အားကစား

မြန်မာ့အားကစား ပြုပြင်ပြောင်းလဲသင့်ပြီ (၁)

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ရှေးယခင် မြန်မာမင်းများ လက်ထက် ကတည်းကပင် နိုင်ငံတကာ အားကစားနည်း တချို့ ရှိခဲ့ဖူးသည်။ ပမာအားဖြင့် လောင်းလှေ (နဂါးလှေမဟုတ်ပါ) ပြိုင်ပွဲများ အမြင့် ၁၈ တောင်၌ ရှိသော စက် ဝိုင်းကို မြင်းဒုန်းစိုင်းစီး၍ လှံဖြင့် ပစ်စွဲသည့် ကစားနည်းများ၊ မြင်းစီးစွမ်းရည် ပြိုင်ပွဲများ၊ နပန်းသတ်ပြိုင်ပွဲများ၊ လက်ဝှေ့ပြိုင်ပွဲများ (ရိုးရာ) စသည် ဖြင့် ဖြစ်သည်။

နိုင်ငံတကာ အားကစားနည်း တချို့မူ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသည့် နောက်မှ စတင် ရောက် ရှိခဲ့သည် ဟု မှတ်တမ်းများက ဆိုသည်။ ဦးစွာပထမ ရောက်ရှိခဲ့သည့် အားကစားနည်း နှစ်မျိုးမှာ ဘောလုံးနှင့် ဂေါက်သီးတို့ ဖြစ်သည်။ ယင်း အားကစားနည်း နှစ်မျိုး စလုံးကို ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်သည့် နယ် ချဲ့သမားတို့ အသိုင်း အဝိုင်း များသာ စတင်ယှဉ်ပြိုင်ကစား ကြသည်ဟု ဆိုသည်။

တနင်္သာရီ ကမ်းရိုးတန်းဒေသနှင့် ရန်ကုန်တို့တွင် ဘောလုံး အားကစားနည်း ပြိုင်တူ ရောက်ရှိ ခဲ့ကြသည်ဟု ဆိုသည်။

သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့ စစ်တပ်များ စတင်ဝင်ရောက်ခဲ့သည့် အခြားသော ဒေသတခုဖြစ်သော ရခိုင် ကမ်းရိုးတန်း ဒေသတွင်မူ ဘောလုံး အားကစားနည်းနှင့် ပတ်သက်ပြီး အထောက်အထားများ ရှာဖွေ တွေ့ ရှိခဲ့ကြခြင်း မရှိပါ။

သို့ရာတွင် ထူးဆန်းသည့် အချက်တချက်မှာ ဂျပန်နိုင်ငံတွင် ဘောလုံး အားကစားနည်းကို စတင်မျိုးစေ့ ချရာတွင် ရခိုင်တိုင်းရင်းသား တဦးဖြစ်ဖွယ်ရှိသည့် မြန်မာနိုင်ငံသားတဦး ပါဝင်ခဲ့သည်ကို ဂျပန်ဘောလုံး သမိုင်းတွင် မှတ်တမ်း တင်ထားသည်။

ဂေါက်သီး အားကစားနည်းမှာမူ မြန်မာနိုင်ငံ မြေလတ်ပိုင်း အောင်လံမြို့တွင် ပထမဦးဆုံး စတင် ကစား ခဲ့ကြသည် ဟူ၍လည်း ဂေါက်သီး အားကစားနည်း မှတ်တမ်းတွင် ဖော်ပြထားသည်။

BAA ခေတ်

မြန်မာနိုင်ငံ၏ အားကစားလှုပ်ရှားမှု များကို အင်္ဂလိပ် အုပ်ချုပ်စဉ်ကာလက ရန်ကုန်မြို့တွင် Burma Athletics Association (BAA) ကို ထိုစဉ်က မျက်နှာဖြူ အသိုင်းအဝိုင်းများဖြင့် ဖွဲ့စည်းပြီး အားကစား လှုပ်ရှားမှုများ စတင်ခဲ့သည်။

ဘီအေအေက ဘောလုံး အားကစားနည်း သာမက ပြေးခုန်ပစ်၊ လက်ဝှေ့၊ တင်းနစ်၊ ကြက်တောင် စသည့် အားကစား ပြိုင်ပွဲများကို ဦးစီးကျင်းပပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် အားကစား ပြိုင်ပွဲများ ဖြစ်သော်လည်း ဝမ်းနည်းစရာ ကောင်းအောင်ပင် တိုင်းရင်းသား များ အပါအဝင် မြန်မာနိုင်ငံသား စစ်စစ်များ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိခဲ့ပါ။ မြန်မာဖြူများ သို့မဟုတ် သွေးနှောသူများ (ကပြား) သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြသည်။ အဆိုးရွားဆုံးသော အချက်မှာ ထိုသို့ မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံနှင့် တွဲဖက်ထားသော ပြည်နယ်ကြီး အဆင့်တခုသာ ရှိသဖြင့် မြန်မာ့ အားကစားလောက တခုလုံးမှာ နိုင်ငံတကာ အားကစား အဖွဲ့ချုပ်များနှင့် ဆက်သွယ်လှုပ်ရှားခွင့် လုံးဝမရခဲ့ကြပါ။

သို့ရာတွင် တခုသော ထူးခြားသည့် အားကစားနည်းမှာမူ အလေးမ အားကစားနည်းပင်ဖြစ်သည်။ ဦးရှိန် အမည်ရှိသည့် ကာယဗလနှင့် အလေးမ အားကစားနည်းကို စိတ်ဝင်စားသူတဦးက အင်္ဂလန်နိုင်ငံမှ ထုတ် ဝေသည့် ယင်း အားကစား နည်းများနှင့် ပတ်သက်သော စာအုပ်စာတန်းများကို ဝယ်ယူဖတ်ရှုကာ မြန် မာနိုင်ငံတွင် အလေးမ အားကစားနည်းကို စတင် မျိုးစေ့ချခဲ့သည်။ ဦးရှိန်သည် အလေးမ လေ့ကျင့်ရန် တပည့်တပန်းများကို ရှာဖွေစုဆောင်းခဲ့သည်။ ၁၉၂၆ ခု လောက်တွင် စုစည်းမိလာကာ မြန်မာပြည် အပျော် တမ်း အလေးမ အသင်း အဖြစ် တည်ထောင်ခဲ့သည်။ ထိုနောက် ဗြိတိသျှ အပျော်တမ်း အလေးမ အသင်းနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။

ယင်း အပျော်တမ်း အလေးမအသင်း၏ ပထမဦးဆုံးသော ဥက္ကဋ္ဌမှာ ထိုခေတ်က ရန်ကုန်မြို့မျက်နှာဖုံး ပုဂ္ဂိုလ်တဦး လည်းဖြစ်၊ လူချစ်လူခင်များသူလည်း ဖြစ်သော အန်ကယ်ဦး ဘဒွန်း ဖြစ်သည်။ အသင်း၏ ပထမဆုံးသော အကျိုးဆောင် အတွင်းရေးမှူးမှာ နောင်သယ်ယူပို့ဆောင်ရေး ဘက်တွင် ထိပ်တန်းအရာရှိ တဦးဖြစ်သူ ဒင်းနစ်စတီ ဘင်ဆင် (Deris Stephenson) ဖြစ်သည်။
ဦးရှိန်၏ နည်းပြမှုများ၊ နည်းစနစ်များကြောင့် မြန်မာအလေးမ သမားများသည် များစွာ တိုးတက်လာသည်။ ထိုကြောင့် မိမိတို့ကို မြန်မာ အလေးမသမားတို့က ပိုမိုသာလွန်ကျော သွားခြင်းခံရမည့် အရိပ်အရောင်များ ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း ဗြိတိသျှအလေးမ အသင်းသား အချင်းချင်း သတိပေးနှိုးဆော်ခဲ့ရသည့် အခြေအထိပင် ရောက်ရှိခဲ့သည်။

၁၉၃၂ ခု အလေးမ တံခွန်စိုက်ပြိုင်ပွဲတွင် အနိုင်ရရှိသူများမှာ ကင်းပု၊ ညွှန့်ဖေ၊ အိုဇီတာလ်ဘော့ (Ossie Talbot)၊ အာဟုန်၊ ဟူစိန်၊ ဟင်နရီစမိုက် (ယခုဗိုလ်မှူးကြီး လှအောင်)၊ မောင်တင်နှင့် သန်းဆွေ (ယခုအားကစားနှင့် ကာယပညာဌာန၏ အားကစားကွင်းအရာရှိ) တို့ဖြစ်ကြသည်။

အခြား နာမည်ထွက်လာသည့် အလေးမ သမားများမှာ ဘရား၊ အိုဒဗလျူဂျိုး၊ ဂျိုးမက်ကွိုင်း၊ လုံတပ်၊ လုံယုနှင့် ဂျွန်စမိုက် (ယခု ဒုဗိုလ်မှူးကြီးစမိုက်) တို့ဖြစ်လေသည်။ မြန်မာ အလေးမသမားတို့၏ စွမ်းရည်နှင့် ပတ်သက်၍ ဗြိတိသျှအလေးမ အသင်းသားများ အချင်းချင်း ကြိုတင်သတိပေး ခဲ့သည်မှာ ၁၉၃၂ ခုနှစ်က ဖြစ်သော်လည်း ယင်းသတိပေးချက်သည် ၁၉၃၅ ခု ဇူလိုင်လ ၂၈ ရက်တွင် အမှန်ဖြစ်ပေါ်လာသည်။ ထိုနေ့မှာ မြန်မာပြည် အပျော်တမ်း အလေးမအသင်း၏ နှစ်ပတ်လည် တံခွန်စိုက် ပြိုင်ပွဲပြုလုပ်သည့် နေ့ဖြစ်သည်။ ယင်းပြိုင်ပွဲကို မြို့မ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စောစောပိုင်းကမူ ယင်း ပြိုင်ပွဲကို ဇူဇိုင်လ ၇ ရက်နေ့၌ စိန်ပေါကျောင်း အားကစားရုံတွင် ကျင်းပမြဲဖြစ်သည်။ သို့သော် လာရောက် အားပေးသူ ဦးရေမှာ များပြားလွန်းလှသည့် အတွက် မြို့မအထက်တန်းကျောင်းသို့ ရွှေ့ပြောင်းခဲ့ရသည့် ရက်ကိုလည်း ရွေ့ပြောင်းကျင်းပ ခဲ့ရသည်။ ထိုပြိုင်ပွဲတွင် အဆင့်အတန်းမြင့်မြင့် မ နိုင်သူတဦး ထူးချွန်စွာ ပေါ်ထွက်ခဲ့သည်။ သူကား ၁၂ စတုန်တန်း၌ ဝင်ရောက် ယှဉ်ပြိုင်သည့် ဇော်ဝိတ် ဖြစ်သည်။ ဦးရှိန်၏ တပည့်ဖြစ်၏။

ဇော်ဝိတ်သည် ဗြိတိသျှ ချန်ပီယံ အက်စ်ဒင်နီယယ် (S Daniel) ၏ လက်နှစ်ဖက် အမြန်မ စံချိန်ကို ၂၁၈ ဒသမ ၅ ပေါင် နှင့်၊ ၂၂၃ ဒသမ ၂၅ ပေါင် တို့ကို မလျက် နှစ်ကြိမ်တိုင်တိုင်  စံချိန်ချိုးနိုင်ခဲ့သည်။ ဇော်ဝိတ်၏ စွမ်းရည်ကို ဝေဖန်ရာ၌ ဗြိတိသျှ အလေးမ အသင်း၏ အကျိုးဆောင် အတွင်းရေးမှူး မစ္စတာ ဒဗလျူဂျေ လော်ရီ (Mr. W. J. Lowery) က “ဇော်ဝိတ်၏ ကိုယ်အလေးချိန် ၁၁ စတုန် ၁၀ ပေါင်ခွဲ (အိုလံပစ် မစ်ဒယ် ဝိတ်တန်း) တွင် စုစုပေါင်း ၆၉၅ ပေါင် မလိုက်ခြင်းသည် ထိုစဉ်ကာလက ဗြိတိသျှ မစ်ဒယ်ဝိတ်တန်းတို့ မထားသည့် စံချိန်များထက် ကောင်းမွန်ပါပေသည်” ဟု ထုတ်ဖော် ချီးကျူးခဲ့သည်။

သို့ရာတွင် ဇော်ဝိတ်၏ စံချိန်များမှာ ဗြိတိသျှစံချိန် အဖြစ် အသိအမှတ် ပြုခြင်း မခံလိုက်ရပါချေ။ အဘယ်ကြောင့် ဆိုသော် ၁၉၃၄ ခုတွင် မြန်မာပြည်အလေးမ အသင်းသည် ဗြိတိသျှ အလေးမ အသင်းအား ဘတ်ကြေးများ မဆက် သွင်းခဲ့ခြင်းနှင့် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သူတို့၏ နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကလေးများကြောင့်ပင် ဖြစ်သည်။ ထိုပြိုင်ပွဲမှာပင် ဟင်နရီစမိုက်သည် ၁၁ စတုန်တန်းတွင် လက်နှစ်ဖက် အမြန်မ နည်း၌ စံချိန်သစ် တင်ခဲ့ပေးသည့် အလေးကို ပြန်လည် ချိန်လိုက်သည့် အခါတွင်မူ ၁၉၂ ဒသမ၂၅ ပေါင်မျှသာ ရှိသည့် အတွက် ဗြိတိသျှ စံချိန်ထက် ၄ အောင်စ လျော့နည်း သွားတော့၏။

အလေးမနှင့် ပတ်သက်၍ ခြေလှမ်းသစ် တခုမှာ ၁၉၃၅ ခု ဒီဇင်ဘာလ ၈ ရက်တွင် တက္ကသိုလ် သမဂ္ဂ အဆောက်အဦး၌ တက္ကသိုလ် အလေးမ တံခွန်စိုက်ပြိုင်ပွဲကို ပထမဦးစွာ ကျင်းပပေးခဲ့ခြင်း ဖြစ်ပေသည်။

ဗြိတိသျှ စံချိန်သစ်များကို ဇော်ဝိတ်နှင့် ဟင်နရီစမိုက်တို့က ထပ်မံ၍ ချိုးခဲ့ကြပြန်သည်။ ဇော်ဝိတ်သည် ၂၁၇ ပေါင်ဖြင့် လက်နှစ်ဖက် အမြန်မ စံချိန်ကို တင်သည်။ ၁၁ စတုန်တန်းတွင် ဟင်နရီစမိုက်က ၁၉၆ ဒသမ ၂၅ ပေါင်ဖြင့် ဂျေနော့ (J. Knox) ၏ စံချိန်ကို ၀ ဒသမ၂၅ ပေါင်ဖြင့် ချိုးနိုင်ခဲ့လေသည်။

ဤပြိုင်ပွဲတွင် ထွန်းမြင့်နှင့် စံတင်တို့ ကလည်း စံချိန်သစ် တင်ခဲ့ကြပြန်သည်။ ထွန်းမြင့်က ၉ စတုန်တန်း၌ အလေးမတွင် ၁၅၃ ပေါင်နှင့် ၁၅၄ ပေါင် မလျက် မြန်မာစံချိန်သစ် တင်ခဲ့သည်။ စံတင်ကမူ ၈ စတုန်တန်း၌ ၂၀၆ ဒသမ ၂၅ ပေါင်မလျက် သူ၏ စံချိန်ဟောင်း ၁၉၅ ပေါင်ကို ချိုးခဲ့လေသည်။

ဤပြိုင်ပွဲမှ ပေါ်ပေါက်လာသူ လူသစ်တဦးမှာ တင့်ဆွေ (စာရေးဆရာ ဂျာနယ်ကျော်တင့်ဆွေ) ပင်ဖြစ်သည်။ သူသည် ၈ စတုန်တန်း၌ လက်နှစ်ဖက် အမြန်မ နည်းတွင် ၁၃၃ ပေါင်ကို မလျက် စံတင်၏ စံချိန်ကို ချိုးနိုင် သည့် အတွက် လူတိုင်းက အံ့အားသင့် သွားကြသည်။

ရန်ကုန်တက္ကသိုလ် အလေးမ တံခွန်စိုက် ပြိုင်ပွဲကို ပထမအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုး စား ဆောင်ရွက်သူမှာ ထိုစဉ်က တက္ကသိုလ် အလေးမ အသင်း၏ အတွင်းရေးမှူး ဖြစ်၍ နောင်အခါတွင် ကျန်းမာရေးဌာန ဝန်ကြီး ဖြစ်လာသူ ဦးခင်မောင်လတ်ပင် ဖြစ်သည်။

၁၉၃၆ ခုနှစ်တွင် ဦးရှိန်သည် ဇော်ဝိတ်၊ ထွန်းမြင့်နှင့် စံတင်တို့အား အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ အလေးမ တံခွန် စိုက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ကာလကတ္တားသို့ ခေါ်ဆောင်သွားသည်။ ထိုသူများ အားလုံး ပင် မိမိတို့ သက်ဆိုင်ရာ အတန်းများတွင် အနိုင်ရရှိ ကြရုံသာမက စံတင်သည် အကောင်းဆုံး အလေးမ သမား ဆုကို ရရှိလျက် ဇော်ဝိတ်မှာ ၁၉၃၆ ဘာလင် အိုလံပစ် ပြိုင်ပွဲ၌ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အား ကိုယ်စားပြုယှဉ်ပြိုင်ရန် အတွက် ရွေးချယ်ခြင်း ခံရလေသည်။ (ထိုစဉ်က မြန်မာပြည်မှာ အိန္ဒိယ နိုင်ငံ၏ အုပ်ချုပ်ရေး အောက်တွင် ရှိနေဆဲ ဖြစ်သည်။)

ဇော်ဝိတ်သည် ဆရာဖြစ်သူ ဦးရှိန်နှင့် အတူ ဘာလင်အိုလံပစ်ပွဲတော်သို့ အလေးမ ယှဉ်ပြိုင်ရန် ဝင်ရောက် ခဲ့ခြင်း သည် အရှေ့တောင် အာရှအားကစား သမားများထဲမှ ပထမဆုံးအကြိမ် အိုလံပစ် ပွဲတော်သို့ ဝင် ရောက်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အိုလံပစ် ပွဲတော်တွင် ဝင်ရောက် နိုင်ခဲ့ခြင်းမှာ မြန်မာတို့၏ အားကစား သမိုင်းတွင် မှတ်တိုင်တခု စိုက်ထူ ခဲ့ခြင်းပင် ဖြစ်ပြီး မြန်မာ အားကစား ဝါသနာ အိုးများလည်း အမြင်ကျယ် လာကာ နောင်အခါတွင် နိုင်ငံတကာပြိုင်ပွဲများ သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လမ်းသစ် ပေါ်လာစေ တော့သည်။
ဆရာဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ ဆရာတပည့် နှစ်ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်လင့်ကစား ဂျာမနီနိုင်ငံ ဘာ လင်မြို့တွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပွဲတော် အလေးမပြိုင်ပွဲ တွင် အိန္ဒိယနိုင်ငံ၏ အားကစားအဖွဲ့ဝင်များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ ယှဉ်ပြိုင်ခဲ့ရခြင်း ကြောင့် မြန်မာနိုင်ငံတွင် အားကစား မျက်စိ ပွင့်လင်းလာခဲ့သည်။

ဘီအေအေက စိုးမိုးချယ်လှယ် ထားသည့် မြန်မာ့အားကစား လောကကို စတင်ဖောက်ထွက်၍ မြန်မာ့ အလေးမနှင့် ကာလဗလ အဖွဲ့ချုပ်ကို တည်ထောင်နိုင်ခဲ့ကြသည်။ သို့ရာတွင် ယင်း အဖွဲ့ချုပ်သည် ကမ္ဘာ့ အလေးမ အဖွဲ့ချုပ်နှင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ပစ်ကော်မတီနှင့် လည်းကောင်း ဆက်သွယ်ခွင့် မရရှိခဲကော်မတီနှင့် လည်းကောင်း ဆက်သွယ်ခွင့် မရရှိခဲ့ကြပေ။

ဘီအေအေက ကြီးမှူးကျင်းပသော အားကစားနည်းများမှာ ပြည်တွင်း အဆင့်၌သာ ရှိခဲ့ပြီး နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် လည်းကောင်း၊ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့်သော်လည်းကောင်း၊ ဝင်ရောက် ယှဉ်ပြိုင် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။ ယင်းအပြင် မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် လည်းကောင်း၊ အားကစား ပြိုင်ပွဲများ ကျင်းပခဲ့ခြင်း မရှိပါ။

သို့သော် အထက်မြန်မာပြည် မန္တလေးမြို့တွင်မူ ယူဘီအေအေ (Upper Burma Athletics Association) ဟူ၍ ဖွဲ့စည်းကာ ဘောလုံး အားကစားနည်း တခုတည်းကိုသာ ပြိုင်ပွဲများ ကျင်းပခဲ့ခြင်း ကိုလည်း မှတ်တမ်းများ အရ တွေ့ရှိရသည်။ ထိုစဉ်က အထက်ဗမာပြည်တွင် နိုင်ငံတကာ လက်ဝှေ့သမားကောင်းများ ပေါ်ထွက်ခဲ့သည်။ မန္တလေးမြို့ရှိ အမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရာဇတ် (ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး) မွေးထုတ်မှုကြောင့် ပေါ်ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် ယင်း လက်ဝှေ့သမားများမှာ မြန်မာပြည် တံခွန်စိုက် လက်ဝှေ့ ပြိုင်ပွဲများမှ ထွက်ပေါ်လာသည့် လက်ဝှေ့ ချန်ပီယံများနှင့် လက်ရည်စမ်းပွဲများ ပြုလုပ်ကြသည့် အခါတိုင်း ဆရာကြီး ဦးရာဇတ်၏ တပည့်များက အနိုင်ရလေ့ ရှိသည်။

ဦးချစ်အုန်း (အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ၊ တိုင်းအားကစားမှူး)က “I beat the Champion, But, I’m not Champion” ဟူ၍ စာရေးသူတို့နှင့် စကားစပ်မိတိုင်း ပြောလေ့ ရှိသည်။ သို့ဖြစ်ရာ အင်္ဂလိပ်တို့၏ အုပ်စိုးမှု အောက်တွင် ရောက်ရှိခဲ့သော မြန်မာနိုင်ငံသည် နိုင်ငံတကာ အားကစား နယ်ပယ်နှင့် ဝေးကွာလျက် ရှိကြောင်း မှတ်တမ်းများ အရ တွေ့ရှိခဲ့ရသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးစဉ်ကမူ မြန်မာနိုင်ငံ၏  အားကစား လှုပ်ရှားမှု များ သည် လုံး၀ ရပ်ဆိုင်း ပျောက်ကွယ် သွားရပေတော့သည်။ ၁၉၄၆ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင်မူ မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုများ ပြန်လည် အသက်ဝင်လာခဲ့သည်။

(ဆက်လက် ဖော်ပြပါမည်)

Loading