ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လောလောဆယ် ဆွတ်ခူးထားသည့် ပေါ်တူဂီ လက်ရွေးစင်နှင့် ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ခရစ်စတီယာနို ရိုနယ်ဒို တယောက် ဘောလုံးပွဲတပွဲတွင် ကလပ် အသင်း မှ အသင်းသား တယောက်အား အသားလွတ် ခြေထောက်ဖြင့် သွားကန်သဖြင့် ဘောလုံးကစားခွင့် အပိတ်ခံရသည့် သတင်းကို ဖတ်ရှုရသည်။
အလားတူ ချဲလ်ဆီးအသင်းမှ တိုက်စစ်မှူး ဒီယေဂိုကော်စတာကလည်း လဲကျနေသည့် တဖက်အသင်းသား အား ရှောင်လျှင်သော် လည်းကောင်း၊ ကျော်သွားလျှင်သော် လည်းကောင်း ရပါနိုင်လျက်နှင့် တမင်တကာ တက်နင်းသဖြင့် ပွဲပယ်ခံရသည့် သတင်းလည်း တွေ့လိုက်ရသည်။ ယင်း ဖြစ်စဉ် သတင်း၂ ပုဒ်ကို ကြည့်ခြင်း အားဖြင့် ဘောလုံးကစားပုံ ကောင်းခြင်းနှင့် စိတ်ဓာတ် ကောင်းခြင်းတို့မှာ ဒွန်တွဲ မနေနိုင်သည်ကို တွေ့နိုင်ပေ သည်။
သို့သော် ချွင်းချက်အနေဖြင့် အီတလီ ဘောလုံးသမား ပေါ်လို ဒီကာနီယို အင်္ဂလန် ပရီးမီးယားလိခ် ဝက်စ် ဟမ်းအသင်းတွင် ကစားခဲ့စဉ်က တဖက်အသင်းအား လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းနိုင် သော်လည်း တဖက်အသင်းတဦး ဂိုးရှေ့တွင် လဲကျနေသည့်အတွက် ဂိုးမသွင်းပဲထားခဲ့ဘူးသည်။
သို့ဖြစ်ပါ၍ ယနေ့ အားကစား လောကတွင် ခေတ်စားနေသည့် အားကစားစိတ်ဓာတ်၊ အားကစားသမား စိတ်ဓာတ် ဆိုသည့် အကြောင်းရင်းကို သိလိုစိတ် ပြင်းပြလာသဖြင့် တတ်နိုင်သမျှ စူးစမ်းရှာဖွေ လေ့လာ မိပါသည်။ အားကစား ဟူသည့် စကားလုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်း ရှာဖွေလေ့လာကြည့်သည်။
တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုသလို အားစကားကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။
သို့ရာတွင် ခြုံငုံလေ့လာကြည့်လျင် အားကစား၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ “စိတ်ချမ်းသာ၍ ကိုယ်ကျန်း မာ အောင် ဆောင်ရွက်ခြင်း” ဟု အဓိပ္ပာယ် ရပါသည်။
အားကစား
တဆက်တည်းမှာပင် အားကစားဟူသည့် အသုံးအနှုန်း မြန်မာနိုင်ငံတွင် မည်သူက မည်သည့်ကာလတွင် စတင် သုံးစွဲကြောင်းမှာလည်း သိရခက်သောပုစ္ဆာတခု ဖြစ်နေခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီကမူ အားကစား ဟူသည့် အသုံးအနှုန်း မတွေ့ရသေးပါ။ ကစားခုန်စား ဟူ၍သာ သုံးစွဲခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံဘဝတွင် အိုလံပစ် အဖွဲ့ချုပ် ဖွဲ့စည်းခွင့် မရခဲ့ပါ။
နိုင်ငံသားခြားသား အများစု ပါဝင်သော Burma Athletic Association (BAA) အဖွဲ့သာ ရှိသည်။ BAA ၏ မြန်မာ အခေါ်အဝေါ်မှာ “မြန်မာ နိုင်ငံ ကစားခုန်စား အသင်းကြီး” ဟူ၍ ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် လွတ်လပ်ရေး အကြို ကာလတွင် ဆရာဦးဇော်ဝိတ်တို့၊ ကာယဗလ ဦးနေဝင်းတို့ ဦးဆောင်ကာ အားကစားစာစောင် တစောင် ထုတ်ဝေဖူးသည်။ ယင်းစာစောင်၏ အမည်မှာ “အားနှင့် ကစား” ဟူ၍ ဖြစ်သည်။
ယခုကာလတွင်မူ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ၊ အရှေ့တောင်အာရှ အားကစားပွဲ၊ အာရှ အားကစားပွဲ၊ ကမ္ဘာ့ အိုလံပစ် အားကစားပွဲဟု ခေါ်ဝေါ်သုံးစွဲနေကြသည်။ Games ကို ကစားပွဲဟု ရည်ညွှန်း သုံးစွဲနေကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ London Olympic (1948) ၊ Asia Games (1951)၊ SEAP Games (1959)၊ Sea Games (1977) တို့ ပေါ်ပေါက်လာမှသာလျှင် အားကစားဟူသည့် အသုံးအနှုန်း မြန်မာနိုင်ငံတွင် တွင်ကျယ်စွာ အသုံး ပြု လာကြခြင်း ဖြစ်ဖွယ်ရာ ရှိပါသည်။ အားကစား သုတေသီများ ထပ်မံရှာဖွေ စူးစမ်းကြစေလိုပါသည်။
အားကစား စိတ်ဓာတ်
အားကစားနှင့် ပူးတွဲ၍ အားကစား စိတ်ဓာတ်ဟူသော ဝေါဟာရ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ အားကစား ကို လေ့လာ လိုက်စားကြရာတွင် နှစ်မျိုးနှစ်စား ရှိသည်ဟု ဆိုကြပါသည်။ ပထမ အမျိုးအစားမှာ ကျန်းမာရေး အတွက် အသေးစား အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်း ဖြစ်သည်။ လမ်းလျှောက်ခြင်း၊ ခပ်ရွရွပြေးခြင်းမှ စကာ ကြက်တောင်၊ တင်းနစ်၊ ဂေါက်သီး၊ ရေကူး စသည့် အားကစားနည်းတို့ကို အပေါ့စား၊ အသေးစား လေ့ကျင့်ကြခြင်းမှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေး အဆင့်ဖြစ်သည်။
ဒုတိယ အမျိုးအစားမှာ သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြိုင်ပွဲဝင်နိုင်ရန် လိုက်စားလေ့ကျင့်ကြခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်ရန် အတွက် လေ့ကျင့်သူများ အတွက် အားကစားနည်းများ အလိုက် ပြိုင်ပွဲများ ရှိ လာပါ သည်။ ယင်းပြိုင်ပွဲများ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် အားကစားသမားကောင်းများ ဖြစ်ဖို့ အရေး ကြီးပါသည်။
အားကစား သမားကောင်း ဆိုသည်မှာ သက်ဆိုင်ရာ အားကစားနည်းတွင် ထူးချွန်ရုံမျှသာမက ကိုယ့်ကျင့် တရားပါ ကောင်းမွန်ဖို့ လိုပါသည်။
အားကစားသမား များသည် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းဖို့ သင့်ပါသည်။ ဤနေရာတွင် ဘာသာရေး အတွက် ရည်ရွယ်ပြောဆိုခြင်း မဟုတ်ပါ။ အထူးသဖြင့် အားကစားသမားများနှင့် မည်သို့မျှ အပ်စပ်ခြင်း မရှိ သည့် မူးယစ်ဆေးဝါး များကို ဆေးလိပ်မှစကာ မူးယစ်စေတတ်သော အရာမှန်သမျှ ရှောင်ကြဉ်သင့်ကြ ကြောင်း၊ မြန်မာနိုင်ငံ တွင်မူ ကွမ်းစားခြင်းကိုပင် ထည့်သွင်း ရှောင်ကြဉ် သင့်ကြောင်း အကြံပြုခြင်း ဖြစ်ပါ သည်။ သို့မှသာ စံပြုထိုက်သည့် အားကစား သမားကောင်းများ ဖြစ်စေနိုင်ပေလိမ့်မည်။
ထိုကဲ့သို့ ကိုယ်ခံစိတ်ဓာတ် ကောင်းမှသာ အားကစားရာ၌လည်း စိတ်ဓာတ်ကောင်းကို မွေးမြူနိုင်ကြပါမည်။
အားကစား စိတ်ဓာတ်ကောင်း၏ အဓိကကျသော အခြေခံအချက်မှာ ပြိုင်ဘက်များ အပေါ် မတရားသဖြင့် အနိုင်ရယူခြင်း မဟုတ်ဘဲ တရားမျှတစွာ ယှဉ်ပြိုင်ပြီး အနိုင်ရယူခြင်းပင် ဖြစ်သည်။
ရွှေတံဆိပ်တွေ ဘယ်နည်းဖြင့် ရရ၊ ရဖို့သာအဓိက ဆိုခြင်းမျိုးမှာ အားကစား စိတ်ဓာတ် မရှိခြင်းကို ပြသရာ ရောက်ပေသည်။ အားကစားစိတ်ဓာတ်၏ အခြေခံမှာ ပြိုင်ပွဲတိုင်းတွင် တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၊ ပြိုင် ဘက်များ အားလုံးအပေါ် ကိုယ်ချင်းစာနာစိတ် ထားရှိခြင်းနှင့် တာဝန်သိတတ်ခြင်း တို့ပင် ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် အားကစားစိတ်ဓာတ်ကို ဖော်ထုတ်ပြသသည့် ဖြစ်စဉ်နှစ်ရပ်ကို စာတွေ့အားဖြင့် သိခဲ့ဖူးပါ သည်။ ပထမ တယောက်မှာ ဘောလုံးသမားတဦး ဖြစ်ပါသည်။ အရေးကြီးသော ဘောလုံးပွဲတပွဲတွင် သူ့အား တဖက်အသင်းသား တဦးက ကြမ်းတမ်းစွာ ကစားသည်ဟု ဆိုကာ ကွင်းလယ်ဒိုင်လူကြီးက တဖက်အသင်း ဘက်သို့ ပင်နယ်တီ ပေးပါသည်။ ယင်းပင်နယ်တီကို လူချခံရသည်ဆိုသော ဘောလုံးသမား ကိုယ်တိုင်က ကန်ပါသည်။ သိသိသာသာကြီး ပင် ဘေးသို့ကန်ထုတ်ပစ်လိုက်ပါသည်။
ပွဲအပြီး သတင်းသမားက မေးကြရာတွင် သူက “ဒိုင်လူကြီးက မျက်စိမှားပြီး ပင်နယ်တီပေးတာပါ၊ ပင်နယ်တီ မဟုတ်ပါဘူး၊ အခွင့်အရေး မတရားမယူချင်လို့ တမင်တကာ ဘေးသို့ ကန်ထည့်လိုက်တာ” ဟု ဖြေသည်။
ယင်း အကြောင်းကို သတင်းစာများက အကျယ်တဝင့် ဂုဏ်ပြုချီးကြူး ဖော်ပြခဲ့ကြပါသည်။
နောက်တဦးမှာ အလေးမ သမားတဦး ဖြစ်ပါသည်။ ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီး တပွဲတွင် ဖြစ်ပါသည်။
အမြန်မနည်းတွင် အောင်မြင်စွာ မနိုင်ပါက ပထမဆု ရမည် ဖြစ်သည်။ အလေးမ သမားက မပါသည်။
ဒိုင်လူကြီး ၃ ဦးစလုံးကလည်း အဖြူရောင်မီးဖွင့်၍ မှန်ကန်စွာ မနိုင်ကြောင်း အဆုံးအဖြတ် ပေးကြပါသည်။ သို့ရာတွင် ယင်း အလေးမသမားက အလေးမနည်း စည်းကမ်းနှင့်မညီဘဲ မခဲ့ကြောင်း၊ အပြစ်ကျူးလွန်မှုမှာ မြန်လွန်းအားကြီးသဖြင့် မေတွေ့လိုက်ရခြင်း ဖြစ်ဟန်တူကြောင်းဖြင့် ပြောကာ ကမ္ဘာ့အဆင့် ရွှေတံဆိပ်ဆုကို ငြင်းပယ်ခဲ့ပါသည်။
ကိုယ်တွေ့
ကိုယ်တွေ့တကြိမ် တွေ့ခဲ့ဖူးပါသည်။ ကြာတော့လည်း ကြာပြီ ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟဲလ်စင်ကီမြို့ တွင် ကျင်းပသည့် ၈ ကြိမ်မြောက် လူငယ်ပွဲတော် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား အမျိုးသမီး ၃ ဦး ပါဝင်ယှဉ်ပြိုင်ပါသည်။
(ဒေါ်) ဂရေစီကား၊ (ဒေါ်) ခင်ဌေးနှင့် ဒေါက်တာ ရီနာမြတို့ ဖြစ်သည်။ အရှေ့ဥရောပနိုင်ငံမှာ ထိုကာလက ကမ္ဘာနီဟု ခေါ်ကြသည့် နိုင်ငံများမှ အားကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြေးခုန်ပစ် ပြိုင်ပွဲတွင်မူ ကမ္ဘာ့ ချန်ပီယံများ ဝင်ပြိုင်ကြပါသည်။
အမျိုးသမီး မီတာ ၈၀ တန်းကျော်ပြေးပွဲ အပြီးတွင် ဂရေစီကား တတိယရသည်ဟု အရှုံးအနိုင်ပြ လျှပ်စစ် တုတ်တွင် ပေါ်လာပါသည်။ ကျနော်တို့အားလုံး ဝမ်းသာအားရ ဖြစ်သွားကြပါသည်။ သို့သော် ဝမ်းမသာနိုင် သူကတော့ ဂရေစီကား ဖြစ်သည်။
“မဖြစ်နိုင်တာ၊ ဒီလောက်ကောင်းတဲ့ စံချိန် တခါမှ မရခဲ့ဖူးပါဘူး။ တခုခု မှားနေပြီ ထင်ပါတယ်” ဟု ပြော သည်။ ကျနော်က မှားမှားမှန်မှန် ဆုရတာပဲဗျာ ယူရမယ် ဟု ပြောမိပါသည်။ “ကိုယ်မှ မရထိုက်တဲ့ဆု မယူချင်ပါဘူး” ဟု ဂရေစီကားက ကျနော့်အား ပြန်ပြောသည်။
ကျနော်တို့ နှစ်ယောက် ငြင်းခုန်နေတုန်းမှာပင် ဖင်လန် အမျိုးသမီးငယ်တယောက် ရောက်လာပြီး၊ ဂရေစီကားအား ပြေးခုန်ပစ် ဒိုင်ချုပ်က တွေ့လိုကြောင်း လာပြောပါသည်။ ပြေးခုန်ပစ် ဒိုင်ချုပ်တာဝန် ထမ်းဆောင်နေသူက သူ့ကိုယ်သူ မိတ်ဆက်ပေးပြီး “ခုနက ပြိုင်သွားတဲ့ မီတာ ၈၀ တန်းခုန် ပြေးပွဲမှာ ပန်းဝင်ဒိုင်အဖွဲ့က ဂရေစီကား တတိယ ရတယ်လို့ ရွေးထားတာ၊ အခု ဟောဒီ ရုရှားမလေးက သူသာ တတိယ ရတာပါလို့ လာပြောနေတယ်၊ အဲဒါက ရှည်ရှည်ဝေးဝေး လုပ်မနေပါဘူး၊ ကာယကံရှင် ဂရေစီ ကားကသာ တတိယဆုရတာ မှန်ပါတယ်လို့ပြောရင် ဂရေစီကိုပဲ တတိယဆု ပေးမှာပါ” ဟု ပြောပါသည်။
ဂရေစီကားက မဆိုင်းမတွပင် “သူ (ရုရှားမလေး) ပြောတာ မှန်ပါတယ်။ သူက ကျမရှေ့က ပန်းဝင်သွား တာ ပါ။ သူက တတိယရပြီး ကျမက စတုတ္ထသာ ရတာပါ” ဟု ပြန်လည် ပြောကြားလိုက်သည်။
လူငယ်ပွဲတော်၊ ပြေးခုန်ပစ် ဒိုင်ချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖင်လန် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကြီး က “ကျေးဇူးတင်ပါတယ်၊ တကယ့်ကို အားကစား စိတ်ဓာတ်ရှိတဲ့ မိန်းကလေးပါပဲ” ဟု ထုတ်ဖော် ချီးကျူး သည်။
ဂရေစီကား ဘာပြောမလဲဟု စောင့်နားထောင်နေ ကြသည့် ရုရှား ပြေးခုန်ပစ် အဖွဲ့ကလည်း စကားပြန်မှ တဆင့် ဂရေစီကား၏ အဖြေကို ကြားလိုက်ကြရသောအခါ “စပါးကီးဗား” (ကျေးဇူးတင်ပါတယ်) ဟု ပါးစပ်မှ ပြောကာ ဂရေစီကားကို ဝိုင်းအုံပွေ့ဖက် နှုတ်ဆက်ကြပါသည်။
ဒိုင်လူကြီးက မှားယွင်းပြီး ပင်နယ်တီ ပြစ်ဒဏ်ပေးသည်ကို ဂိုးဝင်အောင်မသွင်းဘဲ ဘေးသို့ သိသိသာသာကြီး ကန်ထည့်လိုက်သည့် ဘောလုံးသမား၊ အလေးမပြိုင်ပွဲတွင် အကဲဖြတ် လူကြီးများက မျက်စိလျှမ်းကာ အမှား ကို မမြင်ဘဲ အမှန်ပေးသဖြင့် ရရှိသော ကမ္ဘာ့ချန်ပီယံဆုကို လက်မခံသော အလေးမသမား၊ ပန်းဝင်ဒိုင်အဖွဲ့ က မှားယွင်းပြီး ရွေးချယ်မှုကြောင့် နိုင်ငံတကာ ပြိုင်ပွဲကြီးတပွဲတွင် ရရှိမည့် ရွှေတံဆိပ်ကို ငြင်းပယ်ခဲ့သည့် မြန်မာအမျိုးသမီးလေးတဦး ၏ စိတ်ဓာတ်တို့မှာ အားကစားစိတ်ဓာတ်၏ အခြေခံ စိတ်ဓာတ်ကောင်းပင် ဖြစ်သည်။
ခြုံရလျှင် ယှဉ်ပြိုင်ဘက်များအပေါ် မတရားသဖြင့် အနိုင်ရယူလိုစိတ် မရှိခြင်းမှာ အားကစားစိတ်ဓာတ်ပင် ဖြစ်သည်။ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ကြခြင်းသည်ပင်လျှင် အခြေခံ အားကစား စိတ်ဓာတ်ပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။
အမှန်တကယ်တွင် တရားမျှတစွာ ယှဉ်ပြိုင်ခြင်းသည် အားကစားနယ်ပယ် သာမက အခြားသော နယ်ပယ် များတွင်မှာ ပါ ရှိသင့် ရှိထိုက်သော စိတ်ဓာတ်ကောင်း ဖြစ်ပါသည်။ နိုင်သူက ရှုံးသူကို နှစ်သိမ့် အားပေးပြီး၊ ရှုံးသူက နိုင်သူကို ချီးမွှမ်းသော စိတ်ဓာတ်များဖြင့် အားကစားဂုဏ်ကို ထိန်သိမ်းမြှင့်တင် နိုင်ပါစေကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။