အားကစား

မြန်မာ့အားကစား ပြုပြင်ပြောင်းလဲသင့်ပြီ (၂)

This article has been converted from Zawgyi One to Unicode

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့် နောက်ပိုင်း၌ မြန်မာ့အားကစားကို ပြန်လည်ပြုစုပျိုးထောင်ရန် ဆန္ဒ ရှိသော သူများသည် ရှေးယခင်က အားကစားလှုပ်ရှားမှု ဆောက်ရွက်ပုံစနစ်ကို စွန့်လွှတ်လျက် အားကစား လှုပ်ရှားမှု ကဏ္ဍသစ် တခုကို တည်ထောင်ရန် စီမံစိုင်းပြင်း ခဲ့ကြသည်။

ဤသို့ စီမံစိုင်းပြင်း ခဲ့ခြင်းကြောင့်လျှင် ၁၉၄၆ ခု နိုဝင်ဘာ ၂၆ ရက်၌ ဗမာပြည် အိုလံပစ်အသင်း (Burma Olympic Association) ကို တည်ထောင်ဖွဲ့စည်းလျက် မြန်မာ့အားကစား လှုပ်ရှားမှု၏ “ဒုတိယကဏ္ဍ” ကို ဖွင့်လှစ်လိုက်လေသည်။

မြန်မာပြည် အိုလံပစ်အသင်းကို ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာပြည် အိုလံပစ် အသင်း၌ ပထမဦးဆုံးသော အုပ်ချုပ်မှု ကောင်စီတွင် ဥက္ကဋ္ဌ ဆာ၊ အမ်၊ အေ မောင်ကြီး၊ ဒု-ဥက္ကဋ္ဌ ဦးရာဇတ်၊ (ဗိုလ်ချုပ်အောင်းဆန်း တို့နှင့်အတူ ကျဆုံးခဲ့သူ)၊ အတွင်းရေးမှူး မစ္စတာ မာစကင်း၊ တွဲဖက် အတွင်းရေးမှူး ဦးအောင်ဇင်၊ အကျိုးဆောင်ငွေထိန်း ဦးထင်ဘွား၊ အကျိုးဆောင် အကြံပေးအရာရှိ ဦးထွန်း တင် (ကျန်းမာရေး ဝန်ကြီးဟောင်း)၊ အကျိုးဆောင် စာရင်းစစ် ဦးဘသော်တို့ ဆောင်ရွက်ခဲ့ကြလေသည်။

အမှုဆောင်များ အဖြစ် ဦးဘကလေး၊ ဦးသိန်းကျော်၊ ဗိုလ်ကြီးဘအုန်း၊ ဦးပိုင်၊ မြန်အောင် ဦးတင် (နောင်အခါ ကျန်းမာရေး ဝန်ကြီး ဖြစ်လာသည်)၊ ဦးဝင်းဖေ၊ ဦးချို၊ ဦးဇော်ဝိတ်၊ ဗိုလ်မှူးကြီး မင်းစိန်၊ မစ္စတာ ဝီဝီခူး၊ ဦးသန်းဖေ (ရုပ်ရှင်နှင့် ပြဇာတ်)၊ ဦးတင်မောင် (သတင်းစာတိုက်)၊ မစ္စတာ လီယို၊ ဒီဗဲလားရစ် (လက်ဝှေ့)၊ ဦးမောင်မောင်လွင် (အလေးမ)၊ မိုးဇက်အောင်သွင် (ရေကူး)၊ ဦးဘညွန့် (ပြေးခုန်ပစ်) နှင့် တော်ဘုရားကြီး (ဂျွမ်းဘား) တို့ ပါဝင်ခဲ့ကြ ပါသည်။

မြန်မာပြည် အိုလံပစ်အသင်း၏ နာယကအဖြစ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြံ ပေးချက်အရ ထိုစဉ်က မြန်မာနိုင်ငံ၏ ဘုရင်ခံအဖြစ် ဆောင်ရွက်နေသော ဗိုလ်ချုပ် ဆာဟူးဘတ်ရန့်စ်ကို တင်မြှောက်ခဲ့ ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ နာယက အဖြစ် လက်ခံလိုက်ခြင်းသည် အားကစား လှုပ်ရှားမှုတွင် အစိုးရ ဘက်မှ အကူအညီပေးရေးကို လမ်းခင်း ပေးလိုက်ခြင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်က မကြာမီ ရန်ကုန်မြို့ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် ကျင်းပပြုလုပ်မည့် ပြန်လည်ထူထောင် ရေး ကွန်ဖရင့်အမီ အားကစား တိုးတက်ဖွံ့ဖြိုးမှု အစီအစဉ် တရပ်ကို ရေးဆွဲ တင်ပြရန်လည်း အဆိုပြုခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဇူလိုင်လ ၉ ရက်နေ့တွင် မြန်မာပြည် အိုလံပစ် ကော်မတီအသင်းက အပြည်ပြည်ဆိုင်ရာ အိုလံပစ် အသင်းနှင့် တရားဝင် ဆက်သွယ်ခဲ့သည်။ ဤသို့ နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် ဆက်သွယ်မှု ရရှိခြင်း၊ မြန်မာပြည် အလေးမ အဖွဲ့ချုပ်နှင့် ပြေးခုန်ပစ် အဖွဲ့ချုပ်တို့၏ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ် များနှင့် ဆက်သွယ်မှု ရရှိခြင်း အထိမ်းအမှတ် အဖြစ်ဖြင့် ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ လက်ဖက်ရည်ပွဲတခု ပြုလုပ်ခဲ့ သည်။

ယင်း လက်ဖက်ရည်ပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့သည်။ ယင်း လက်ဖက်ရည်ပွဲ ကျင်းပပြီး နောက် တဆယ့် တရက် အကြာတွင် ဗိုလ်ချုပ်အောင်ဆန်းမှာ လုပ်ကြံခံခဲ့ရသည်။

မြန်မာပြည် အိုလံပစ်အသင်းကြီး ဖွဲ့စည်းပြီးခဲ့သော် ယခင်ကရှိခဲ့သည် BAA ဖွဲ့စည်းရသည့် အားကစား ပြိုင်ပွဲ များကို ဦးစီးကျင်းပနေသည်။ အထင်ရှားဆုံးမှာ ဘောလုံးပွဲများကို BAA က ဦးစီး ကျင်းပနေဆဲပင် ဖြစ်သည်။

သို့ရာတွင် ၁၉၄၇ ခုနှစ် မေ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့ပြီးနောက် မကြာမီမှာပင် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ဆက်သွယ်ခဲ့သည်။

ထိုခေတ်က ဘောလုံးအဖွဲ့ချုပ် ဖြစ်မြောက်လာအောင် တည်ထောင်ရခြင်းမှာ လွယ်ကူသော အလုပ် မဟုတ် ချေ။ ဘောလုံးပွဲများကို BAA အုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။ BAA အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများ သည် အခြားအဖွဲ့ချုပ် တခုက ဘောလုံးပွဲများကို ကြီးကြပ်ချုပ်ကိုင်ရန် မလိုလားကြချေ။

နောက်ဆုံးတွင် BAA လူကြီးများသည် အဖွဲ့ချုပ် တည်ထောင်ရေးကို လက်ခံသဘောတူခဲ့ရသည်။
အကယ်၍သာ အားကစား ဝါသနာပါသူ လူတသိုက်က သူတို့ကြားတွင် ရင်ကြားစေ့လာနိုင်အောင် အမျိုးမျိုး အားမထုတ်ခဲ့ပါမူ ထိုမျှ စောလျင်စွာ ပြီးမြောက် အောင်မြင်နိုင်မည် မဟုတ်ချေ။ ရင်ကြားစေ့အောင် ဆောင် ရွက်ပေး သည့် လူများတွင် ဦးထင်ဘွား၊ ဦးစံလင်း၊ ဦးဇော်ဝိတ်၊ မစ္စတာ အာဘိုမန်းဂျီးနှင့် မစ္စတာ ဇိန်တလီတို့ ပါဝင်လေသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ဘောလုံးအဖွဲ့ချုပ်ကို ၁၉၄၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းပြီး မကြာမီမှာပင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ခဲ့သည်။ ပထမဆုံး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှာ ဦးစံလင်း ဖြစ်ပြီး အတွင်းရေးမှူးမှာ ဂျေဖရန့်စစ် ဖြစ်သည်။

ဘောလုံးအဖွဲ့ချုပ်နှင့်အတူ အားကစာနည်း အချို့မှာ BAA အုပ်စိုးမှုအောက်မှ ခွဲထွက်ကာ သီးခြား လွတ်လပ် သော အားကစား အဖွဲ့အစည်းများ ဖွဲ့စည်းလှုပ်ရှားခဲ့ ကြသည်။ အားကစား အဖွဲ့ချုပ်များတွင် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်လည်း အပါအဝင် ဖြစ်သည်။ ၁၉၄၆ နှစ်ဦးပိုင်း တွင် ဖွဲ့စည်းခဲ့ပြီး လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌမှာ ဦးဘတင် ဖြစ်သည်။

ထိုနည်းတူစွာပင် ၁၉၄၆ ခုနှစ်အတွင်း မြန်မာပြည် အလေးမ အဖွဲ့ချုပ်ကို အသစ်တဖန် မွမ်းမံ ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က အလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌမှာ အစိုးရ ပြန်ကြားရေးဌာန ညွန်ကြားရေးဝန် ဦးစိန်ရွက် ဖြစ်ပြီး အတွင်း ရေးမှူး အဖြစ် ဦးသော်ဇင် (ကာယဗလ) က ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်၌ကျင်းပသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် အားကစား ပွဲတော်သို့ မြန်မာနိုင်ငံက လွတ်လပ်သော မြန်မာနိုင်ငံသစ်အဖြစ် ပထမဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့သည်။

စိန်ဖေ (ပြေးခုန်ပစ်)၊ စောဟာဒီနှင့် မျိုးသန့် (လက်ဝှေ့) တို့ အိုလံပစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လက် ဝှေ့ဖလိုင်းဝိတ်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မျိုးသန့်က ပွဲဦးထွက်ပွဲတွင် ကနေဒါ လက်ဝှေ့ ချန်ပီယံကို အမှတ်ဖြင့် အနိုင်ရသည်အထိ အောင်မြင်မှု ရရှိခဲ့သည်။ မျိုးသန့်သည် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ကမ္ဘာ့ အိုလံပစ် အားကစား ပြိုင်ပွဲတွင် ပထမဦးဆုံး ပြိုင်ဘက်အား အနိုင်ယူ ထိုးသတ်နိုင်ခဲ့သည့် မြန်မာ့အားကစား သမားပင် ဖြစ်သည်။

ယင်းနောက် ၁၉၅၉ တွင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို အောက်တိုဘာလ ၉ ရက်နေ့၌ တရားဝင် ဖွဲ့စည်းခဲ့ပြီး ကျန်းမာရေး ဝန်ကြီးက အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး၊ အဖွဲ့ဝင် ၁၅ ဦးနှင့်အတူ မြန်မာနိုင်ငံ ကောင်စီ၏ အားကစား လှုပ်ရှားမှုများကို စတင်ခဲ့သည်။

ထိုကောင်စီ၏ အဓိက ရည်မှန်းချက်မှာ တမျိုးသားလုံး၏ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် အထူးသဖြင့် လူငယ်များ၏ ကြံ့ခိုင်သန်စွမ်းရေးကို ပြုစုပျိုးထောင်ပေးရန် ဖြစ်သည်။ ခရိုင် ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ အသီးသီးကို ဖွဲ့စည်းရန် ခရိုင် ကိုယ်လက် ကြံ့ခိုင်ရေးမှူးများကို ခန့်ထားကာ တနိုင်ငံလုံးဆိုင်ရာ အားကစား လှုပ်ရှားမှုများ စတင်ဆောင်ရွက် လုပ်ဆောင်ခဲ့သည်။

အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီတွင် ညွန်ကြားရေးမှူး အဖြစ် ဦးမောင်မောင်ကလေးက လည်း ကောင်း၊ ကာယဗလ ဦးဇော်ဝိတ်က စည်းရုံးရေးမှူးချုပ် အဖြစ် လည်းကောင်း၊ မစ္စတာ ဟတ်စ်စကင်းက အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန်ယူခဲ့ကြသည်။

အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ၏ ထင်ရှားသော အားကစား လှုပ်ရှားမှု မှတ်တိုင်မှာ ၁၉၅၂ ခုနှစ် တွင် ပြည်နယ်နှင့်တိုင်း ဘောလုံး ပြိုင်ပွဲကြီးကို စတင် ကျင်းပပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် ၁၉၆၁ ခုနှစ်တွင် ဒုတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေး နိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၇ ခုနှစ်ကလည်း အရှေ့တောင်အာရှ ကျွန်းဆွယ် လက်ဝှေ့ပြိုင်ပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့သည်။

အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ၏ အားကစား လှုပ်ရှားမှုများ ၁၉၆၄ ခုနှစ်တွင် တစခန်း ရပ်သွားခဲ့ ရသည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို ဖျက်သိမ်း၍ အားကစားနဲ့ ကာယပညာ ကော်မတီကို အစားထိုး ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရ၏ ကျန်းမာရေး ဝန်ကြီးက ထိုကော် မတီ ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်မှူးကြီး ဂွမ်ရှိန်က ထိုကော်မတီ၏ ညွန်ကြားရေးမှူးချုပ် အဖြစ် လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်အထိ အားကစားနှင့် ကာယကော်မတီမှာ ကျန်းမာရေး ဝန်ကြီးဌာန အောက်တွင် ရှိခဲ့သော်လည်း ၁၉၉၃ ခုနှစ် ဇူလိုင်လတွင် အားကစားနှင့် ကာယပညာ ကော်မတီကို ထိုစဉ်က နဝတ အစိုးရ၏ ဝန်ကြီးချုပ်ရုံး ဝန်ကြီး လက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ နဝတ အစိုးရက အမိန့်ကြေညာချက် အမှတ်၊ ၄၀/၉၆ ကို ထုတ်ပြန်ကာ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အားကစား ဝန်ကြီးဌာနသစ်ကို ဖွင့်လှစ်ခဲ့ပြီး ထိုနေ့မှာ ပင် အမိန့်ကြေညာချက် အမှတ် (၇/၉၆) ကိုထုတ်ပြန်၍ ဗိုလ်မှူးကြီး စိန်ဝင်းကို အားကစားဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၉၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ်မှူးချုပ် သူရအေးမြင့်ကို အားကစားဝန်ကြီး ခန့်အပ်ခဲ့ သည်။ ထိုနှစ်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ လက်ထက်ဖြစ်ရာ နအဖ၏ အမိန့်ကြေညာချက် (၃/၉၉) အရ သူရအေးမြင့်က အားကစား ဝန်ကြီးဌာနကို တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။
၁၉၄၆ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အပါအဝင် အားကစားအဖွဲ့ချုပ် အသီးသီး၏ ဖွဲ့စည်းပုံမှာ “ရွေးချယ်တင်မြှောက်သည့်” စနစ်ဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး၊ ၁၉၆၄ ခုနှစ်မှစကာ ယနေ့ (၂၀၁၄ ခုနှစ်) အထိ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ အပါအဝင် အားကစားအဖွဲ့ချုပ် အသီးသီးကို အစိုးရက “ခန့်အပ်” သည့် စနစ်ဖြင့် ကျင့်သုံးလျက်ရှိသည်။

နှစ်ပေါင်း ငါးဆယ်ကြာ အနည်ထိုင်နေသည့် အစိုးရခန့် စနစ်ကို ပြန်လည် ပြုပြင် ပြောင်းလဲမှသာလျှင် အပြည်ပြည် ဆိုင်ရာ အိုလံပစ် ကော်မတီ၏ စည်းကမ်းဥပေဒများနှင့် ညီညွတ်မည် ဖြစ်သည်။ ကမ္ဘာတွင် မည်သည့်နိုင်ငံမှာမှ အမျိုးသား အိုလံပစ်ကော်မတီ အပါအဝင် အားကစား အဖွဲ့ချုပ်များကို အစိုးရက ခန့် အပ်သည့် စနစ် မကျင့်သုံးဘဲ အများစု၏ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သည့် စနစ်ကိုသာ လေ့လာတွေ့ ရှိရပါကြောင်း တင်ပြအပ်ပါသည်။     ။

Loading