စာရေးသူသည် အားကစား စာစောင် တခုတွင် ဖော်ပြထားသည့် သတင်းတပုဒ်ကို ဖတ်ရှုပြီးနောက် ယင်း သတင်းကို အခြေခံကာ ဆောင်းပါး အမှားကြီးတပုဒ် ရေးသားမိခဲ့သည်။ ယင်း သတင်း မှာ `အသက် ၆၅ နှင့်အထက် မြန်မာ လက်ရွေးစင် ဘောလုံးသမားကြီးများအား တယောက်လျှင် တလ မြန်မာ ကျပ်ငွေ ၅၀၀၀၀ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က လစဉ် ချီးမြှင့်သွားမည်´ ဆိုသည့် သတင်းဖြစ်သည်။
ဆောင်းပါး တဝက်ကျိုးချိန်တွင် အဆိုပါ ကိစ္စနှင့် ဆက်စပ်သည့် နောက်ထပ် သတင်းတပုဒ် ဖတ်ရပြန်သည်။
မြန်မာ့ ဂုဏ်ဆောင် လက်ရွေးစင် ဘောလုံးသမားများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဦးအောင်ကိုဝင်း (ကမ္ဘောဇ) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က တဦးလျှင် ကျပ် ၅၀၀၀၀ စီ ထောက်ပံ့မည်´ ဆိုသည့် သတင်း ဖြစ်သည်။
ပထမသတင်းအရ ဘောလုံးအဖွဲ့ချုပ်က ကူညီထောက်ပံ့မည့် သဘော သက်ရောက်နေသည်။ ဒုတိယ သတင်းအရ ပုဂ္ဂလိက မြန်မာလုပ်ငန်းရှင်ကြီး နှစ်ဦးက ထောက်ပံ့မည့်သဘော ဖြစ်သည်။
စုံစမ်းလေ့လာကြည့်ရာ ပထမသတင်း မှားသည်၊ ဒုတိယသတင်း မှန်သည်။ စာရေးသူက ပထမသတင်း အပေါ် အခြေခံ၍ ဆောင်းပါးရေးသည့်အခါ စာရေးသူ ၏ ဆောင်းပါးလည်း မှားယွင်းသွားတော့သည်။
စာရေးသူသည် သတင်းသမားများ ကျင့်သုံးကြရမည့် အချက်ကြီး တရပ်ကို မေ့လျော့ကာ ဖောက်ဖျက်မိ သဖြင့် ဤသို့မှားယွင်းရခြင်း ဖြစ်သည်။
စာရေးသူတို့ ငယ်စဉ်ဘ၀ သတင်းစာလောကတွင် ကျင်လည်ခဲ့စဉ်က ဆရာသမားများက အမြဲတစေ သတိပေးသည့် စကားတခွန်း ရှိသည်။ ယင်းစကားမှာ “ကိုယ်မသိ၊ ကိုယ်မမြင်သည့် အကြောင်းကို သူတပါးပြောစကား ကြားယုံမျှဖြင့် သတင်းမရေးရ၊ သတင်းဆောင်းပါး မရေးရ” ဟူ၍ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျပ်ငွေ ၅၀၀၀၀ စီ လစဉ် ထောက်ပံ့မည်ဟူသည့် အချက်ကို တိကျခိုင်မာမှု ရှိရန် ရေဆုံးရေဖျား စုံစမ်းပြီး ရေးသားရမည် ဖြစ် သည်။
မိမိဖတ်ရှု ရသည့် သတင်းအမှားကို အမှန်ဟုထင်ကာ အခြေခံရေးမိခြင်းကို ပြန်လည်သုံးသပ်ရင်း ယနေ့ ခေတ် အားကစား မီဒီယာများ အကြောင်းကိုပါ ထည့်သွင်းစဉ်းစားမိသည်။
မီဒီယာဖွံ့ဖြိုးမှု
ယနေ့ခေတ်တွင် မီဒီယာများ ဖွံ့ဖြိုးလာနေသည့်ခေတ် ဖြစ်သည်။ ရုပ်သံဌာနများ၊ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ ကလည်း အထူး များပြားနေသည်။ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများပင်လျှင် စုစုပေါင်း ရာဂဏန်းမျှ ရှိနိုင်ပါသည်။ မီဒီယာတခုတွင် သတင်းသမား ၁၀ ယောက်ခန့် ရှိသည်ထား၊ စုစုပေါင်း မီဒီယာ သမား ထောင်ဂဏန်း နီးပါးမျှ ရှိနိုင်သည်။ အားလုံးနီးပါးမှာ တက္ကသိုလ်ပေါင်းစုံမှ ဘွဲ့တခုခု ရရှိခဲ့ကြသူများ လည်း ဖြစ်သည်။
စာရေးသူတို့ခေတ် သတင်းစာများတွင် သတင်းထောက်ချုပ် အပါအဝင် နိုင်ငံရေး သတင်းထောက်၊ စီးပွားရေး သတင်းထောက်၊ မှုခင်းသတင်းထောက်၊ အားကစား သတင်းထောက်၊ အထွေထွေ သတင်းထောက် ဟူ၍ တာဝန်ခွဲဝေ ချထားပေးကြသည်။
အမှန်ကတော့ နိုင်ငံခြား တိုင်းပြည်များက ထုတ်ဝေသည့် စာနယ်ဇင်များတွင် အားကစား သတင်းထာက်၊ အားကစား အယ်ဒီတာ ဆိုသူတို့မှာ အမြဲတမ်း ရှိကြသည်။
ဗဟုသုတ
အထက်ဖော်ပြပါ ကဏ္ဍများတွင် တာဝန်ယူနေကြရသည့် သတင်းထောက်များသည် ကိုယ် တာဝန်ယူရသည့် ကဏ္ဍများတွင် ပါရဂူ မဟုတ်သော်လည်း သူများထက်တော့ ပိုသိ၊ ပိုနားလည်၊ ပိုတတ်ကျွမ်း ကြရသည်။ ထိုသို့ တတ်သိ နားလည်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဗဟုသုတ ရှာဖွေကြရသည်။ မသိလျှင် မေးတတ် မြန်းတတ် ရသည်။
မီဒီယာတခုခုတွင် တာဝန်ယူကြရသည့် သတင်းထောက်များ၊ အယ်ဒီတာများသည် အနည်းဆုံး မြန်မာဘာသာ စကား တော့ ကျွမ်းကျင်ကြဖို့ လိုသည်။ ယခုခေတ် မီဒီယာသမား ကြီးငယ်များ ဘာသာမျိုးခြား စာစကားကို ကောင်းစွာ တတ်ကျွမ်းကောင်း တတ်ကျွမ်းမည် ဖြစ်သော်လည်း မြန်မာဘာသာ စကားတွင်မူ အားနည်းနေကြသည်ကတော့ အမှန်ပင်ဖြစ်သည်။
“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ” ဟူသည့် စာတမ်းကို ရုပ်သံဌာနကြီး တခုက ရက်တော်တော် ကြာ ထုတ်လွှင့်ခဲ့သည်။
ယင်းစာတန်း အရ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို မန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ကြီးမှူးကျင်းပသည့် သဘော သက်ရောက် နေသည်။ အမှန်မှာ “ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲအကြို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပသည့် ချစ်ကြည်ရေး ဘောလုံးပွဲ” ဟူ၍ သုံးနှုန်းရေးသားရမည် ဖြစ်သည်။
စာရေးသူတို့၏ အားကစားလောက အားကစား သတင်းထောက်၊ အားကစား အယ်ဒီတာများသည် မိမိ တာဝန် ယူနေကြရသည့် အားကစား ဘာသာရပ် အတွက် ဗဟုသုတ ရှိကြဖို့ အထူးအရေးကြီးသည်။
တလောက မိမိအား အားကစား သတင်းထောက် တဦးက ဆရာ ဦးဇော်ဝိတ်၏ တယ်လီဖုန်းနံပါတ် တောင်းသည်။ ဘာလုပ်ဖို့လဲ မေးတော့ သွားတွေ့ချင်လို့ တွေ့ခွင့်တောင်းမလို့ပါ ဟု ပြောသည်။
မိမိက ဆရာ ဦးဇော်ဝိတ် ကွယ်လွန်တာ ကြာပြီ ဖြစ်ကြောင်းပြောတော့ သူက ထပ်မေးပြန်သည်။ မြူးနစ် အိုလံပစ်တွင် ကမ္ဘာ့စံချိန် တင်ခဲ့သည့် အလေးမသမား အောင်ကြီးနှင့် တွေ့ချင်ပြန်သည်ဟု ပြောပါသည်။ ဦးဇော်ဝိတ်သည် လည်းကောင်း၊ အောင်ကြီးသည် လည်းကောင်း ကွယ်လွန်ကုန်ကြပြီ ဆိုသည်လောက် တော့ သိထားသင့်သည်။
နေပြည်တော် ဆီးဂိမ်း ကျင်းပစဉ်က ဖြစ်သည်။ လက်ဝှေ့ပြိုင်ပွဲ သတင်းတပုဒ် ဖတ်လိုက်ရသည်။ လက်ဝှေ့ပွဲ တွင် ၃ ပွဲ၊ ၂ ပွဲနှင့် အနိုင်ရသည် ဟု ရေးသားဖော်ပြခဲ့၏။ အမှန်မှာ ဒိုင်လူကြီး ၅ ဦးအနက် ၃ ယောက်က အနိုင်ပေးပြီး ၂ ယောက်က အရှုံးပေးခြင်းကို ဆိုလိုဟန် ရှိပါသည်။ အားကစား သတင်းထောက်၊ အားကစား အယ်ဒီတာ အလုပ်မှာ အားကစားကို ဝါသနာပါရုံသာ မက တတ်သိနားလည်မှလည်း တာဝန်ယူကြသင့် သည်။
အားကစားနှင့် ပတ်သက်၍ စာရေးသူတို့ ငယ်စဉ်ကလည်း မှားယွင်းရေးသား ဖော်ပြမှုများ ရှိခဲ့ဖူးသည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာ၏ အားကစား သတင်းထောက်က ဘောလုံးပွဲ သတင်းကို မြန်မာလို ရေးသည်။ သတင်းထောက်က တပ်မတော် (ရေ) ဘောလုံးအသင်းဟု ရေးသည်ကို အယ်ဒီတာက Army (Water) ဟု ဘာသာ ပြန်လိုက်လေသည်။
နောက်တယောက် ဘက်စကက်ဘောပွဲ အရှုံး အနိုင် သတင်းရေးရာတွင် ၆၉ ဂိုး၊ ဂိုး ၇၁ ဟု ရေးသား ဖော်ပြထား သည်။ ဘက်စကက်ဘောတွင် အရှုံး အနိုင်ကို အမှတ်ဖြင့်သာ ဖော်ပြသည်။
နိုင်ငံတကာတွင်တော့ အားကစားနည်း တမျိုးလျှင် သတင်းထောက် တဦးစီ တာဝန်ပေးသည်။ ဘောလုံး သတင်းထောက်၊ လက်ဝှေ့ သတင်းထောက်၊ ဂေါက်သီး သတင်းထောက်၊ ပြေးခုန်ပစ် သတင်းထောက် စသည်ဖြင့် ဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ ဘောလုံး သတင်းထောက် ဘောလုံးဆောင်းပါးရှင်၊ ဘောလုံး ဝေဖန်ရေး ဆရာများ၊ ဘောလုံး အယ်ဒီတာများ ရှိနေသည်။ အားကစား အထူးသဖြင့် ပြည်တွင်း အားကစား သတင်းထောက်များ၊ အယ်ဒီတာများ၊ ဆောင်းပါးရှင်များ မှာမူ အရေအတွက် နည်းပါးနေသေးသည်။
လွယ်မယောင်နှင့် ခက်
အားကစား သတင်း ဆိုသည်ကလည်း လွယ်မယောင်နှင့် ခက်သည်။ အားကစား နည်းများက အမျိုးစုံ လှ သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပခဲ့သည့် မွေထိုင်း၊ ပန်ကျပ်ဆီလတ်၊ ကင်ပို၊ ပီတန်၊ ဗိုဗီနမ်၊ အနောက်တိုင်း နပန်း၊ မြင်းစီး အားကစား နည်းတို့၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို သိနားလည်ဖို့ ခက်ခဲပါသည်။ အားကစား မီဒီယာသမားတိုင်း သိနိုင်ဖွယ် မရှိပါ။
ထိုနည်းတူစွာ လူထုနှင့် နီးစပ်သည့် အားကစားနည်းများ ဖြစ်သည့် ဘော်လီဘော၊ ဘက်စကက်ဘော စသည့် အားကစားနည်း တို့၏ စည်းမျဉ်း စည်ကမ်း၊ ဥပဒေများ ကလည်း ရှေးကနှင့် မတူ ပြောင်းလဲလာ သည်။ ယနေ့ အားကစား မီဒီယာသမားငယ်များ အတွက် ဆည်းပူးစရာ ပညာရပ်များ အများကြီး ရှိနေသည်။
ယနေ့ မြန်မာနိုင်ငံတွင် သတင်းစာ သင်တန်း အများအပြား ဖွင့်လှစ် ပို့ချနေကြသည်။ ထိုသတင်း မီဒီယာ သင်တန်းများတွင် အားကစား ဘာသာရပ်များ ဖြစ်သည့် အားကစားသတင်း လိုက်နည်း၊ သတင်းရေးနည်း၊ သတင်းဓာတ်ပုံ ရိုက်နည်း၊ သတင်းဆောင်းပါး ရေးနည်းတို့ကို သင်ကြားပို့ချသည် ဟူ၍လည်း မကြားမိပါ။
အားကစားသတင်း ရေးရာ၌လည်း အခြားသော သတင်းများကဲ့သို့ “ဘ” ၆ လုံး သို့မဟုတ် W ၅ လုံးနှင့် H တလုံးကို အခြေခံထားပြီး ရေးကြရမည်သာ ဖြစ်သည်။
စာရေးသူတို့ သင်ကြား နာယူခဲ့ရသည် ကတော့ သတင်းတပုဒ်တွင် ဘကုန်းခြောက်လုံးနှင့် မပြည့်စုံလျင် သတင်းကောင်း တပုဒ် မဖြစ်နိုင်ဟူ၍ ဖြစ်ပါသည်။ ယနေ့ ခေတ်လွန် မီဒီယာများတွင် အားကစားသတင်း သာမဟုတ် အခြားသော သတင်းများမှာပင်လျှင် သတ်မှတ်ထားသည့် သတင်းစည်းကမ်းနှင့် မညီသည်ကို တွေ့ရသည်။
အထူးသဖြင့် အားကစား သတင်းများတွင် လိုအပ်သော အချက်အလက် ပျောက်ကွယ်နေသည်။ သတင်း တပုဒ်တွင် ဘောလုံးအသင်း နှစ်သင်း ကစားချိန်အတွင်း တဂိုးစီ သရေကျသဖြင့် ပယ်နယ်တီဂိုးဖြင့် အနိုင် အရှုံး ဆုံးဖြတ်သည်ဟု စချီထားသည်။ “ဒီ နယ်သတင်းထောက် နိုင်ငံခြား ဘောလုံးပွဲ အတွေ့အကြုံ များဟန် တူတယ်” ဟု စိတ်ထဲတွင် ပြောနေစဉ် သတင်းက ရပ်သွားသည်။ ပင်နယ်တီ အဆုံးအဖြတ် ဂိုးအရေအတွက် ပါမလာတော့ပါ။
အားကစားသည် နိုင်ငံတိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍများတွင် တခုအပါအဝင်ဖြစ်သည်။ သို့ဖြစ်ရာ အားကစား မီဒီယာသမားများ ဘက်ကလည်း တိုးတက်နေသော အားကစား လှုပ်ရှားမှုနှင့် အတူ စီးမျောပါဝင် နေကြဖို့ လိုသည်။
အားကစား သတင်းပညာ ဗဟုသုတ ရှာကြဖို့လိုသည်။ ယနေ့ မီဒီယာ လောကထဲ ရောက်နေကြသည့် လူငယ် မောင်မယ်တို့မှာ “လုပ်နိုင်စွမ်း” ရှိကြသူများ ဖြစ်ကြသည်။ မိမိတို့၏ မီဒီယာလုပ်ငန်းတွင် အသုံးချ နိုင်အောင် သက်ဆိုင်ရာ သတင်းကဏ္ဍ အလိုက် ဗဟုသုတ ရှိကြဖို့ လိုပါသည်။ ကွယ်လွန်သွားရှာပြီဖြစ်သော အားကစား ဆောင်းပါးရှင် ဆရာဖေသိန်း ပြောလေ့ပြောထ ရှိသလို “ဝမ်းစာ” ပြည့်ကြဖို့ တော့ အထူးကို လိုအပ်ပါသည်။
ဤသည်တို့မှာ စာရေးသူ၏ အမှားတရပ် ကျူးလွန်ခဲ့သည့်အပေါ် ပြန်လည် သုံးသပ်ရင်း အတွေးနယ်ချဲ့မိခြင်း ဖြစ်ပါသည်။ မီဒီယာသမား အားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ ရန်သူမျိုးငါးပါး ဘေးမှ ကင်းဝေးနိုင်ကြပါစေ။ ။