ယခုလာမည့် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် ၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းသည် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (South East Asia Games – SEA Games) အဖြစ် နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင် ယှဉ် ပြိုင်သည့် အကြိမ် ၂၀ မြောက် ပြိုင်ပွဲ ဖြစ်ပြီး ၁၉၅၉ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ကျင်းပခဲ့သည့် အရှေ့တောင် အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲ (South East Asia Peninsula Games – SEAP Games) ၈ ကြိမ်ကိုပါ ထည့်သွင်း ရေတွက် သဖြင့် ၂၈ ကြိမ် မြောက် ပြိုင်ပွဲဖြစ်နေရခြင်း ဖြစ်သည်။
ကမ္ဘာ့အိုလံပစ်
ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီ နောက်ဆုံး အကြိမ်အဖြစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၁၉၃၉ ခုနှစ် ကမ္ဘာ့ အိုလံပစ် ပွဲတော် အထိ အာရှတိုက်မှ နိုင်ငံများ ဝင်ရောက်ယှဉ်ပြိုင်မှု နည်းပါးခဲ့သည်။ မြန်မာနိုင်ငံမှ တဦးထဲ သော အလေးမ ချန်ပီယံ (ဦး) ဇော်ဝိတ်ပင် ဘာလင် အိုလံပစ်သို့ မြန်မာနိုင်ငံသား အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရခဲ့ပါ။ အိန္ဒိယ နိုင်ငံသား အဖြစ်သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်ရေး ရပြီးမှသာလျှင် လွတ်လပ်သည့် နိုင်ငံအနေဖြင့် ကမ္ဘာ့အိုလံပစ် အးကစား ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ၁၄ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် ပွဲတော်ကို ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ်လ ၁၉ ရက်အထိ ကျင်းပခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံက လွတ်လပ်ရေးရရှိပြီး နောက် ၇ လနှင့် ၂၅ ရက် အကြာတွင် ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အောင်မြင်မှု
အာရှနိုင်ငံများ၏ လန်ဒန်အိုလံပစ်တွင် ရရှိသည့် အောင်မြင်မှုမှာ အာရှ အားကစားပွဲတော် ကျင်းပရေး စတင် နိုင်ခဲ့ ကြခြင်းပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ အားကစားခေါင်းဆောင် ဆွန်ဒီက ဦးဆောင်စည်းရုံး လှုံ့ဆော်ခဲ့ သည်။ မြန်မာ နိုင်ငံမှ လန်ဒန်အိုလံပစ်သို့ တက်ရောက်ခဲ့ကြသည့် ဦးမောင်မောင်ကလေး၊ ဦးဇော်ဝိတ်၊ ဗိုလ်မှူးထွန်းငြိမ်း၊ ဦးသော်ဇင် (အားလုံးကွယ်လွန်) တို့ကလည်း ဆွန်ဒီ၏ အားကစားပွဲ ဖြစ်မြောက်ရေး စည်းရုံးလှုံ့ဆော်မှုတွင် ပါဝင်လှုပ်ရှား ပေးခဲ့ကြသည်။
ဤသို့ဖြင့် ဆွန်ဒီ၏ မိခင်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်၌ ပထမ အကြိမ်မြောက် အာရှ အား ကစား ပွဲတော် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အချိန် တိုတောင်းသဖြင့် အားကစားရုံများ အချိန်မီ မပြီးစီးသေး သဖြင့် ၁၉၅၁ ခုနှစ်၊ မတ်လသို့ ပြောင်းရွှေ့ကျင်းပခဲ့ပါသည်။
အာရှအားကစားပွဲသို့ နိုင်ငံပေါင်း ၁၁ နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အားကစားနည်းမှာလည်း ၆ မျိုးသာ ထည့်သွင်း ကျင်းပပါသည်။ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘတ်စကတ်ဘော၊ စက်ဘီးနှင့် အလေးမ အား ကစားနည်းများသာ ဖြစ်သည်။
ကျင်းပမည့် အကြိမ်ကိုလည်း ၄ နှစ် တကြိမ်ကျင်းပရန် ဆုံးဖြတ်ခဲ့သဖြင့် ၁၉၅၄ ဒုတိယ အကြိမ်မြောက် အာရှ အားကစားပွဲကို ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် ကျင်းပသည်။ မြန်မာအမျိုးသမီး အားကစားမယ် ၂ ဦးဖြစ် သည့် မခင်ဌေး (သံပြားဝိုင်းပစ်) နှင့် လီလီကြာညွှန့် (သံလုံးပစ်) တို့ အားကစားပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သူများ ဖြစ်သည်။
၁၉၅၄ ခုနှစ်၊ မနီလာ အာရှအားကစားပွဲ အလေးမ ပြိုင်ပွဲတွင် ထွန်းမောင်နှင့် မောင်မောင်လွင်တို့က ရွှေတံ ဆိပ်၊ လက်ဝှေ့တွင် အေးကိုက ကြေးတံဆိပ်နှင့် ရှုံးပွဲ မရှိဘဲ တတိယ ကြေးတံဆိပ်ဆုကို မြန်မာဘောလုံး အသင်းက ရရှိခဲ့ ကြသည်။
ကျွန်းဆွယ်အစ
၁၉၅၈ ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာရှအားကစားပွဲတွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲစတင် မွေးဖွားခဲ့သည်။
ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှုမရ၊ အာရှ အားကစားပွဲတွင်လည်း မျက်နှာပန်းမလှ ဖြစ်နေ ကြရသည့် အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံတို့မှ အားကစား ခေါင်းဆောင်များသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၁၉၅၈ ခုနှစ်တွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာရှအားကစားပွဲတွင် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ခဲ့ကြသည်။
မြန်မာ၊ လာအို၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အားကစား ခေါင်းဆောင်များသည် ၁၉၅၈ ခုနှစ် မေလ ၂၂ ရက် တွင် စုဝေး ဆွေးနွေးကြသည်၊ အားကစား ပြိုင်ပွဲ မည်ကာမတ္တ မဟုတ်ဘဲ အားကစားကို အကြောင်းပြုကာ အရှေ့တောင် အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် သိနားလည်ရေး၊ အရှေ့တောင်အာရှတိုက် အတွင်းရှိ နိုင်ငံများမှ ပြည်သူ အချင်းချင်း အပြန်အလှန် သိနားလည်ရေး၊ အားကစားပြိုင်ပွဲများမှ တဆင့် ပြိုင်ပွဲဝင် လူငယ်မောင်မယ် ချစ်ကြည် ရင်းနှီးရေးကို ကိုပါ ဦးတည်ချက်ထားခဲ့ကြသည်။
၁၉၅၉ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံး အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ (SEAP Games) ကို ကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကို ထိုင်းနိုင်ငံတွင် ကျင်းပရန် တိုကျိုစည်းဝေးပွဲတွင် ဆုံးဖြတ်ခဲ့စဉ်က အရှေ့တောင်အာရှ ၇ နိုင်ငံစလုံးပါဝင် ယှဉ်ပြိုင်မည် ဟု အာမခံခဲ့ကြသော်လည်း လက်တွေ့ကျွန်းဆွယ်ပြိုင်ပွဲ စတင်သည့်အခါ ကမ္ဘောဒီးယား နိုင်ငံ က ထိုင်းနိုင်ငံနှင့် နိုင်ငံရေး အငြင်းပွားမှုကြောင့် ဟ ုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မပြုခဲ့သဖြင့် ၆ နိုင်ငံသာ ယှဉ်ပြိုင် ခဲ့ကြသည်။
အားကစားနည်း ၁၂ မျိုးသာ ထည့်သွင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံက သေနတ်ပစ်နှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲတို့ တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ကျန်အားကစားနည်း ၁၀ မျိုးတွင် အားကစားသမားပေါင်း ၁၂၆ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်၊ ရွှေ ၁၁၊ ငွေ ၁၅၊ ကြေး ၁၄ ဆုဖြင့် နိုင်ငံအလိုက် ဒုတိယ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
၁၉၅၉ ခုနှစ်မှ စကာ ၁၉၆၃ ခုနှစ်မှလွဲ၍ ၁၉၇၅ ခုနှစ်အထိ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၈ ကြိမ် ကျင်းပခဲ့သည်။
၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျွန်းဆွယ်အားကစားပြိုင်ပွဲ နောက်ဆုံး ပြိုင်ပွဲကျင်းပခြင်း ဖြစ်သည်။ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့က ကျွန်းဆွယ်အားကစား ပြိုင်ပွဲကျင်းပရေး ကောင်စီမှ နှုတ်ထွက်သွားကြသည်။ မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ ၄ နိုင်ငံက အားကစားနည်း ၁၈ မျိုးတွင် ယှဉ်ပြိုင် ခဲ့ကြသည်။
မူလရည်ရွယ်ချက်နှင့် လွဲချော်မှု အစ
စာရေးသူ မီးမောင်းထိုးပြလိုသည့် အချက်မှာ ကျွန်းဆွယ်ပြိုင်ပွဲ စတင်ကျင်းပစဉ်က အားကစားနည်း ၁၁ မျိုး ဖြင့် စတင်ကျင်းပခဲ့ပြီး ၁၆ နှစ်အကြာ ၈ ကြိမ်မြောက် ပြိုင်ပွဲတွင် အားကစားနည်း ၅ မျိုးသာ ပိုမိုထည့်သွင်း ကျင်းပသည့် အကြောင်း ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့ ပါဝင် လာကြပြီး ကျွန်းဆွယ် စကားလုံးကို ဖြုတ်လိုက်ပြီး အရှေ့တောင်အာရှအားကစားပွဲ (South East Asia Games – SEA Games) အမည်ဖြင့် ဆက် လက်ကျင်းပခဲ့သည်။
ဆီးဂိမ်း အစပိုင်းတွင် မူမှန်ကြသေးသည်။ ၁၉၈၂ ဘန်ကောက်ဆီးဂိမ်း အထိ အားကစားနည်း ၁၈ မျိုးဖြင့် အရှေ့တောင် အာရှ အားကစားပွဲကို တည်တည်တံ့တံ့၊ ခန့်ခန့်ငြားငြား ကျင်းပနိုင်ခဲ့သည်။ ၁၉၈၇ ဆီးဂိမ်းကို အင်ဒိုနီးရှား နိုင်ငံတွေင် ကျင်းပရာ၌ အိမ်ရှင်နိုင်ငံက အားကစားနည်း ၅ မျိုးထပ်တိုးကာ အားကစားနည်း ၂၆ မျိုးဖြင့် ဆီးဂိမ်းကို ကျင်းပတော့သည်။
ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများမှာ ရေကူး၊ ဒိုင်ဗင်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စ ကက်ဘော၊ ကာယဗလ၊ ဘိုလင်း (Bowling)၊ လက်ဝှေ့၊ စက်ဘီး၊ ဓားခုတ်၊ ဘောလုံး၊ ဂေါက်ရိုက်၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလက်၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်၊ စပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ ရေလွှာလျှောစီး၊ အလေးမ၊ နပန်း အားကစားနည်းတို့ ဖြစ်ကြသည်။
အသစ်တိုးသည့် အားကစားနည်း ၅ မျိုးမှာ ကာယဗလ၊ အနောက်တိုင်း ဓားခုတ်၊ ပန်ကြပ်စီလတ်၊ နပန်း၊ ရေလွှာ လျောစီးတို့ ဖြစ်ကြသည်။ ယင်းနှစ်မှ စကာ အရှေ့တောင်အာရှအားကစားပွဲသည် ဒေသအတွင်း အားကစား တိုးတက် မြင့်မားရေး ဟူသည့် မူလရည်မှန်းချက် မှေးမှိန် ပျောက်ကွယ်သွားပြီး၊ ရွှေတံဆိပ်ဆု များများ ရရှိရေးကိုသာ အဓိက ဦးတည်လာသည်။
အထူးသဖြင့် အိမ်ရှင်နိုင်ငံများက ရိုးရာ အားကစားနည်းများ ပိုမိုထည့်သွင်း ကျင်းပလာခြင်းသည် အားကစား တိုးတက်မှုရေး ဟူသည့် မူရင်း ရည်ရွယ်ချက်ကို ဖြောင့်ဖြောင့်ကြီး သွေဖည်နေတော့သည်။
၁၉၅၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း အားကစားနည်းပေါင်း ၆၀ နီးပါးကို အိမ်ရှင်နိုင်ငံတွေက သူတပြန် ကိုယ် တပြန် ဆိုသလို အပြန်ပြန် အလှန်လှန် ထည့်သွင်းကျင်းပခဲ့ကြသည်။ ယင်းအားကစားနည်း ၆၀ နီးပါးထဲမှ အောက်ပါ အားကစား နည်းတို့မှာ အားကစားပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပသဖြင့် အားကစားနည်း အဖြစ် သတ်မှတ်ကြ သော်လည်း လက်တွေ့တွင်မူ အားကစားနည်းဟု သတ်မှတ်ရန် ခဲယဉ်းသည့် ကစားနည်းများ ဖြစ်သည်ကို တွေ့ကြရမည် ဖြစ်သည်။
အားကစားနည်း မဟုတ်သော အားကစားနည်းများ
ယင်း ပြိုင်ပွဲများမှာ အားနစ် (Arnis)၊ ဘရစ်ဂျ် (Bridge) ဖဲရိုက်နည်း၊ အက(Dance)၊ (Fin Swimming)၊ ကင်ပို၊ မြက်ခင်းဘိုလင်း (Para Gliding) ပန်ကြတ်ဆီလပ်၊ ပီတန်း၊ ပိုလို၊ စကိတ်၊ ကြက်တောင်ရိုက်၊ စကွက်ရှ် (Squash)၊ ရေလွှာလျှောစီး၊ ဗိုဗီနမ်၊ နံရံတက် စသည့် ကစားနည်းတို့ ဖြစ်ကြသည်။
ယင်းအပြင် အိုလံပစ် သို့မဟုတ် နိုင်ငံတကာ အားကစားနည်းများ ဖြစ်ကြသော်လည်း အရှေ့တောင်အာရှ နိုင်ငံများတွင် ဝင်ဆန့်ခြင်း မရှိသည့် အောက်ပါ အားကစားနည်းများကို အလှည့်ကျဆိုသလို ဆီးဂိမ်းများတွင် ထည့်သွင်း ကျင်းပခဲ့ကြသည်။
ယင်း အားကစားနည်းတို့မှာ ဘေ့စ်ဘော၊ ဘိုးလင်း၊ မြင်းအလှစီး၊ အနောက်တိုင်းဓားခုတ်၊ ရပ်ဂ်ဘီ၊ ဆော့ဖ် ဘော၊ နပန်း၊ စသည့် အားကစားနည်းများ ဖြစ်ကြသည်။
ယင်းသို့သော အားကစားနည်း မဟုတ်သော အားကစားနည်းများ၊ အားကစားနည်းများပင် ဖြစ်လင့်ကစား အရှေ့တောင် အာရှဒေသတွင် လေ့လာလိုက်စားမှု နည်းပါးသော အားကစားနည်းများ၊ ရွှေတံဆိပ်ရယူလိုမှု များကိုသာ ဦးစားပေး အာရုံစိုက်နေကြသဖြင့် နိုင်ငံတကာနှင့် အိုလံပစ် အားကစားနည်းများလည်း ဖြစ်ပြီး အရှေ့တောင် အာရှဒေသများမှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်၊ ထွက်ရှိခဲ့ဖူးသည့် ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့၊ အလေးမ၊ သေနတ်ပစ်၊ ဘောလုံးစသည့် အားကစားနည်းတို့တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစားသမားများ မစွမ်းဆောင်နိုင်ကြသည်မှာ ဆယ်စုနှစ်တစုမက ကျော်လွန်လာခဲ့ကြပါပြီ။
ယခုလာမည့် ၂၀၁၅ စင်ကာပူဆီးဂိမ်း တွင်လည်း အိမ်ရှင်စင်ကာပူ နိုင်ငံက ရွှေတံဆိပ်ရရေး ရည်ရွယ်လျက် အားကစား လောကအတွင်း မကြားဖူးသည့် Net Ball ၊ Floor Ball ၊ စည်းဝါးဖြင့် လှုပ်ရှားရသည့် စုပေါင်း ရေကူး ပွဲ၊ ရေလွှာ စကီစီး စသည့် အားကစားနည်းများကို ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အရှေ့တောင် အာရှဒေသမှ အာရှအဆင့်၊ အာရှဒေသမှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုမူ ထည့်သွင်းကျင်းပပေးခြင်း မပြုခဲ့သည်မှာ အိမ်ရှင်တို့သာ ရွှေတံဆိပ် ရနိုင်သည့် အားက စားနည်းများကိုသာ ရွေးချယ် ထည့်သွင်း၍ ကျင်းပနေသည်မှာ သိသာထင်ရှားလှသည်။
အားကစားနည်း စစ်စစ် မဟုတ်သော အားကစားနည်းများ၊ ရိုးရာအမည်ခံ ကစားနည်းများကို ဆီးဂိမ်းပြိုင်ပွဲ များမှ ထုတ်ပယ်ပစ်ရန် ၂၀၁၁ ဂျာကာတာ ဆီးဂိမ်း မကျင်းပမီကရော၊ ကျင်းပပြီးမှရော မလေးရှားနှင့် ဂျာကာ တာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌတို့က လူသိရှင်ကြား တိုက်တွန်းခဲ့သည်။ သို့သော် အရာမထင်ခဲ့ပါ။
၂၀၁၂ လန်ဒန်အိုလံပစ်တွင် အားကစားနည်း ၂၈ မျိုးသာ ထည့်သွင်းကျင်းပခဲ့သည်။ သို့သော် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ အားကစားနည်း ၃၃ မျိုးထည့်သွင်းကျင်းပခဲ့သည်။ စင်ကာပူတွင် ထည့်သွင်းမည့် အားကစားနည်းများမှာ အတည် မဖြစ်သေးသော်လည်း ၄၀ နီးပါးတော့ ရှိမည်ဟု ခန့်မှန်းရသည်။
ဤသို့သာ ရွှေတံဆိပ်များများ ရရှိရေးကိုသာ ဦးစားပေးနေကြသဖြင့် အရှေ့တောင်အာရှဒေသ၏ အာရှအဆင့် ရောက်ရှိရေး၊ နိုင်ငံတကာနှင့် အိုလံပစ် အားကစားပြိုင်ပွဲတို့တွင် အဆင့်မီမီ ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ရေး ဟူသည့် မူလ ဦးတည်ချက် မှေးမှိန်ကာ ပျောက်ကွယ်သွားတော့မည့် ကာလမှာ မဝးတော့ပြီဟုသာ ဆိုချင်ပါသည်။
အစဉ်အလာ ရှိခဲ့သည့် မြန်မာ့အားကစား မူလ အောင်မြင်မှု နေရာမှန် ပြန်ရောက် ပါစေ။ ။