၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ (ဆီးဂိမ်း- SEA Games) ကို ဇွန်လ ၅ မှ ၁၆ ရက်နေ့အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပတော့မည် ဖြစ်ရာ မြန်မာနိုင်ငံက အားကစားသမား ပေါင်း ၃၀၀ ကျော်ဖြင့် အားက စား နည်း ၃၁ မျိုးတွင် ယှဉ်ပြိုင်ရန် လျာထားပြီး၊ ကုန်ကျစရိတ် ၃ မျိုးခွဲခြား ကျခံကာ ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ် အကြောင်း တပတ်က တင်ပြခဲ့သည်။ ယခု အားကစားဝန်ကြီးဌာနက လုံး၀ တာဝန်ယူ စေလွှတ် ယှဉ်ပြိုင်မည့် အားကစားနည်း ၁၇ မျိုးနှင့် စင်ကာပူ ဆီးဂိမ်းတွင် ဆုတံဆိပ်ရရှိနိုင်ခြင်း ရှိမရှိကို သုံးသပ် ဆွေးနွေး လိုသည်။
၁၇ မျိုး
ပြည်ထောင်စု အားကစားဝန်ကြီးဌာနမှ တာဝန်ယူ စေလွှတ်ယှဉ်ပြိုင်စေမည့် အားကစားနည်း ၁၇ မျိုး ရှိ သည်။ အားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သည့် အစဉ်အလာ လုပ်ထုံးလုပ်နည်းများ အရ ဆိုလျှင် ယင်းအားကစားနည်း ၁၇ မျိုး အတွက်သာ လာမည့် စင်ကာပူဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင့်မီ သည်ဟု သဘော သက်ရောက် နေသည့်၊ ရွှေ၊ငွေ၊ကြေး၊ ဆုတံဆိပ်တမျိုး မဟုတ်တမျိုးဆွတ်ခူးနိုင်သည်ဟု သက်ဆိုင်ရာတို့က တရားဝင် သတ်မှတ် ထားခြင်း ဖြစ်သည်ဟုလည်း ခန့်မှန်းရသည်။
သို့ဖြစ်ရာ ပြည်ထောင်စု အားကစားဝန်ကြီးဌာနက ဆီးဂိမ်းတွင် ယှဉ်ပြိုင်ရန် အဆင့်မီသည်ဟု သတ်မှတ် ထားသည့် အားကစားနည်း ၁၇ မျိုးသည် လာမည့် ဆီးဂိမ်းတွင် အောင်မြင်မှုရနိုင် မရနိုင်ကို ကြိုတင် အကဲဖြတ်ကြည့်လိုသည်။
ယင်းသို့ ကြိုတင်လေ့လာအကဲဖြတ်ရာတွင် ယင်းအားကစားနည်းများ၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုများကို မြန်မာ နိုင်ငံ တွင်ကျင်းပခဲ့သည့် နေပြည်တော်ဆီးဂိမ်းတွင် ရရှိသော ရလာဒ်များကို အခြေခံ၍ တင်ပြသွားမည် ဖြစ်သည်။
ပြေးခုန်ပစ်
ပြေးခုန်ပစ် အားကစားနည်းမှာ အားကစားပြိုင်ပွဲတိုင်းတွင် မထည့်မနေရ ထည့်သွင်းကျင်းပရသည့် ပြိုင်ပွဲ ဖြစ်သည်။ နိုင်ငံတကာ အားကစားပြိုင်ပွဲဝင် နိုင်ငံတိုင်းကလည်း ပြေးခုန်ပစ် အားကစားနည်းတွင် မပျက် မကွက် ဝင်ရောက် ယှဉ်ပြိုင် လေ့ရှိကြသည်။ မြန်မာနိုင်ငံက ကျွန်းဆွယ်နှင့် ဆီးဂိမ်းများတွင် ဘောလုံး အပါအဝင် တခြားသော အားကစားနည်းများ ဝင်ရောက် မယှဉ်ပြိုင်သည့် အကြိမ်များ ရှိခဲ့သော်လည်း ပြေးခုန်ပစ်မှာ နှစ်စဉ်တိုင်းလိုလို ပါဝင် ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရသည်။
အောင်မြင်မှုများလည်း ရှိခဲ့ကြသည်။ မြန်မာ အမျိုးသမီး ပြေးခုန်ပစ်သမားများသည် အရှေ့တောင်အာရှ ကျွန်းဆွယ် ပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစာနးည်း အားလုံးတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြ သည်။ သံလုံးနှင့် သံပြားပစ် ပြိုင်ပွဲတွင် ဂျနီဖာတင်လေး၏ အောင်မြင်မှုများကဲ့သို့ ရရှိနိုင်မည့် အားကစား သမား မမြင်တွေ့ရသေးပါ။
အမျိုးသား ပြေးခုန်ပစ်သမားများ ကလည်း မီတာ ၁၀၀၊၂၀၀ တာတို ပြေးပွဲများတွင် ကြေးတံဆိပ်သာ ရရှိခဲ့ဖူး သော်လည်း မီတာ ၄၀၀ မှ မာရသွန်ပြိုင်ပွဲ အထိ ကျွန်းဆွယ်ချန်ပီယံများ ဖြစ်ခဲ့ကြသည်။
အပစ်ပြိုင်ပွဲတွင် လှံတန်နှင့် သံတူပစ်အားကစား ၂ မျိုးသာ ရွှေတံဆိပ်မရခဲ့ဖူးသေးပါ။ အခုန် ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် မရဘူးသေးသည်က လွှဲ၍ ဤပြေးခုန်ပစ်အားကစားနည်းများတွင် ရွှေတံဆိပ်ရှင်များ ဖြစ်ခဲ့ကြသည်။
သို့သော် ပြေးခုန်ပစ်သည်လည်း အခြားအားကစားနည်းများ နည်းတူ အကျဘက်သို့ ယိုင်ဆင်းသွားခဲ့သည်မှာ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းအထိ ဖြစ်သည်။ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲ္ပတွင် ရွှေ ၁၊ အမျိုးသမီးမီတာ ၅၀၀၀ ပြေးပွဲတွင် ရွှေ ၁ ဆုသာ ရခဲ့သည်။ ယခင်ကမူ မခင်ပုနှင့် သန်းသန်းတို့က တဦးချင်း ရွှေတံဆိပ် ၄ ဆု အထိ ဆွတ်ခူးနိုင်ခဲ့ကြ သည်။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ထိုင်းပြေးခုန်ပစ်သမားများက ရွှေတံဆိပ် ၁၇၊ ဗီယက်နမ်က ရွှေ ၁၁၊ အင်ဒိုနိးရှားက ရွှေ ၆၊ ဖိလစ်ပိုင် က ရွှေ ၆၊ မလေးရှားက ရွှေ ၄၊ မြန်မာက ရွှေ ၂၊ စင်ကာပူက ရွှေ ၂ ဆု ဆွတ်ခူးခဲ့သည်။
စင်ကာပူဆီးဂိမ်းတွင် မြန်မာ ပြေးခုန်ပစ်သမားများက ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးနိုင်လျှင်ပင် မြန်မာပြေးခုန်ပစ် အားကစား အောင်မြင်သည်ဟု ဆိုရမည် ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲ တချို့တွင် မြန်မာ ပြေးခုန်ပစ်သမားများ ရွှေတံဆိပ် မဆွတ်ခူးနိုင်သည်ကိုလည်း တွေ့ရသည်။
မြားပစ်
မြားပစ် အားကစားနည်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျမှ ထည့်သွင်းလာသော အားကစားနည်း ဖြစ်သည်။ မြန်မာ မြားပစ် အားကစာနးည်းမှာ အထိုက်အလျောက် အောင်မြင်မှုရှိသော အားကစားနည်း ဖြစ်သည်။ ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းတွင် မြားပစ် အားကစားနည်းက ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့သည်။ အောင်ငှိမ်း တဦးထဲက ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့သည်။ အမျိုးသမီးတဦးချင်း၊ အမျိုးသမီး ၂ ယောက်တွဲ၊ အမျိုးသား အမျိုးသမီး ၂ယောက်တွဲ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
သို့သော် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းမှာတော့ အောင်ငှိမ်း တဦးကသာ ရွှေတံဆိပ် ၁ ဆုသာ ဆွတ်ခူးနိုင် တော့သည်။ နေပြည်တော် ဆီးဂိမ်း၊ မြားပစ်ပြိုင်ပွဲတွင် မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့က ရွှေတံ ဆိပ် ၂ ဆုစီ ဆွတ်ခူး ခဲ့သည်။ စင်ကာပူနိုင်ငံက ရွှေတံဆိပ် ၁ ဆုနှင့် ငွေတံဆိပ် ၁ ရသည်။ မြန်မာနိုင်ငံကမူ ရွှေ ၁ နှင့် ကြေးတံဆိပ် ၃ ဆု ရသည်။ စင်ကာပူပွဲတွင် (ဒေါ်) အောင်ငှိမ်းလို မြားပစ်သူရဲကောင်းများ ရှိနေလျှင်မူ ရွှေတံဆိပ် မျော်မှန်းနိုင်သည်။
ဘိလီယက်/စနူကာ
ဘိလီယက်နှင့် စနူကာ အားကစားနည်းများ သီးသန့် ဆန်လွန်းသော အားကစားနည်း ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းတွင် ရွှေ ၁ နှင့် ငွေ ၅၊ ကြေး ၅ ဆု ဖြင့် နိုင်ငံအလိုက် စတုတ္ထရသည်။ထိုင်းက ရွှေ ၄၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့က ရွှေ ၂ ခုစီဖြင့် အစဉ်လိုက်ရကြသည်။ စင်ကာပူတွင် မြန်မာဘီလီယက် နှင့် စနူကာအသင်း ရွှေတံဆိပ် ၁ ဆုရလျှင်ပင် ကျေနပ်ရမည် ဖြစ်သည်။
ဘိုးလင်း (Bowling)
ဘိုးလင်း အားကစားနည်းကို စင်ကာပူ ဆီးဂိမ်းတွင် ယှဉ်ပြိုင်ရန် ဝန်ကြီးဌာန စရိတ်ဖြင့် စေလွှတ်မည် ဆိုခြင်း မှာ အလွန် ထူးဆန်းသော လုပ်ရပ်ဖြစ်သည်။ ပြည်တွင်း၌ Bowling ရုံများရှိသည်မှာ မှန်သော်လည်း အများ သူငါ မကစားနိုင်ပါ။ ငွေကြေး တတ်နိုင်သူများသာ ဝင်ထွက်သွားလာနိုင်သော နေရာဖြစ်ပါသည်။ နိုင်ငံတကာ ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မှု နည်းပါးပြီး အောင်မြင်မှုလုံးဝမရှိသော အားကစားနည်း ဖြစ်ပါ သည်။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်လည်း ထည့်သွင်းကျင်းပခြင်း မရှိသည့် အားကစားနည်းကို နိုင်ငံခြားသို့ အစိုးရက စရိတ်ခံပြီး ဦးစားပေးအဆင့်ဖြင့် စေလွှတ်ခြင်းမှာ ဘာကြောင့်လဲဟု မေးမြန်းစရာဖြစ်နေပါသည်။ ဘိုလင်း အားကစား နည်းမှ စင်ကာပူ ဆီးဂိမ်းတွင် ရွှေတံဆိပ် လုံးဝမရနိုင်ပါ။ သုံးနိုင်ငံတည်း ပြိုင်လျှင်မူ ကြေးတံဆိပ်ရကောင်း ရပါလိမ့် မည်။ စာရေးသူ ကတော့ ဆုတံဆိပ် လုံးဝမရနိုင်ဟု ကြိုတင်ခန့်မှန်းပါသည်။
ရိုးရာလှေ
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုမှာ ရိုးရာလှေပြိုင်ပွဲတွင် အခြေခံပါ သည်။ နေပြည်တော် ဆီးဂိမ်း ရိုးရာလှေပြိုင်ပွဲတွင် မြန်မာ လှေလှော်မောင်မယ်တို့က ရွှေတံဆိပ် ၁၄၊ ငွေ ၁၊ ကြေး ၂ ဖြင့် အပြတ်အသတ် အနိုင်ယူက နိုင်ငံအလိုက် ပထမနေရာ၌ ရပ်တည်ခဲ့သည်။ အဓိက ပြိုင်ဘက် အင်ဒိုနီးရှားက ရွှေ ၂ ဆုသာ ရသည်။ ထိုင်းက ရွှေ ၁ ဆုသာ ရသည်။
ငလိုက်ဆည်တွင် ရိုးရာလှေပြိုင်ပွဲ၌ ငွေတံဆိပ် ၁၁ ဆု ရခဲ့သည်။ ထိုင်း လှေလှော်သမားများနှင့် အကြိတ် အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။ ရွှေတံဆိပ် သေချာပေါက် မြန်မာလှေလှော်သားများ ရနိုင်သည်။ ၂၀၁၁ ဂျာကာတာ ဆီးဂိမ်း တွင်လည်း မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၁၆ ဆု ဆွတ်ခူးရာတွင် ရိုးရာလှေက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးခဲ့သည်။ စင်ကာပူ ဆီးဂိမ်းတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်အနည်းအများ ရရှိရေးမှာ ရိုးရာလှေ ရွှေတံဆိပ်များက အဆုံးအဖြတ် ပေးသွားပေလိမ့်မည်။
အနောက်တိုင်းလှေ
အနောက်တိုင်းလှေ ပြိုင်ပွဲတွင် နေပြည်တော်ဆီးဂိမ်း၌ မြန်မာအသင်း ရွှေတံဆိပ်၊ ငွေ ၂၊ ကြေး ၂ နှင့် နိုင်ငံ အလိုက် တတိယ ရသည်။ အင်ဒိုနီးရှားက ရွှေ ၅၊ ငွေ ၁၊ ကြေး ၃ ဖြင့် ပထမ၊ ဗီယက်နမ်က ရွှေ ၁၊ ငွေ ၃၊ ကြေး ၂ ဖြင့် နိုင်ငံ အလိုက် ဒုတိယရသည်။ မြန်မာ လှေလှော်အားကစား သမားများ ရွှေတံဆိပ် ၁ ခုတော့ အနည်းဆုံး ရကောင်းရမည် ဖြစ်သည်။
ကနူး/ကယက်
၂၀၁၃ ဆီးဂိမ်းတွင် ကနူး/ကယက် လှေလှော်ပြိုင်ပွဲငယ် ၁၆ ပွဲ ထည့်သွင်း ကျင်းပသည့် မြန်မာအသင်းက ရွှေ ၅၊ ငွေ ၅၊ ကြေး ၂ ဖြင့် နိုင်ငံအလိုက် ပထမရသည်။ ထိုင်းအသင်းကလည်း ရွှေ ၅၊ ငွေ ၂၊ ကြေး ၅ ဖြင့် ဒုတိယ၊ အင်ဒိုနီးရှား နိုင်ငံက ရွှေ ၄၊ ငွေ ၅၊ ကြေး ၁ ဖြင့် တတိယရသည်။ စင်ကာပူတွင် ယင်း ၃ နိုင်ငံသာ အကြိတ်အနယ် ပြိုင်ရဖွယ် ရှိသည်။ မြန်မာ ကနူး/ ကယက် အသင်းငယ်လက် မပျောက်သေးလျှင် ရွှေတံ ဆိပ်ရနိုင်သည်။
ကျွမ်းဘား
ကျွမ်းဘား အားကစားနည်းမှာ ကျွန်းဆွယ် (ရန်ကုန်) ပြိုင်ပွဲတွင် စတင်ထည့်သွင်း ကျင်းပခဲ့သည်။ မြင့်အောင်က ရွှေတံဆိပ် ၆ ဆု ရသည်။ ပထမနှင့် နောက်ဆုံးအောင်ပွဲပင် ဖြစ်သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ကျွမ်းဘား ပြိုင်ပွဲထည့်သွင်း ကျင်းပခြင်း မရှိပါ။ စင်ကာပူ ဆီးဂိမ်းကျွမ်းဘား ပြိုင်ပွဲတွင် မြန်မာကျွမ်းဘားသမားများ လေ့လာသူ အဆင့်သာ ရှိကြပါလိမ့်မည်။ ဆုတံဆိပ်မရနိုင်ပါ။
ဂျူဒို
ဂျူဒို အားကစားနည်းသည် မြန်မာနိုင်ငံအတွက် အစဉ်အလာရှိသော အားကစားနည်း ဖြစ်သည်။ နေပြည် တော် ဆီးဂိမ်းတွင် ရွှေ ၄၊ ငွေ ၄၊ ကြေး ၃ ဖြင့် နိုင်ငံအလိုက် ဒုတိယရသည်။ ရွှေတံဆိပ် အနည်း အများ ကွာကောင်း ကွာပေ လိမ့်မည်။ သို့သော် ရွှေတံဆိပ်ရနိုင်သည်။
ပီတန်
အားကစား မဟုတ်သော အားကစားနည်းကို အားကစားအဖြစ် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပနေခြင်း ဖြစ် သည်။ ပြင်သစ်ရိုးရာ အားကစားနည်း ဖြစ်သော်လည်း လာအို ရိုးရာအားကစားနည်း အဖြစ် ဆီးဂိမ်းတွင် ထည့်သွင်းလာခြင်း ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းတွင် ရွှေ ၃၊ ကြေး ၁ ဖြင့် နိုင်ငံအလိုက် တတိယရသည်။ လာအိုက ရွှေ ၄၊ ငွေ ၄၊ ကြေး ၂ ဖြင့် နိုင်ငံအလိုက် ဒုတိယရသည်။ မြန်မာပီတန်ပစ် သမားတို့ ရွှေပြန်ရလျှင် ချီးကျူးကြရမည် ဖြစ်သည်။
ပိုက်ကျော်ခြင်း
ပိုက်ကျော်ခြင်း အားကစားနည်းမှာလည်း အစဉ်အလာကောင်းသော အားကစားနည်း ဖြစ်သည်။ နှစ်ယောက် တွဲ ပွဲများမှ ရွှေတံဆိပ်ရနိုင်ပြီး၊ ၃ ယောက်တွဲ အသင်းများ ပိုမို တိုးတက်ကောင်းမွန်လာလျှင် ဆုတံဆိပ်မှန်း နိုင် သည်။
ဝူရှူး
ဝူရှူး အားကစားနည်း ကလည်း အာရှအားကစားပြိုင်ပွဲ အထိ ရွှေတံဆိပ် ရထားသည့် အားကစားနည်း ဖြစ်သည်။ နေပြည်တော် ဆီးဂိမ်းတွင် ရွှေ ၅ ၊ ငွေ ၅၊ ကြေး ၅ ဖြင့်နိုင်ငံအလိုက် ပထမရသည်။ စင်ကာပူတွင် ရွှေတံဆိပ်ရမည်၊ နေပြည်တော် ထက်တော့ ကျော်မည် မထင်ပါ။ ဗီယက်နမ် ရွှေ ၅၊ အင်ဒိုနီးရှား ရွှေ ၄ ၊ မလေးရှား ရွှေ ၃ ၊ဖိလစ်ပိုင် ရွှေ ၃ အသီးသီး ရကြသည်။
တိုက်ကွမ်ဒို
နေပြည်တော် ဆီးဂိမ်းတွင် ရွှေ ၄၊ ငွေ ၁၊ ကြေး ၆ ဖြင့်နိုင်ငံအလိုက် စတုတ္ထ ရသည်။ စင်ကာပူတွင် ရွှေရမည် ဖြစ်သော်လည်း နေပြည်တော်လောက်တော့ များများ မရနိုင်ပါ။
လက်ဝှေ့
လက်ဝှေ့ အားကစားနည်းတွင် မြန်မာ လက်ဝှေ့သမားများသည် ကမ္ဘာအိုလံပစ် လက်ဝှေ့ပွဲ အထိ မှတ်တမ်း ဝင်ခဲ့ ကြသည်။
ယခုတော့ ဆီးဂိမ်းမှာပင် ရွှေတံဆိပ်ရဖို့ ကြိုးစားရုန်းကန် နေရသည်။ နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၂ ဆု ရရှိခြင်း တူသော်လည်း ငွေတံဆိပ် ၄ ဆု ရသဖြင့် ဗီယက်နမ်ထက် တဆင့်မြင့်ကာ နိုင်ငံအလိုက် တတိယရခဲ့ သည်။ စင်ကာပူတွင် အိမ်ရှင်နှင့် အတူ ထိုင်း၊ ဖိလစ်ပိုင် တို့ကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ရဖို့ မလွယ်ပါ။ ရွှေတံဆိပ် မရနိုင်ပါ။
ဘော်လီဘော
စင်ကာပူ ဆီးဂိမ်းတွင် အမျိုးသား အသင်းသာ ပါဝင်ပြီး အမျိုးသမီးအသင်း ဝင်မပြိုင်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။ အမျိုးသား အသင်းပင်လျှင် စင်ကာပူတွင် ဆုတံ ရရှိရန် မလွယ်နိုင်ဟု သုံးသပ် ရပါသည်။
ဘောလုံး
ဘောလုံးသည် ဆီးဂိမ်းကာလအတွင်း တကြိမ်တခါမှ ရွှေတံဆိပ်မရဘူးသေးပါ။ ၂၀၁၃ တွင် မျှော်မှန်းထား သော်လည်း အကြို ဗိုလ်လုပွဲသို့ပင် မရောက်ပါ။ အုပ်စုမှ ထွက်ခဲ့ရသည်။ ၂၀၁၅ စင်ကာပူ ဆီးဂိမ်း အတွက် ပြောင်းလဲမှုကြီး တရပ် ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ပြုလုပ်ကာ စင်ကာပူတွင် လူသစ် အသင်း သစ်ဖြင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရ သည်။ အနည်းဆုံး နောက်ဆုံးဗိုလ်လုပွဲ အထိတော့ တက်ဖွယ် ရှိသည်။ လူသစ်များဖြင့် ဆီးဂိမ်းရွှေတံဆိပ်ရလျှင် ဂုဏ်ပြု ကြရမည် ဖြစ်သည်။ ရွှေတံဆိပ်ကိုတော့ လွယ်လွယ်နှင့် ရနိုင်ဖွယ် မရှိပါ။
ဖူဆယ်
မည်သည့် အတွက်ကြောင့် ဖူဆယ်ဘောလုံးကို ဦးစားပေးစာရင်းထဲ ထည့်သွင်းထားသည်ကို သက်ဆိုင် သူများသာ သိကြပေ လိမ့်မည်။ နေပြည်တော် ဆီးဂိမ်းတွင်မူ ဖူဆယ်အမျိုးသား အသင်းရော၊ အမျိုးသမီး အသင်းပါ ဆုတံဆိပ် မရကြပါ။ စင်ကာပူတွင်လည်း ရွှေတံဆိပ် မဆိုထားဘိ၊ ကြေးတံဆိပ်ပင် မရနိုင်ပါ။
သေနတ်ပစ်
လေ့ကျင့်မှု စရိတ်အကြီးဆုံး အားကစားနည်းမှာ သေနတ်ပစ် အားကစားနည်း ဖြစ်သည်။ သေနတ်တလက်၊ ကျည်ဆန် တထောင့်၏ တန်ဖိုးမှာလွန်စွာမှ မြင့်မားလှသည်။
နေပြည်တော်တွင် ရွှေ ၁၊ ငွေ ၂နှင့် ကြေး ၁ သာ ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ် အတွင်း ကျင်းပ သည့် အရှေ့တောင်အာရှ တံခွန်စိုက် သေနတ်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ပိုမိုရရှိလာသည်။ စင်ကာပူ ဆီးဂိမ်းတွင် ရွှေတံဆိပ်ရနိုင်သည်။ အနည်းအများကမူ မသေချာပါ။
ဤသည်တို့မှာ လာမည့် စင်ကာပူဆီးဂိမ်းတွင် နိုင်ငံတော်၏ စရိတ်ဖြင့် ပါဝင်ယှဉ်ပြိုင်မည့် အားကစား ၁၇ မျိုးအပေါ် အကြမ်းဖျင်း လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ။