွေ့ရပါ။
နောက်ဆုံးမျှော်လင့်ချက်
အာရှဘောလုံးလောကတွင် တချိန်က ဘုရင်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှာ ၁၉၇၇ ခုနှစ်မှ စကာ နန်းကျခဲ့ရသည်။ ဒေသတွင်း ပြိုင်ပွဲဖြစ်သည့် SEA Games ဘောလုံးပြိုင်ပွဲတွင်မူ အောင်မြင်မှု မရှိသလောက်နည်းပါးခဲ့ကာ အာရှအဆင့် ကမ္ဘာ့အဆင့်ဆိုလျှင်မူ ပြောစရာ မလိုလောက်အောင်ပင်ဖြစ်သည်။ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းအဆင့်သို့မူ ဝင်ရောက်ရေးမှာ သီကာပွတ်ကာဖြင့် လွဲချော်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အာရှယူ ၁၉ တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခြင်းပင်လျှင် မြန်မာနိုင်ငံ၏ ဘောလုံးပြုပြင်ပြောင်းလဲမှု တရပ်ကို ရှေးရှုလိုက်ခြင်းပင်ဖြစ်သည်။ အာရှအဆင့် နိုင်ငံတကာ ပြိုင်ပွဲကြီးတပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ ဆိုသည်မှာ လွယ်ကူသော ကိစ္စရပ်တခု မဟုတ်ပေ။
ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ လိမ္မာပါးနပ်စွာ ပေါင်းသင်းဆက်ဆံမှုကြောင့်သာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ညီလာခံတွင် မဲခွဲဆုံးဖြတ်ပြီး ပြိုင်ဘက်နိုင်ငံများအပေါ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အာရှအဆင့် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံ အတွင်း အောင်မြင်စွာ ကျင်းပနိုင်ခြင်း၊ ပြိုင်ဘက်အတွင်း မြန်မာ့ ယူ-၁၉ အသင်းကလည်း ပြိုင်ဘက် အသင်းများနှင့် တန်းတူရည်တူ ယှဉ်ပြိုင်ကစားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းကြောင့် မြန်မာ့ တမျိုးသားလုံး ဝမ်းသာအားရ ပျော်ရွှင်ကြည်နူးကြနေချိန်တွင် စိတ်နှလုံး ဝမ်းနည်းညှိုးနွမ်းစေမည့် သတင်းတရပ် ဖြစ်ပေါ်လာခဲ့ရသည်။ ယင်းသတင်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
AFC စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ပြီးခဲ့သည့် မြန်မာ-ယူအေအီး ပွဲအပြီးတွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ခဲ့ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၂၄၀၀၀ နှင့် နှစ်နှစ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများမှ အိမ်ကွင်းပွဲစဉ်တပွဲအား ပရိသတ်မပါဘဲ ကစားရမည့် ဆိုင်းငံ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် အီရန်တို့၏ အုပ်စု နောက်ဆုံးပွဲတွင် ပရိသတ်တချို့မှာ ကွင်းအတွင်းမှ ထိုင်ခုံနှင့် ပိုစတာဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့သဖြင့် AFC ၏ သတိပေးခြင်း ခံခဲ့ရသည်။ ထို့အပြင် ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း ယူအေအီးကို အနိုင်ရပြီး မြန်မာအသင်း ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရပြီးနောက် ပရိသတ်များမှာ ကွင်းအတွင်း ဝင်ရောက်၍ အောင်ပွဲခံခဲ့သောကြောင့် AFC မှ ယင်းပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ စာရေးသူသည် ပြည်တွင်း ပြည်ပ ဘောလုံးပွဲများကို ကိုယ်တိုင် ကိုယ်ကျသော်လည်းကောင်း၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြားများမှ တဆင့်ကြည့်ဖူးခဲ့ပြီး၊ ကြည့်ရှုနေဆဲလည်းဖြစ်သည်။ ပွဲများအားလုံးတွင် နောက်ဆုံး ဗိုလ်လုပွဲ အဆင့်တွင် အနိုင်ရရှိသည့် အသင်းပရိသတ်များက ပွဲပြီးလျှင် ကွင်းအတွင်းထိ ဝင်ရောက်၍ အောင်ပွဲခံကြသည်ကို တွေ့မြင်ခဲ့ဖူးသည်။ ယင်းသို့ အောင်ပွဲခံခြင်းသည် တခြား တဖက်သား တစုံတယောက်ကို ထိခိုက်နာကျင်စေခြင်း မရှိခဲ့လျှင် ခွင့်လွှတ်တတ်ကြသည်ကို အများအသိပင် ဖြစ်သည်။ ယူအေအီးကို နိုင်သည့်ပွဲသည် မြန်မာဘောလုံးအသင်းအတွက် ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆုရသည်ထက် ပို၍ တန်ဖိုးကြီးမားသော ဆုဖြစ်သည်။
တသက်တာတွင် တချိန်သာရရှိသည့် မြန်မာ့ဘောလုံး အသင်း ကမ္ဘာ့အဆင့်သို့ ဝင်ရောက်နိုင်ခြင်းအပေါ် ကွင်းအတွင်းရှိ ပွဲကြည့်ပရိသတ်များ ကွင်းအတွင်းသို့ ဝမ်းသာအားရကျေနပ်စွာဖြင့် ပေါက်ကွဲကုန်ကြသည်။ ကွင်းအတွင်းသို့ ဆင်း၍ သူတို့ချစ်သော မြန်မာယူ-၁၉ အသင်းဘောလုံးသမားများကို ဝိုင်းဝန်းဂုဏ်ပြုနှုတ်ဆက်ကြသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား ဝိုင်းဝန်းဂုဏ်ပြုချီးပွေ့ နှုတ်ဆက်ကြသည်။ ဤသည်ကို အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒဏ်ငွေချမှတ်ပြီး ဆိုင်းငံ့ပြစ်ဒဏ်ပေးသည့် ဆိုင်းငံ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယင်းဖြစ်ဒဏ်မှာ နိုင်ငံတကာပွဲကို မြန်မာလက်ရွေးစင်အသင်း ကစားရန်ရှိသည့် အိမ်တွင်းပွဲကို ပွဲကြည့်ပရိသတ်မပါဘဲ ကစားစေရမည်ဖြစ်သည်။ အံ့သြဖွယ်ကောင်းလေစွ။
ထိုနေ့က မြန်မာ့ ပရိသတ်များ ကွင်းအတွင်းသို့ ဝင်ရောက်မှုကြောင့် မည်သူကို ထိခိုက်နစ်နာစေပါသနည်း။ မြန်မာနှင့် ယူအေအီး အသင်းတို့ ကစားသည့်ပွဲအပြီးတွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည့် ထိုင်းနှင့် ဥဇဘက်ကစ္စတန် ကစားသည့် ပွဲကို ထိခိုက်စေပါသလား။ ကွင်းအတွင်း လူများရှိနေခြင်းကြောင့် တိုင်းနှင့် ဥဇဘက်ကစ္စတန် ကစားသည့် ပွဲချိန် နှောင့်နှေးခဲ့ပါသလား။ ရွေ့ဆိုင်းခဲ့ရပါသလား ဆိုသည်ကို AFC စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် လူကြီးမင်းများ သိသင့်ကြပါသည်။ ပြိုင်ပွဲတာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်အရ ပြန်လည် ထွက်ခွာပေးသွားကြသည်ကို အားလုံးအသိပင်ဖြစ်သည်။ ထိုင်းနှင့် ဥဇဘက်ကစ္စတန်ပွဲစဉ်အား အချိန်မီ သတ်မှတ်ထားသည့် အချိန်အတိုင်း ကစားနိုင်ခဲ့သည့်ကို အားလုံးအသိပင်ဖြစ်သည်။
ယီမင်အသင်းနှင့် ကစားစဉ်က လည်းကောင်း၊ အီရန်အသင်းနှင့် ကစားစဉ်ကလည်းကောင်း အနည်းငယ်မျှသော ဘောလုံးပွဲကြည့် ပရိသတ်လူရမ်းကားတို့မှ ဆူပူသောင်းကျန်းခဲ့ခြင်းအပေါ် AFC စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အပေါ် သတိပေးရုံသာ ပေးခဲ့ပြီး တသက်တွင်တခါဆိုသလိုရရှိခဲ့သည့် အောင်မြင်မှုကြောင့် အရေးယူအပြစ်ပေးသည့် AFC စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိပါ။ ဖီဖာနှင့် AFC တို့က တရားဝင် ထုတ်ပြန်ထားသည့် ဥပဒေအချက်အလက်များတွင် ဘောလုံးပွဲ ပြီးဆုံးချိန်ကျမှ ကွင်းအတွင်းသို့ ဝင်ရောက်၍ အောင်ပွဲခံကြသည့် မြန်မာပရိသတ်များကြောင့် မြန်မာဘောလုံး အဖွဲ့ချုပ်အပေါ် ပြစ်ဒဏ်များချမှတ်ခြင်းသည် မြန်မာဘောလုံး အဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကို ထိပါးစေသည်ဟု ထင်မြင်ပါသည်။
အမြန်ဆုံး
ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များထဲတွင် အာရှဘောလုံးအဖွဲ့ချုပ်သည် အမြန်ဆုံး ဘောလုံးအဖွဲ့ချုပ်တခု ဖြစ်သည်ဟု စာရေးသူကတော့ စွပ်စွဲပါသည်။ အနီးကပ်ဆုံး ဖြစ်စဉ်တရပ်ကို စားရေးသူတင်ပြပါမည်။ မြန်မာ အသင်းနှင့် အီရန်အသင်းတို့ ကစားသည့်ပွဲပင်ဖြစ်သည့် မြန်မာ့အသင်းအတွက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရေး မရရေးအတွက် အဆုံးအဖြတ်ပေးသည့် ပွဲတပွဲဖြစ်သည်။ အီရန်အသင်းအနေဖြင့်လည်း ၃ ပွဲကစား ၃ ပွဲရှုံးသည်ဟူသော ရလဒ်ကို မလိုလားသောကြောင့် မြန်မာအသင်းနှင့် ကစားသည့်ပွဲ ကို အနိုင်ရရှိအောင် ကြိုးစားကစားသွားမည်မှာ ယုံမှားသံသယရှိစရာမလိုပါ။ အကယ်၍ မြန်မာအသင်းက အီရန် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့လျှင် ယီမင်အသင်းအတွက် အခွင့်သာစေမည်ဖြစ်သည်။ ယင်းသို့သော အခြေအနေရှိနေသောပွဲကို AFC ဒိုင်ကော်မတီက ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခိုင်းလိုက်သည် ကတော့ ဂျော်ဒန်ဒိုင်လူကြီးဖြစ်ပေသတည်း။ ဂျော်ဒန်နှင့် အီရန်မှာ အာရှအရှေ့အလယ်ပိုင်း (သို့မဟုတ်) ပင်လယ်ကွေ့ ဒေသမှ ခင်မင်ရင်းနှီးကြသည့် နိုင်ငံများဖြစ်ကြသည်။ ဤသည်ကို မသိကြ၍လား မသိ၊ အီရန်နှင့် မြန်မာ ကစား သည့်ပွဲကို ဒိုင်လူကြီးကို တာဝန်ချသည်။ (မကောင်းလေစွ) ဂျပန်၊ တရုတ်၊ တောင်/မြောက် ကိုရီးယား၊ ဥဇဘက်ကစ္စတန် စသည့်တို့မှ ဒိုင်လူကြီးများ မပါလေသရောလားဟု AFC ကို မေးခွန်းထုတ်ကြည့်ချင်ပါသည်။ AFC ၏ လုပ်ရပ်သည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကိုသာမက မြန်မာနိုင်ငံအပေါ်ကိုပင် ဂုဏ်သိက္ခာ ကျဆင်းစေသည့် လုပ်ရပ်ဖြစ်ကြောင်း စာရေးသူက ထင်မြင်မိသည်။ အာရှဘောလုံးအဖွဲ့၏ လုပ်ရပ်များ ကြောင့် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စသည့်တို့က အာရှဘောလုံးအဖွဲ့ချုပ်နှင့် ခပ်ကင်းကင်း နေလိုကြသည်။ ဘောလုံး အဖွဲ့ချုပ်သည် အားကစားအဖွဲ့ချုပ်ဖြစ်သည့်အားလျော်စွာ အားကစားစိတ်ဓာတ်ရှိကြပါဟု AFC မှ အရာရှိကြီး များကို ဆလံသရင်း တောင်းပန်လိုက်ရကြောင်းပါခင်ဗျာ။