စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ကျင်းပနေသည့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲများကို ရုပ်မြင်သံကြားမှ တဆင့် ပွဲတိုင်းလိုလို ကြည့်နေမိခဲ့သည်။ အရှေ့တောင်အာရှမှ မြန်မာ့လက်ရွေးစင် အသင်း အပါအဝင် နိုင်ငံကြီး ၈ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင် ကစားလျက် ရှိကြသည်။ ၈ သင်းစလုံး၏ အဆင့်အတန်းမှာ အာရှအဆင့်၊ ကမ္ဘာ့အဆင့် မဆိုထားဘိ အရှေ့တောင် အာရှ အဆင့်ကိုပင် မမီကြသည်ကို သတိပြုမိသည်။
ယင်းလက်ရွေးစင် အသင်းများကိုလည်း အပြစ် ဆိုစရာ မရှိပါ။ ဘောလုံး ပွဲကြီးပွဲကောင်းဟူ၍ တနှစ်တွင် တပွဲသာ အနိုင်နိုင် ကစားနေကြရသည့် အသင်းများ ဖြစ်သည်။
ယခု ကစားလျက် ရှိနေကြသော ဆူဇူကီးဖလား ပြိုင်ပွဲမှလွဲ၍ အခြားပြိုင်ပွဲကြီးများ မရှိသလောက်ပင် ဖြစ် သည်။ အာရှဖလား ဘောလုံးပြိုင်ပွဲနှင့် အတူ ကျင်းပလျက် ရှိသည့် AFC Challenging Cup ပြိုင်ပွဲလောက် သာ ရှိနေခဲ့သည်။ အရှေ့တောင်အာရှ အားကစား ဘောလုံးပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲ ဘောလုံး အားကစားနည်း တို့တွင်လည်း လက်ရွေးစင် အသင်းကြီးများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။
လက်ရွေးစင် အသင်းထက် တဆင့်နိမ့်သော ယူ-၂၃ ဘောလုံး သမားများ ဖြင့်သာ ယှဉ်ပြိုင်ကစား နေခဲ့ရ သည်။ ဤသည်မှာ အရှေ့တောင်အာရှ၏ ဘောလုံးအဆင့်အတန်း တိုးတက်ရေးကို အနှောက်အယှက် အဟန့်အတား ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
အရှေ့တောင်အာရှ ဒေသတွင်းရှိ နိုင်ငံတိုင်း အတွက် လက်ရွေးစင်အသင်းကြီးများ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင်မူ အာရှဇုံ ခြေစစ်ပွဲ အတွင်း အရှေ့ဖျား နိုင်ငံများ ဖြစ်သည့် တရုတ်၊ တောင်နှင့် မြောက်ကိုရီးယား အသင်းများနှင့် သော်လည်းကောင်း၊ ဆိုဗီယက် ပြည်ထောင်စု အတွင်းမှပါ ခွဲထွက်ခဲ့ရုံ သာမက ဥရောပတိုက် အတွင်းမှပါ ခွဲထွက်ကာ အာရှတိုက် အတွင်းသို့ ပါဝင်လာခဲ့ကြသည့် ဥဇ္ဇဘက်ကစ္စတန် အပါအဝင် နိုင်ငံများနှင့် သော်လည်းကောင်း၊ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ ဒေသမှ အီရန်၊ အီရတ်၊ UAE ၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အရှေ့တောင်အာရှ ဒေသ တွင်းမှ နိုင်ငံများ၏ ဘောလုံး အဆင့်အတန်းမှာ တနေ့တခြား ကွာဟလာသည်ကို တွေ့မြင်ကြရသည် ဖြစ် သည်။
အရှေ့တောင်အာရှ အတွင်းမှ နိုင်ငံများသည် ဘောလုံးသာမက အခြားသော အားကစားနည်း တို့တွင်လည်း အာရှအဆင့်၊ ကမ္ဘာ့အဆင့်နှင့် တနေ့တခြား ကွာဟလာသည် မှာလည်း သိသာထင်ရှားပါသည်။
ကျင်းပပြီးစီးခဲ့သည့် တောင်ကိုရီးယား အင်ချွန်းမြို့တွင် ကျင်းပခဲ့သည့် အာရှ အားကစား ပွဲတော်၏ ပြိုင်ပွဲ ရလဒ်များက သက်သေခံလျက် ရှိသည်။ ၂၀၁၃ ခုနှစ် နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၀၀ ကျော်ဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည် ခဲ့သည့် ထိုင်းနိုင်ငံက အင်ချွန် အာရှအားကစားပွဲတွင် ထိုင်းအသင်း မှာ ရွှေတံဆိပ် ၂၀ ပြည့်အောင် မရခဲ့ပါ။
ထို့နည်းတူစွာ နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၈၆ ခု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် ဒုတိယ ရရှိခဲ့သော မြန်မာနိုင်ငံက ရွှေတံဆိပ် ၂ ခုသာ ရခဲ့သည်။ ရွှေတံဆိပ် ၈၀ ကျော်ဖြင့် နေပြည်တော် ဆီးဂိမ်းတွင် နိုင်ငံ အလိုက် တတိယနေရာတွင် ရည်တည်ခဲ့သော ဗီယက်နမ် နိုင်ငံက အင်ချွန် အာရှအားကစားပွဲတွင် ရွှေတံ ဆိပ် ၁ ခုသာ ရသည်။ ဤသည်ကို ကြည့်လျှင် အရှေ့တောင်အာရှ အားကစား အဆင့်အတန်းနှင့် အာရှအားကစား အဆင့်အတန်း ဤမျှ ကွာဟနေသည်ကို လက်တွေ့ပြသသည့် ပြယုဂ်တခုပင် ဖြစ်သည်။
ယင်းကဲ့သို့ ဘာကြောင့် ဤမျှ အရှေ့တောင်အာရှ အားကစား အဆင့်အတန်း နိမ့်ကျသွားသည်ကို အဖြေ ရှာသော် စာရေးသူ အနေဖြင့် သုံးသပ်ခဲ့ရာတွင် ဆီးဂိမ်းများတွင်သာ ရွှေတံဆိပ်ဆု များများ ရရှိရေးကို အလုအယက် ကြိုးစား လုပ်ဆောင် နေကြသောကြောင့် ဖြစ်သည်။
ယခင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၇ နိုင်ငံဖြင့် စတင် ယှဉ်ပြိုင်ခဲ့စဉ် ကမူ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများ၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မား၍ အာရှအဆင့် ဝင်ရုံသာမက ကမ္ဘာနှင့်ပါ ရင်ဘောင်တန်းနိုင်ရန် ဦးတည်ချက်ထားပြီး လုပ်ဆောင်နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ အနေဖြင့်ပင် ၁၉၅၉ နှင့် ၁၉၆၀ ကျွန်းဆွယ်ပြိုင်ပွဲ ရေကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့သည့် တင် မောင်နီက ၁၉၆၂ ခုနှစ် အာရှ အားကစား ပြိုင်ပွဲတွင် တဦးတည်း ရွှေတံဆိပ်ဆု ၂ ဆု ဆွတ်ခူးနိုင်ခဲ့သည်။
အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့တွင်လည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၆၅ ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းသည် ၁၉၆၆ အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
ထိုနည်းတူ ၁၉၆၉ ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲတွင် ပထမရခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၇၀ ပြည့်နှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အာရှအားကစား ပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ တွင် လည်း ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၇၁ ကျွန်းဆွယ်ပြိုင်ပွဲ ရွှေတံဆိပ်ရှင် မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းသည် ၁၉၇၂ ခုနှစ် မြူးနစ် ကမ္ဘာ့အိုလံပစ် ဂျာမနီဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်။ အသန့်ရှင်းဆုံး အသင်း ဒီပလိုမာဆု လက်မှတ် ရရှိခဲ့သည်။
ထို့အတူ ၁၉၆၉ ခုနှစ် ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲ ပြေးခုန်ပစ် ပြိုင်ပွဲတွင် မီတာ ၈၀၀ ပြေးပွဲ္ပ၌ ရွှေတံဆိပ် ရရှိ ခဲ့သည့် ဂျင်မီကလင်တန် (မြန်မာ) က ၁၉၇၀ ပြည့်နှစ် ဘန်ကောက် အာရှအားကစားပွဲတော် ပြေးခုန်ပစ် မီတာ ၈၀၀ ပြေးပွဲ၌ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိရုံသာမက စံချိန်သစ်ပါ တင်နိုင်ခဲ့သည်။ မီတာ ၁၅၀၀ ပြိုင်ပွဲ တွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။
အာရှအဆင့် ရွှေတံဆိပ်ပင် မရလင့်ကစား ငွေတံဆိပ်နှင့် ကြေးတံဆိပ်များ ဆွတ်ခူးခဲ့သည့် မြန်မာအားကစား သမားများမှာလည်း သက်ဆိုင်ရာ နှစ်အလိုက် ကျွန်းဆွယ် ချန်ပီယံများ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံသာမက ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှာလည်း ကျွန်းဆွယ် ချန်ပီယံများသည် အာရှအားကစား ပြိုင်ပွဲများ၌ ထိုက်သင့် သလောက် အစွမ်းပြနိုင်ခဲ့ကြသည်။
အထက်တွင် ဖော်ပြခဲ့သလို အရှေ့တောင်အာရှ နိုင်ငံများသည် အရှေ့တောင်အာရှ ပြိုင်ပွဲများ အတွင်းတွင် ရွှေတံဆိပ် များ ဆွတ်ခူးရရှိနိုင်ရေး အတွက် အားကစားမဟုတ်သော ပြိုင်ပွဲအချို့ကို အားကစားနည်းအဖြစ် ထည့်သွင်း ကျင်းပခဲ့ သည်။ ဥပမာ ဆိုရသော် Burgle ဖဲရိုက်ပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံက ထည့်သွင်း ကျင်း ပခဲ့သည်။ အနောက်တိုင်း အက ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက ထည့်သွင်း ကျင်းပခဲ့သည်။ ပိုက်ကျော် ကြက် တောင်ခတ် ပြိုင်ပွဲ (ဗီယက်နမ်)၊ ပီတန်း (လာအို) စသည့် အားကစားနည်းများကို ထည့်သွင်း ကျင်းပခဲ့ကြ သည်။
ကျွန်းဆွယ်ပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၅၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲများတွင် နိုင်ငံအလိုက် ရွှေတံဆိပ် စုစုပေါင်း ဆွတ်ခူးမှုကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
ထိုင်း ရွှေတံဆိပ် ၃၇၄၊ ငွေတံဆိပ် ၂၅၄၊ ကြေးတံဆိပ် ၂၆၁၊ စင်္ကာပူ ရွှေ ၂၀၄၊ ငွေ ၂၂၉၊ ကြေး ၂၂၁၊ မြန်မာ ရွှေ ၁၉၈၊ ငွေ ၂၀၇၊ ကြေး ၂၁၄၊ မလေးရှား ရွှေ ၁၉၅၊ ငွေ ၂၅၅၊ ကြေး ၃၁၆၊ တောင်ဗီယက်နမ် ရွှေ ၃၉၊ ငွေ ၅၁၊ ကြေး ၆၅၊ ခမာရီပတ်ဗလစ် ရွှေ ၂၇၊ ငွေ ၃၆၊ ကြေး ၄၁၊ လာအို ငွေ ၆၊ ကြေး ၂၇ ခု၊ ၁၉၅၉ ခုနှစ် မှ ၁၉၇၅ ခုနှစ်အထိ ကျင်းပခဲ့သော အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲများတွင် ထည့်သွင်း ကျင်းပသည့် အားကစား နည်းများမှာ ကမ္ဘာ့အိုလံပစ် အားကစားနည်းများနှင့် နိုင်ငံတကာ အားကစား နည်း များသာ ဖြစ်သည်။ ဒေသဆိုင်ရာ နိုင်ငံများအလိုက် သက်ဆိုင်ရာ နိုင်ငံများ၏ ရိုးရာအားကစားနည်း ဟူသည်များကို လုံး၀ ထည့်သွင်းခြင်း မပြုခဲ့ပါ။
သို့ဖြစ်၍ ၁၉၅၉ ခု မှ ၁၉၇၅ ခုနှစ်အတွင်း အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံကြီးများက အာရှနှင့် ကမ္ဘာ့အဆင့်တွင် ထိုက်သင့်သော အောင်မြင်မှုများကို ရရှိခဲ့ကြသည်။ သို့ရာတွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား၏ သက်တမ်းမှာ ၁၉၇၅ ခုနှစ် ပြိုင်ပွဲအပြီးတွင် ကုန်ဆုံးခဲ့တော့သည်။

၁၉၇၅ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် ကမ္ဘောဒီယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့က အရှေ့တောင်အာရှ အားကစားကောင်စီ အဖွဲ့ဝင် နိုင်ငံများ အဖြစ်မှ နုတ်ထွက်သွားကြ သဖြင့် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံ ၄ နိုင်ငံသာ ကျွန်းဆွယ် ပြိုင်ပွဲ အဖြစ် ကျင်းပနိုင်ခဲ့ ကြသည်။
သို့ဖြစ်၍ ကျွန်းဆွယ် အားကစားပြိုင်ပွဲ သက်တမ်းရှည်ရေး အတွက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်း နိုင်ငံ တို့နှင့် ပေါင်းဖွဲ့ကာ အရှေ့တောင်အာရှ ကစားပြိုင်ပွဲဟူ၍ ၁၉၇၇ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင် စတင် ကျင်းပခဲ့သည်။ ယင်းမှစကာ တချိန် ကျွန်းဆွယ် အားကစားပြိုင်ပွဲခေတ်မှ ထားရှိခဲ့သော အား ကစား ရည်မှန်းချက်များ မှာ တစတစ ပျောက်ကွယ်သွားတော့သည်။
အရှေ့တောင်အာရှ နိုင်ငံတိုင်းလိုလိုက ရွှေတံဆိပ်ဆု များများ ရရှိခြင်းသည် အားကစား အဆင့်အတန်းကို တိုးတက်သည် ဟူသော မှားယွင်းသော အယူအဆဖြင့် အားကစား ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ်မှ စကာ ၂၀၁၃ ခုနှစ်အထိ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို ၁၉ ကြိမ်တိတိ ကျင်းပခဲ့သည်။ ယင်း ၁၉ ကြိမ်တွင် နိုင်ငံအလိုက် ဆွတ်ခူးခဲ့ကြသည့် ရွှေ ငွေ ကြေး တံဆိပ်များကို လေ့လာကြည့်လျှင် ထင်ရှားစွာ သိသာနိုင်ကြ ပါသည်။
အင်ဒိုနီးရှား နိုင်ငံမှ ရွှေတံဆိပ် ၁၆၆၇ ခု၊ ငွေ ၁၉၄၇ ခု၊ ကြေး ၁၅၀၇။ ထိုင်းနိုင်ငံက ရွှေ ၁၆၂၀၊ ငွေ ၁၄၁၂၊ ကြေး ၁၃၉၆။ ဖိလစ်ပိုင်နိုင်ငံက ရွှေ ၈၆၅၊ ငွေ ၁၀၀၅၊ ကြေး ၁၂၂၀။ မလေးရှားနိုင်ငံက ရွှေ ၈၄၈၊ ငွေ ၈၁၀၊ ကြေး ၁၁၄၄။ ဗီယက်နမ် နိုင်ငံက ရွှေ ၆၅၉၊ ငွေ ၆၂၆၊ ကြေး ၇၀၄။ စင်္ကာပူနိုင်ငံက ရွှေ ၅၄၂၊ ငွေ ၅၈၈၊ ကြေး ၈၈၆။ မြန်မာနိုင်ငံက ရွှေ ၃၃၅၊ ငွေ ၄၇၂၊ ကြေး ၆၆၄။ လာအိုနိုင်ငံက ရွှေ ၆၆၊ ငွေ ၇၇၊ ကြေး ၂၁၉ ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။
ဤရွှေတံဆိပ်ဆု ရရှိသလောက်သာ အရှေ့တောင်အာရှ နိုင်ငံများ၏ အားကစား အဆင့်အတန်း တိုးတက် ခဲ့မည် ဆိုလျှင် အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်တွင် မည်မျှရောက်ရှိ နေကြမည်ကို တွေးဆကြည့်နိုင်ပါသည်။
ယခုအခါတွင်မူ ဆီးဂိမ်းကျင်းပသည့် အခါတိုင်းတွင် ယှဉ်ပြိုင်ကြသည့် နိုင်ငံ ၁၁ နိုင်ငံအတွင်း ရွှေတံဆိပ် ပိုမို ရရှိရေး ကိုသာ ဦးစားပေး ယှဉ်ပြိုင်နေကြသည်။ ရွှေတံဆိပ် ပိုမိုရရှိရေး အတွက် ရိုးရာ အားကစားနည်းများဟု နာမည် တပ်ကာ နိုင်ငံတကာတွင် တန်းမဝင်သည့် အားကစားနည်းများကိုသာ ပိုမိုဦးစားပေး ကျင်းပနေကြ သည်။ အာရှအဆင့်တွင် သော်လည်းကောင်း၊ ကမ္ဘာ့အဆင့်တွင် သော်လည်းကောင်း၊ အဆင့်မြင့်မြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင် ရေးကို မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသအတွင်းမှ နိုင်ငံအားလုံး စဉ်းစားချိန် တန်နေပါပြီ။ ။