အားကစား

မှတ်သစ်စိုက်ထူနိုင်ခဲ့သည့် မြန်မာ ယူ ၁၉ ဘောလုံးအသင်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပနေသော အာရှ ယူ-၁၉ တံခွန်စိုက် ဘောလုံးပြိုင်ပွဲမှာ မြန်မာနိုင်ငံတွင် အာရှအဆင့် ပထမဆုံး ကျင်းပသော ဘောလုံးပြိုင်ပွဲ ဖြစ်သည်။ အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ အာရှလူငယ် ဘောလုံးပြိုင်ပွဲမှ သန္ဓေတည် ပေါက်ဖွားလာခြင်း ဖြစ်သည်။

အာရှလူငယ် ဘောလုံးပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် မလေးရှား နိုင်ငံ၌ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ် တွန်ကူလ်အဗ္ဗဒူလာမန်က ရွှေဆုဖလား ချီးမြှင့်ခဲ့သည်။ ထိုရွှေဆုဖလား၏ တန်ဖိုးမှာ ထိုစဉ်က စတာလင်ပေါင် ၂၀၀၀ တန်သည် ဆို၏။

အာရှလူငယ် ဘောလုံးပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ နှစ်စဉ် ကျင်းပခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှစကာ ၂ နှစ်လျင် တကြိမ်ကျ နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ အာရှလူငယ် ဘောလုံးပွဲ ကျင်းပခဲ့စဉ် အတွင်း ပြိုင်ပွဲပုံစံကို အမျိုးမျိုး ပြောင်းလဲ ကျင်းပခဲ့သည်။

ယခု ကျင်းပနေသည့် ပြိုင်ပွဲအထိ အဆင့် ၂ ဆင့်ဖြင့် ကျင်းပခဲ့သည်။ ပထမအဆင့်မှာ ပြိုင်ပွဲဝင်သည့် နိုင်ငံများအားလုံး ခြေစစ်ပွဲ ကစားကြရသည်။ ဒုတိယအဆင့်မှာ ခြေစစ်ပွဲအောင် အသင်း ၁၅ သင်းနှင့် အိမ်ရှင်အသင်း၊ ပေါင်း ၁၆ သင်းတို့က နောက်ဆုံးဗိုလ်ပွဲ အထိ ကစားကြရသည်။

ယခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ယူ-၁၉ တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းနှင့်အတူ အိုမန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ယီမင်၊ ထိုင်း၊ ယူအေအီး၊ တရုတ်၊ ကာတာ၊ မြောက်ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ အီရန်၊ အုစဘက်ကစ္စတန်၊ တောင်ကိုရီးယားနှင့် အီရတ်နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်လျက် ရှိကြသည်။

၂၀၁၂ ယူ-၁၉ ပြိုင်ပွဲကို ယူအေအီး နိုင်ငံတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် တောင်ကိုရီးယား အသင်းက ပထမ ဗိုလ်စွဲခဲ့သည်။ တောင်ကိုရီးယား အသင်းမှာ အာရှလူငယ်နှင့် အာရှ ယူ-၁၉ ပြိုင်ပွဲများ သမိုင်းတလျှောက်တွင် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ၁၂ ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့သည်။

မြန်မာနိုင်ငံသည် အာရှလူငယ် ဘောလုံးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၂ ခုနှစ်ကတည်းက စတင်ကာ ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ မြန်မာဘောလုံး၏ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် အောင်မြင်မှုကို မြန်မာလူငယ်အသင်းက စတင်နိုင်ခဲ့သည်။ မြန်မာလူငယ် အသင်းသည် ၁၉၆၁ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ် အာရှလူငယ် ဘောလုံးပြိုင်ပွဲ တွင် အင်ဒိုနီးရှား အသင်းနှင့် ပူးတွဲချန်ပီယံ ဖြစ်ခဲ့သည်။

ဗိုလ်လုပွဲတွင် နှစ်ဖက် ဂိုးမရှိ သရေဖြင့် ပူးတွဲချန်ပီယံ ရခဲ့ခြင်း ဖြစ်သည်။ တတိယဆုကို ထိုင်းအသင်းက တောင်ကိုရီးယား အသင်းကို ၂း၀ နှင့် အနိုင်ယူ ရရှိခဲ့သည်။ ၁၉၆၁ အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာလူငယ် ဘောလုံးအသင်း ပူးတွဲချန်ပီယံ ဖြစ်ခဲ့ပြီး ရွှေတံဆိပ် ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာဘောလုံး လောကအတွက် ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲတွင် ရွှေတံဆိပ်ရ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

၁၉၆၃ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပသည့် အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် လူငယ်ဘောလုံး အသင်းသည် ဗိုလ်လုပွဲ၌ တောင်ကိုရီးယား အသင်းနှင့် ၂ ဂိုးစီ သရေကျပြီး ပူးတွဲချန်ပီယံ ဖြစ်ခဲ့သည်။ ထိုင်းက ဟောင်ကောင်ကို ၁း၀ ဖြင့် အနိုင်ရပြီး တတိယနေရာ ရခဲ့သည်။

၁၉၆၄ အာရှလူငယ် ဘောလုံးပြိုင်ပွဲကို တောင်ဗီယက်နမ် နိုင်ငံ၌ ကျင်းပခဲ့သည်။ မြန်မာလက်ရွေးစင် လူငယ် ဘောလုံးအသင်းသည် အစ္စရေးအသင်းနှင့် ဂိုးမရှိ သရေကျပြီး ပူးတွဲချန်ပီယံ ဖြစ်ခဲ့ရသည်။ တောင်ဗီယက်နမ် အသင်းက အင်ဒိုနီးရှားအသင်းကို ၂း၀ ဖြင့် နိုင်ရပြီး တတိယဆု ရရှိခဲ့သည်။

ဂျပန်နိုင်ငံတွင် ကျင်းပသည့် ၁၉၆၅ လူငယ်ဘောလုံး ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်း ဗိုလ်လုပွဲ တက်ခဲ့သော် လည်း အစ္စရေးအသင်းကို ၅း၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုနှင့် ကျေနပ်ခဲ့ရသည်။ တတိယဆုကို မလေးရှား အသင်းက ဟောင်ကောင် အသင်းကို ၄း၀ ဖြင့် အနိုင်ယူ ရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၆၆ ခုနှစ်က ကျင်းပခဲ့သော အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် အစ္စရေးတို့ ဗိုလ်လုပွဲ တက်ခဲ့ကြသည်။ ဤတကြိမ်တွင်လည်း ၁း၁ ဖြင့် သရေကျကာ ပူးတွဲဗိုလ်စွဲခဲ့ပြန်သည်။ တတိယဆုကို တရုတ်နှင့် ထိုင်းအသင်းတို့ ပူးတွဲရရှိခဲ့သည်။

၁၉၆၇ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသည့် ပြိုင်ပွဲတွင်မူ မြန်မာအသင်းသည် အကြိုဗိုလ်လုပွဲအဆင့်သာ ရရှိခဲ့ပြီး တတိယ နေရာလုပွဲတွင် စင်္ကာပူအသင်းကို ၄း၀ ဖြင့်နိုင်ကာ တတိယဆု ရရှိခဲ့သည်။

၁၉၆၉ ထိုင်းနိုင်ငံ ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲ၌ မြန်မာနှင့် ထိုင်းအသင်းတို့ ၂ ဂိုးစီ သရေကျပြီး ပူးတွဲချန်ပီယံ ဖြစ်ခဲ့ရပြန်သည်။ တတိယဆုကိုမူ အီရန်က အစ္စရေးကို ၂း၁ ဖြင့်နိုင်ကာ တတိယနေရာ ရခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ကျင်းပသည့် အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံက အင်ဒိုနီးရှား အသင်းကို ၃း၀ ဖြင့် အနိုင်ယူကာ လွတ်လွတ်ကျွတ်ကျွတ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။ တတိယဆုကို တောင်ကိုရီးယားက ဂျပန် အသင်းကို ၅း၀ ဖြင့်နိုင်ကာ ရရှိခဲ့သည်။

၁၉၇၁ ခုနှစ် နောက်ပိုင်းတွင်မူ မြန်မာလူငယ် ဘောလုံးအသင်း၏ အောင်မြင်မှုများ တစခန်း ရပ်ခဲ့လေတော့သည်။ ယခုအကြိမ် မြန်မာနိုင်ငံတွင် ကျင်းပသည့် ပြိုင်ပွဲရောက်မှသာ အိမ်ရှင်အသင်း အနေနှင့် နောက်ဆုံးဗိုလ်လုပွဲ အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် ၂၀၁၄ ယူ-၁၉ တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင် အသင်း ၁၆ သင်း ယှဉ်ပြိုင်လျက် ရှိရာ အုပ်စုလေးခု ခွဲ၍ ရန်ကုန်သုဝဏ္ဏကွင်းနှင့် နေပြည်တော် ဝဏ္ဏသိဒိ္ဓကွင်း တို့တွင် ကျင်းပလျက် ရှိသည်။

အုပ်စု(က)တွင် မြန်မာ၊ အီရန်၊ ထိုင်း၊ ယီမင်တို့ပါဝင်သည်။ အုပ်စု (ခ)တွင် အူဇဘက်ကစ္စတန်၊ သြစတြေလျ၊ UAE ၊ အင်ဒိုနီးရှား တို့ပါဝင်ပြီး အုပ်စု (ဂ) တွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ အုပ်စု (ဃ) တွင် အီရတ်၊ တောင်ကိုရီးယား၊ ကာတာနှင့် အိုမန်နိုင်ငံတို့ ပါဝင်ကစားခဲ့သည်။

မြန်မာ ယူ ၁၉ အသင်းသည် အောက်တိုဘာလ ၉ ရက်နေ့က ယီမင်အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည်။ မြန်မာ အသင်း ကစားခဲ့သည့်ပွဲများ အနက် အညံ့ဆုံးပွဲဟု သုံးသပ်ရသည်။ မရှုံးသည် ကပင် တော်ပေသေး၏ ဟု ဆိုရမည်။ ဘရူနိုင်းဘုရင်ဖိတ်ခေါ်ပြိုင်ပွဲနှင့် အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပ် ဘောလုံးပွဲများတွင် ယှဉ်ပြိုင် ကစားခဲ့ရာတွင် မြန်မာ ဘောလုံး အသင်းပြသခဲ့သော ခြေစွမ်းမျိုး ပျောက်ကွယ်နေသည် ကိုလည်း တွေ့ရသည်။

အောက်တိုဘာ ၁၁ ရက်နေ့ ယှဉ်ပြိုင်ရမည့် ပွဲမှာ ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်၍ မြန်မာအသင်းကို အားပေးသည့် ပရိတ်သတ်များ အားလုံး စိုးရိမ်ပူပန်မှု ကြီးစွာ ဖြစ်ခဲ့ရသည်။

ထိုင်းအသင်းကို အရှုံးသို့မဟုတ် သရေကျလျှင်ပင် အုပ်စုမှ ကျွတ်၍ နောက်တဆင့် တက်ရေးမှာ ခက်ခဲသွားမည်ကို မြန်မာ ပရိသတ်အားလုံးက သိရှိနေကြသည်။

သို့ရာတွင် မြန်မာ ယူ ၁၉  အသင်းမှာ “မျက်လှည့်ပြလိုက်သည့် အလား” ပြိုင်ဘက်ဟောင်း ထိုင်းအသင်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိလိုက်သည်။  မြန်မာအသင်းက နှစ်ပွဲကစားရာတွင် တပွဲသရေ၊ တပွဲအနိုင်ဖြင့် ၄ မှတ် ရလိုက်ခြင်းက ကွာတားဖိုင်နယ် တက်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး ကစားရမည့် အသင်းမှာ အီရန်အသင်းဖြစ်ရာ အီရန်အသင်းသည် ထိုင်းအသင်းကို ၂-၁ ဂိုး၊ ယီမင်အသင်းကို ၁း၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး နောက်တဆင့်တက်ခွင့် မရတော့သည့် အသင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာအသင်းက အလွယ်တကူ အနိုင်ရလိမ့်မည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြ သော်လည်း မြန်မာ ယူ ၁၉ အသင်းကို ယုံမှားသံသယ ဖြစ်လောက်အောင်ပင် အီရန် အသင်းကို ၂ ဂိုးပြတ်ဖြင့် ရှုံးခဲ့ပြန်သည်။

တဖက်တွင် ကစားသည့် ထိုင်းအသင်းနှင့် ယီမင်အသင်းတို့တွင် ယီမင်အသင်းကို ထိုင်းအသင်းက ၃-၂ ဂိုးဖြင့် အနိုင် ရရှိသွားပြီး အုပ်စု ပထမနေရာ ရသွားသည်။ ယီမင်နှင့် မြန်မာတို့က ၄ မှတ်စီဖြင့်၊ အုပ်စု ဒုတိယနေရာ အတွက် ယှဉ်ပြိုင်ကြရာတွင် မြန်မာအသင်းက အီရန်အသင်းကို ၂ ဂိုးပြတ်ရှုံးလျှင် အုပ်စုတက်ရမည် ဖြစ်သည်။ ၃ ဂိုးပြတ် ရှုံးလျှင် ပေးဂိုး၊ သွင်းဂိုးခြားနားချက်ဂိုးတူညီသွားသောကြောင့် မဲနှိုက်ဆုံးဖြတ်ရမည်ဖြစ်ပြီး ၄ ဂိုးပြတ်ရှုံး လျှင်မူ မြန်မာ အသင်း အုပ်စုအဆင့်မှာပင် ထွက်ရမည် ဖြစ်သည်။

အီရန်နှင့် ကစားသည့် ပွဲခြေစွမ်းအရ မြန်မာ ယူ ၁၉ သည် ဂိုးပြတ်ရှုံးနိမ့်သော်လည်း၊ ကံကောင်း ထောက်မစွာဖြင့် ၂ ဂိုးတည်းသာ ရှုံးခဲ့ပြီး အုပ်စုတက်လိုက်ရခြင်း ဖြစ်သည်။ မြန်မာနှင့် ထိုင်းအသင်းတို့သည် အုပ်စု (ဃ) မှ ပထမနှင့် ဒုတိယရသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲတွင် အာရှတိုက်ကို ကိုယ်စားပြုသည့် အသင်း ၄ သင်းအနက် တသင်းအဖြစ် မြန်မာ ယူ ၁၉  အသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်သည်။

မြန်မာ ယူ ၁၉ ဘောလုံး လူငယ်များသည် “လူမိုက်ကံကောင်း” ဟုဆိုရမလိုဖြစ်နေသည်။ အီရန်အသင်းကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရပြီးနောက် အုပ်စု ဒုတိယသာ ရရှိခဲ့သည်။

အုပ်စု (ခ) အသင်းမှ ပထမရမည့် အသင်းနှင့် ကွာတားဖိုင်နယ်ပွဲ ကစားရတော့မည် ဖြစ်သည်။ အုပ်စု (ခ) တွင် ဥရောပနွယ်ဖွား အာရှတိုက်သား ဖြစ်နေကြသည့် ဥဇဘက်ကစ္စတန်အသင်း၊ ပျော်ရာတွင် မနေဘဲ တော်ရာတွင် နေမည်ဆိုကာ သမုဒ္ဒရာပိုင်းဒေသကို စွန့်ခွာပြီး အာရှတိုက်အတွင်းသို့ ဝင်လာသည့် သြစတြေးလျ အသင်းနှင့် အရှေ့အလယ်ပိုင်း UAE အသင်းတို့က အုပ်စု (ပ) နှင့် (ဒု) နေရာအတွက် လုခဲ့ကြရသည်။ သုံးသင်း စလုံး ၅ မှတ်စီဖြင် အမှတ်တူနေရာ၊ ဂိုးကွာဟချက်ဖြင့်  UAE အသင်းက ပထမရသည်။

ယင်း အသင်းနှင့် မြန်မာ ယူ ၁၉ အသင်းတို့ ကွာတားဖိုင်နယ်ပွဲတွင် တွေ့ကြရတော့ပေမည်။ UAE အသင်းကို မြန်မာ ယူ ၁၉ အသင်း ထိုင်းနှင့် ကစားခဲ့စဉ်က ခြေစွမ်းမျိုးဖြင့်သာယှဉ်ပြိုင်ခဲ့လျှင် အနိုင်ရနိုင်မည်။ ထိုသို့ အနိုင်ရခဲ့လျှင် ၁၉၈၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့အဆင့်သို့ ပထမဆုံး တက်လှမ်းနိုင်သည့် “မြန်မာဘောလုံး” မှတ်တိုင်သစ်ကို စိုက်ထူနိုင်မည် ဖြစ်သည်။

အားလုံး မျှော်လင့်သည့် အတိုင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ဝင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ ၁၉ အသင်းက UAE အသင်းကို ၁း၀ ဖြင့်အနိုင်ရရှိပြီး နယူးဇီလန်တွင် ကျင်းပမည့် ကမ ္ဘာ့ ဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။ မြန်မာနှင့် အတူ ဥဇဘက်ကစ္စတန်၊ ကာတာနှင့် မြောက်ကိုရီးယားတို့ ဝင်ရောက်ယှဉ်ရမည် ဖြစ်သည်။ ရွှေရောင်လွှမ်းခဲ့သော မြန်မာတို့၏ အားကစား ပြန်လည်နိုးထလာပြီ ဟု မျှော်လင့်လျက် လူငယ် အားကစား သမားတို့အား ဂုဏ်ပြုလိုက်ပါသည်။     ။

Loading