မြန်မာ ယူ ၁၉ ဘောလုံးအသင်း၏ အောင်မြင်မှု (ကမ္ဘာ့ ယူ၂၀ ဘောလုံး ပြိုင်ပွဲ ဝင်ခွင့်ရခြင်း) သည် ကောင်းမွန်သည့် ဘက်သို့ ဦးတည်သော မြန်မာ့ဘောလုံး၏ အောင်မြင်မှု အချိုးအကွေ့တခု ဖြစ်သလို၊ မြန်မာ့အားကစား လောက အတွက်လည်း ထွန်းသစ် လမ်းပြကြယ်ကြီး တလုံးပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာ အားကစား လောကသည် ၁၉၄၈ လွတ်လပ်ရေးရသည်မှ စကာ၊ ၁၉၇၉ ခုနှစ်အထိ အောင်မြင်မှုများ ဆက် တိုက် ရရှိခဲ့သည်။ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ၂ ကြိမ် (၁၉၆၁ နှင့် ၁၉၆၉) တို့တွင် နိုင်ငံအလိုက် ပထမ အဆင့် တွင် ရပ် တည်နိုင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပခဲ့ရာ နိုင်ငံအလိုက် တတိယရရှိခဲ့သည်။
စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံတို့၏ အထက်တွင် မြန်မာ့အားကစားအဖွဲ့က ရပ်တည်နိုင်ခဲ့သည်။ ယင်းနှစ်မှ စကာ အားကစားနည်း တမျိုးမဟုတ် တမျိုးတို့တွင် အောင်မြင်မှုများ တစတစ ပျောက်ကွယ်ခဲ့ရသည်။ သိသာထင်ရှားစွာ အရည်အချင်း ကျဆင်းသွားသော အားကစားနည်းမှာ ဘောလုံး အားကစားနည်းပင် ဖြစ်သည်။ ယင်းကာလရှည် အတွင်း မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် တကြိမ်တခါမှ ရွှေတံဆိပ်ရရှိခြင်း မရှိခဲ့တော့ပါ။ သက်တမ်းလိုက် ပြိုင်ပွဲတခုတလေနှင့် ဖိတ်ခေါ်ပြိုင်ပွဲတပွဲတလေတို့တွင်သာ ရွှေတံဆိပ်ဆု ရခဲ့ ဖူးတော့သည်။
နှစ်ရှည်ကာလ ကြာညောင်းသော ထိုအချိန်များ အတွင်း၊ ဘောလုံး အားကစားနည်းနှင့် အတူပင်၊ အခြားသော အားကစား နည်းများသည်လည်း ယခင်က ရရှိခဲ့ဖူးသော အောင်မြင်မှုများကို ပြန်လည်ရရှိအောင် အမျိုးမျိုး အဖုံဖုံ အားကစား တာဝန်ရှိသူများက ကိုယ့်နည်းကိုယ်ဟန် အသီးသီးဖြင့် ဆောင်ရွက်ခဲ့ကြသည်။
သို့သော် ရည်မှန်းထားသော အောင်မြင်မှုသို့ မရောက်ရှိခဲ့ကြပါ။ အခြားသော နိုင်ငံများနှင့် အားကစားကဏ္ဍ လုပ်ဆောင်မှုတွင် ကွားခြားချက်ကြီးမှာ မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုများသည် အပျော်တမ်းအဆင့် သာသာမျှသာ ဆောင်ရွက်နေကြခြင်းပင် ဖြစ်သည်။
အားကစားလောကနှင့် ပတ်သက်သူအားလုံးသည် မိမိတတ်ကျွမ်းသည့် ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းမှု ပြုခြင်း (Professional) မလုပ်နိုင်ဘဲ လစ်လျူရှု ခံထားခဲ့ကြရသည်။ ကမ္ဘာ့အားကစား လောကတွင်မူ ယင်းကာလများ ကပင် ကြီးမားသော ပြောင်းလဲချက်ကြီးများ ပြုလုပ်ခဲ့သည်။ အားကစားကို အပျော်တမ်းအဆင့်မှ (professional) အဆင့်သို့ သိသာစွာ ကူးပြောင်းလိုက်ခြင်းပင် ဖြစ်သည်။
ယခင်က အပျော်တမ်း အားကစားသမားများ အသင်းများသာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုသည့် ကမ္ဘာ့အိုလံပစ် အားကစား ပွဲတော်ကြီးတွင်လည်း၊ (professional) အားကစားသမားများ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသည်။ အထူးသဖြင့် ဘောလုံး အားကစားနည်းတွင် ထိုအပြောင်းအလဲကို သိသာထင်ရှားစွာ မြင်ရသည်။
ထိုကမ္ဘာ့ အားကစား ရေစီးကြောင်းထဲသို့ မြန်မာနိုင်ငံမှ စတင်ဝင်ရောက်ခဲ့သည်မှာ အချိန်ကာလ မည်သို့မျှ မကြာမြင့်သေး ပါ။ လွန်ခဲ့သော ၂၀၀၅ ခုနှစ်ခန့်ကမှ စတင်ခဲ့ကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အားကစား ပြုပြင်ပြောင်းလဲမှုသည် ဆယ်နှစ်သက်တမ်း မျှပင် မကြာမြင့်သေးသည်ကို တွေ့ရသည်။ မြန်မာအားကစား လောက၏ အပျော်တမ်းစံနစ်ကို ပြုပြင်ရေး အတွက် မြန်မာအားကစားအဖွဲ့ချုပ် အသီးသီး၏ ခေါင်းဆောင်မှု တာဝန်ယူနေသော အစိုးရ ဝန်ထမ်းကြီးများ နေရာတွင် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် အစားထိုးခဲ့သည်။
ထိုသို့ အစားထိုးခဲ့ ပါသော်လည်း အားကစားနည်း အချို့တွင် အောင်မြင်မှု မရှိသေးချေ။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ အားကစား အမှောင်တိုက်အတွင်း အားကစား မျိုးဆက်သစ်များနှင့်အတူ အားကစားကွင်း၊ အားကစားရုံ၊ ကစားသမားများ တစတစ ပျောက်ကွယ်ကုန်ကြခြင်း ကြောင့်ပင် ဖြစ်သည်။
ထိုသို့သော အားနည်းချက်ချို့ယွင်းချက်များကို ပြင်ဆင်နိုင်ရန် လက်ရှိ ပြည်ထောင်စု အားကစား ဝန်ကြီးဌာနနှင့် အတူ အားကစားအဖွဲ့ချုပ် အသီးသီးက၊ အားဖြည့် ဆောင်ရွက်နေကြသည် ကိုလည်း တွေ့နေရပါသည်။ အားကစား ဝန်ကြီးဌာန အနေဖြင့် ပျောက်ကွယ်နေသော အားကစားကွင်း၊ အားကစားရုံများ ပြန်လည်ပေါ်ပေါက်ရေးကို အထူး အလေးပေး ဆောင်ရွက်နေကြသည်။ ထိုနည်းတူစွာ တိမ်မြှုပ်စ ပြုနေသော အားကစားနည်းများကိုလည်း စံနစ်သစ်ဖြင့် ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။
ယင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို စံနစ်တကျ ပြန်လည်ကျင်းပပေးနေခြင်းပင် ဖြစ်သည်။ ယခင်ကကဲ့သို့ ရန်ကုန်မြို့တွင်သာ တိုင်း/ပြည်နယ် အားကစား ပြိုင်ပွဲများ ကျင်းပခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် တသီးတခြား အားကစားပြိုင်ပွဲများ ကျင်းပပေးနေခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့တွင် တသီးတခြား အားကစားပြိုင်ပွဲများ ကျင်းပပေးနေခြင်း ဖြစ်သည်။
သို့ရာတွင် အားကစားနည်းတချို့ ကျင်းပမှုနှင့် ပတ်သက်၍ သော်လည်းကောင်း တိုင်း/ပြည်နယ် လက်ရွေးစင် အားကစား သမားများကို ရွေးချယ်ရာတွင် လည်းကောင်း ဆွေးနွေးထောက်ပြစရာများ ရှိနေပါသည်။
ဦးစွာ ဆွေးနွေးလိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ပါဝင်သော အားကစားနည်းများ အကြောင်းပင် ဖြစ်သည်။ ပထမဆုံး ကျင်းပသည့် ပြိုင်ပွဲများဖြစ်၍လား မသိ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအထိ အားကစားသမားများကို စနစ်တကျ အဆင့်ဆင့် ပြိုင်ပွဲများ ကျင်းပပြီး ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ လုပ်နေကျ “ခေါက်ရိုးကျိုးပုံစံ” အတိုင်း နီးစပ်ရာ ဆွဲခေါ်၍ ပြိုင်ပွဲဝင်ခိုင်း ကြသည့်ပုံစံကို မြင်တွေ့ရပါသည်။ ထိုသို့ ပြုမူလုပ်ဆောင်ခြင်း မျိုးကို ပြည်ထောင်စု အားကစားဝန်ကြီးဌာန အနေဖြင့် လုံး၀ လက်မခံသင့် ပါ။
တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများ ကျင်းပခဲ့စဉ်က ရည်ရွယ်ချက်မှာ တနိုင်ငံလုံးရှိ၊ နယ်မြေဒေသ အသီးသီးမှ “မီးခဲပြာဖုံး” ထူးချွန်သည့် ရွက်ပုန်းသီး အားကစားသမားကို ဖော်ထုတ်နိုင်ရေး အတွက် ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။
ယင်း အားကစား စီမံချက်ကြောင့်ပင် မြန်မာပြည် တနံတလျားမှ အားကစားသမားကောင်း များစွာ ပေါ်ထွက်လာသာ အားလုံး အသိပင် ဖြစ်သည်။ ယခု ကျင်းပနေသော တိုင်းဒေသကြီး/ပြည်နယ်ပွဲများမှာ အချိန်ယူကာလ တိုတောင်း သည့်အပြင် စမ်းသပ်ကာလသာ ဖြစ်သည်ဟု ခွင့်လွှတ်နားလည်ရမည် ဖြစ်သော်လည်း ရှေ့အဖို့တွင်မူ “နီးရာလူ” ဆွဲခေါ်သည့် ခေါက်ရိုးကျိုးနေသော လုပ်နည်းလုပ်ဟန်ကို အားလုံးက ရှောင်ကြဉ်ကြဖို့ အထူးလိုအပ်လှပါသည်။
မြှင့်တင်သင့်သည့် အားကစားနည်းများ
ယခု ကျင်းပဆဲနှင့် ကျင်းပခဲ့ပြီးသော တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ အကြောင်း ဆွေးနွေးလိုခြင်း မဟုတ်ပါ။ အားကစား ရည်မှန်းချက်ကိုသာ ဦးစွာ ဆွေးနွေးလိုပါသည်။
ကမ္ဘာပေါ်တွင် တိုက်ကြီးများအလိုက် အားကစားပြိုင်ပွဲများ ရှိပါသည်။ ထို့အတူ မိမိတို့ အာရှတိုက်တွင်လည်း ရှိပါသည်။ အာရှတိုက်၏ အောက်ခြေ အဆင့်ပြိုင်ပွဲမှာ ဒေသငယ်များ ဆိုင်ရာ (Regional) အားကစား ပြိုင်ပွဲများ ဖြစ်သည်။ ပမာအားဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အစပြုချိန်က စတင်ခဲ့သည့် ရည်မှန်းချက်မှာ ဒေသတွင်း ထူးချွန်ထင်ရှားသည့် အားကစားသမား မောင်မယ်များ ပေါ်ထွက်ကာ ထိုထက် တဆင့်မြင့်သည့် အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရေးဖြစ်သည်။
အာရှ အားကစားပွဲမှ ထွက်ပေါ်လာကြသည့် ထူးချွန် အားကစားသမားများက တဆင့်ထပ်မြင့်သည့် ကမ္ဘာ့အိုလံပစ် ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖြစ်သည်။
ဤသို့ တဆင့်ပြီးတဆင့် တက်လှမ်းကြရာတွင် အိုလံပစ်အားကစားနည်း (အိုလံပစ် အားကစားနည်းဆိုသည်မှာ ကမ္ဘာ့အိုလံပစ်တွင် ထည့်သွင်းကျင်းပသည့် အားကစားနည်းများကို ဆိုလိုသည်) များဖြင့်သာ ဝင်ရောက်နိုင်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့အိုလံပစ်တွင် ဘောလုံး၊ ကမ္ဘာ့အလေးမတို့ အထိ တက်လှမ်း၍ ဆုတံဆိပ်များ ရရှိခဲ့သည့် သာဓက ရှိခဲ့သည်။ ထိုအားကစားနည်း ၂ မျိုးလုံးမှာ အိုလံပစ် အားကစားနည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပိုက်ကျော်ခြင်း အားကစားနည်းသည် အာရှအားကစား ပြိုင်ပွဲတွင် အောင်မြင်၍ ရွှေတံဆိပ်ရခဲ့ သော်လည်း ယင်းအောင်မြင်မှုမှာ အာရှအဆင့်မှာပင် ရပ်တန့်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာ့ အိုလံပစ်တွင် ပိုက်ကျော်ခြင်း အားကစားနည်း မပါချေ။ ကမ္ဘာလုံးဆိုင်ရာ ပိုက်ကျော်ခြင်း ပြိုင်ပွဲမျိုးလည်း မရှိသေးချေ။
မြန်မာနိုင်ငံက အာရှအဆင့် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ရေကူး၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ရွက်လှေ၊ ဝူရှူး အစရှိ သည့် အားကစားနည်းများမှာ နိုင်ငံတကာ အားကစားနည်း၊ (ဝါ) အိုလံပစ် အားကစားနည်းများ ဖြစ်ကြသည်။ ထိုကြောင့် မြန်မာနိုင်ငံ၏ အားကစား အဆင့်အတန်း တိုးတက်အောင်မြင်ရေးကို ဆောင်ရွက် ကြရာတွင် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ လူမျိုးတို့၏ စိတ်ဓာတ်နှင့် ကိုက်ညီမှု ရှိနိုင်သည့် အားကစားနည်း မျိုးများကိုသာ ဦးစားပေး မြှင့်တင်သင့်သည် ဟု အကြံပြုလိုသည်။
ရှေးယခင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး လက်ထက်ကမူ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများ တွင်လည်း ဝင်ဆံ့ပြီး မြန်မာတပြည်လုံး လေ့လာလိုက်စားကြသည့် ဘောလုံး၊ ဘောလီဘော၊ အလေးမ၊ လက်ဝှေ့၊ ပြေးခုန်ပစ် စသည့် ပြေးခုန်ပစ် အားကစားနည်း ၅ မျိုးကို ဦးစားပေး အဆင့်သတ်မှတ်ကာ အားကစားနည်း အလိုက် ဇုံနယ် အားကစားမှူး များကို ခန့်အပ်တာဝန်ပေးပြီး တပြည်လုံးလှည့်ကာ ရက်တိုသင်တန်းငယ်များ ပေးကာ စည်းရုံးလှုပ်ရှား ခဲ့ဖူးသည်။
မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုနယ်ပယ်သည် ယခုဆောင်ရွက်နေသည့် ပြိုင်ပွဲများကိုလေ့လာခြင်း အားဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွင်းမှာပင် နှစ်သိမ့်နေလိုသည့် သဘောမျိုး ဖြစ်နေသည်။ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့်နိုင်ငံတိုင်းက ယင်းတို့ ရွှေတံဆိပ်ဆု များများ ရရှိရေးကို အလေးပေးကာ အိုလံပစ် အားကစားနည်း ဆိုလျှင်လည်း အရှေ့တောင်အာရှနှင့် မည်သို့မျှ မနီးစပ်သော အားကစား ပြိုင်ပွဲများကိုသာ ထည့်သွင်း ကျင်းပလျက် ရှိသည်။
ဥပမာအားဖြင့် အနောက်တိုင်း မြင်းစီး ပြိုင်ပွဲ၊ အနောက်တိုင်း ဓားခုတ်ပြိုင်ပွဲ၊ အနောက်တိုင်း နပန်း ပြိုင်ပွဲ၊ Softball, baseball, အစရှိသည့် အားကစားနည်းများ ဖြစ်သည်။
ဒေသဆိုင်ရာ ရိုးရာနည်းများဟု ဆိုကာ ကိုယ်ပိုင် အားကစားနည်းများကို ထည့်သွင်းကျင်းပလေ့ ရှိသည်။ ဤသို့ လုပ်နေကြခြင်းမှာ ငါးပွက်ရာ ငါးစာချနေကြခြင်းမျိုး ဖြစ်သည်။ မည်သည့် အားကစားနည်းက “ကမ္ဘာ့အဆင့်” အထိ တက်လှမ်းနိုင်မည်၊ မည်သည့် အားကစားနည်းများက အရှေ့တောင်အာရှအဆင့်တွင်သာ ရှိသည် စသည်တို့ကို ခွဲခွဲခြားခြား သိသင့်သည်၊ ရည်ရွယ်ချက်ထား ပြင်ဆင်သင့်သည်၊ ဟု ဆိုချင်သည်။
ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သီးခြားစီ ကျင်းပကြသည့် အားကစားနည်း အချို့မှာ အားကစား ပြိုင်ပွဲဝင် အားကစားနည်းများ မဟုတ်သည်ကိုလည်း တွေ့ရှိနေရသည်။ ဥပမာအားဖြင့် လွန်ဆွဲ၊ အေရိုးဗစ် (Arobic) စသည်တို့မှာ အားကစား ပြိုင်ပွဲဝင် အားကစားနည်းများ လုံးဝမဟုတ်ချေ။ တန်းဝင်အားကစားပြိုင်ပွဲ များတွင် လုံး၀ ထည့်သွင်း ကျင်းပခြင်း မရှိသည်ကို သတိမူသင့်သည်။
ထိုနည်းတူစွာ ပန်ကျပ်စီလတ်၊ ပီတန်းစသည့် အားကစားနည်းတို့မှာ မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် လေ့လာလိုက်စားမှု ရှိမရှိ စူးစမ်း လေ့လာသင့်ကြ ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ အားကစား ပြိုင်ပွဲများမှာ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသည်ဖြစ်ရာ နယ်ပယ်အသီးသီးတွင် အားကစား သမားများ လိုက်စားကြသည့် အားကစားနည်းများသာ ဖြစ်သင့်ပါသည်။
အားကစားဝန်ကြီးဌာန၏ လက်ရှိ အားကစား တိုးတက်မှု ဆောင်ရွက်နေခြင်း အပေါ် အပြုသဘောကျေနပ်လက်ခံဖွယ် ဖြစ်ပါသည်။ သို့ရာတွင် ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် မြန်မာ့အားကစား အဆင့့်အတန်း နိုင်ငံတကာ အားကစား အဆင့်သို့ ဝင်ရောက်နိုင်ရေး အတွက် ကောင်းစွာ အထောက်အကူ ဖြစ် မဖြစ်ကို အဓိကထား စဉ်းစားသင့် သည်ဟု အကြံပြုလိုပါသည်။
အားကစားဝန်ကြီးဌာန အနေဖြင့် ပထမဆုံး စတင်မည့် အားကစားပွဲများ ဖြစ်ရာ ရှေ့လာမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို ယခုထက် ပိုမိုကျစ်လစ်ပြီး မြန်မာ့အားကစားလောက တိုးတက်ရေး အတွက် အာမခံချက် ရှိမည့် အားကစားနည်းများ ကိုသာ ရွေးချယ်ကျင်းပသင့်ကြောင်း အကြံပြုလိုက်ရပါသည်။ ။