ခေတ်သစ် အိုလံပစ်အားကစားပြိုင်ပွဲကို ဂရိနိုင်ငံ၊ အေသင်မြို့တွင် ၁၈၉၆ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၅ ရက်နေ့ အထိ ကျင်းပစဉ်က အမျိုးသမီးများ အတွက် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ခြင်း မရှိပါ။
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ၁၉၀၀ ပြည့်နှစ် မေ ၁၄ ရက်မှ အောက်တိုဘာ ၂၈ ရက် အထိ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ အိုလံပစ်ပွဲတော် ကျမှ အမျိုးသမီး အားကစားများ စတင် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ကြ ပါသည်။ ခေတ်သစ် အိုလံပစ် အားကစားပွဲတော်တွင် အားကစားနည်း ၅ မျိုး၌ အားကစားမယ် ၂၂ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အိုလံပစ် ရွှေတံဆိပ် ပထမဆုံး ဆွတ်ခူးခဲ့သည့် အမျိုးသမီးမှာ အမျိုးသမီးတင်းနစ် ပြိုင်ပွဲတဦးချင်းတွင် ပထမရသည့် ချာလော့တီလူပါးဆိုသည့် ဂရိတ်ဗြိတိန်နိုင်ငံသူဖြစ်သည်။
တစတစဖြင့် အမျိုးသမီး အားကစားသမားများ ကမ္ဘာ့အိုလံပစ် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြရာ ယခုအခါ အားကစားနည်း အားလုံးနီးပါးတွင် အမျိုးသားရော၊ အမျိုးသမီးများပါ တန်းတူ ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။
ယခင်က အမျိုးသား အားကစားသမားများသာ ယှဉ်ပြိုင်ခွင့်ရှိသည့် သံတူပစ်၊ သုံးဆင့်ခုန်၊ ဝါးလုံးထောက်ခုန်၊ မီတာ ၃၀၀၀ တန်းကျော် ကစားနည်းတို့တွင်ပါ အမျိုးသမီး အားကစားသမားများ ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။ ယခင်က အမျိုးသား အားကစားနည်း သက်သက်ဖြစ်သည့် လက်ဝှေ့ (Boxing) ထိုးရာမှာပင် အမျိုးသမီးများ ပါဝင် ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။
အသင်းလိုက် အားကစားနည်း သုံးမျိုး ဖြစ်သည့် ဘော်လီဘော၊ ဘတ်စကက်ဘောနှင့် ဘောလုံးတို့တွင်လည်း အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို ၁၉၆၄ ခုနှစ်တွင် ကျင်းပသည့် တိုကျို ကမ္ဘာ့အိုလံပစ် ကျမှ ပထမဆုံး ထည့်သွင်း ကျင်းပသည်။ ဘတ်စကက်ဘော ပြိုင်ပွဲကို ၁၉၇၆ မွန်ထရီရယ်လ် အိုလံပစ်ကျမှ စတင်ထည့်သွင်း ကျင်းပသည်။ ဘောလုံးပြိုင်ပွဲကို ၁၉၉၆ အတ္တလန္တာအိုလံပစ် ကျမှ စတင်၍ အိုလံပစ် အားကစားနည်းတွင် ထည့်သွင်းကျင်းပခဲ့ သည်။
မြန်မာ ပထမ
ဤကဲ့သို့ ကမ္ဘာ့တွင် အမျိုးသမီး အားကစား ဖြစ်ထွန်းမှုများ အနက် ဘောလုံး အားကစားနည်းတွင် မြန်မာ နိုင်ငံက ဦးဆောင်နိုင်ငံထဲတွင် တနိုင်ငံအဖြစ် ပါဝင်နေသည်ကို မှတ်တမ်းများ အရ သိရသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံးပွဲကို ၁၉၅၅ ခုနှစ်တွင် တရားဝင် စတင်ခဲ့သည်။
ထိုစဉ်က အမျိုးသမီး ကိုယ်လက် ကြံ့ခိုင်ရေးမှူးများကို အထက် မြန်မာပြည် အောက်မြန်မာပြည် ဟူ၍ အသင်း ၂ သင်း ဖွဲ့စည်းပြီး ရန်ကုန်မြို့၊ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။ သို့ရာတွင် အမျိုးသမီးများ ဘောလုံးကစားခြင်းမှာ မထွန်းကားခဲ့ပါ။
မိန်းကလေးများ အချင်းချင်း ကစားကြရမည့် အစား ဒေသ အသီးသီးရှိ သက်ကြီးရွယ်လွန် အရာရှိကြီးများနှင့် မိန်းကလေးများ ဘောလုံးကစားကြသည့် “ဇရာအိုနှင့် ကညာပျို” အမည်ခံ ဘောလုံးပွဲများသာ ခေတ်စားလာ ခဲ့သည်မှာ ၁၉၆၂ ခုနှစ်တွင် တပ်မတော်အစိုးရ တက်လာပြီးနောက် ရပ်တန့်သွားခဲ့သည်။
ပြန်လည်ထွန်းကား
ထူးဆန်းအံ့သြဖွယ် ကောင်းလောက်အောင်ပင် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ ဘောလုံး ပြန်လည် ကစားလာကြသည်။ ဒီတကြိမ်တွင်မူ သက်ကြားအိုများ၊ ဇရာအိုများ ပါမလာတော့ပါ။ မိန်းကလေး ဘောလုံးပွဲများကို အထက်မြန်မာပြည်တွင် စတင်ခဲ့သည်။ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ရွှေဘို၊ တောင်ကြီးတို့တွင် အမျိုးသမီး ဘောလုံးအသင်းများ ပေါ်ထွက်ခဲ့သည်။
အောက်မြန်မာပြည် တွင်လည်း တောင်ငူ၊ သထုံ၊ မော်လမြိုင်၊ သံလျင်စသည့်မြို့များတွင် အမျိုးသမီးဘောလုံး အသင်းများ ဖွဲ့စည်းခဲ့ကြသည်။ အချင်းချင်း ယှဉ်ပြိုင် ကစားလာကြ သည်။ သို့သော် ရန်ကုန်မြို့တော်တွင်မူ အမျိုးသမီး ဘောလုံးအသင်းများ ရှိသော်လည်း တရားဝင် ဘောလုံးပွဲများ ကစားကြခြင်း မရှိသေးပါ။
၁၉၉၅ ခုနှစ် ဆီးဂိမ်းတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပရန် လျာထားသည့် အခါကျမှ မြန်မာ နိုင်ငံတွင် အမျိုးသမီး ဘောလုံးပွဲများ တရားဝင် ကျင်းပခွင့် ရခဲ့ကြသည်။
အမျိုးသမီး ပြည်နယ်နှင့် တိုင်း ဘောလုံးပွဲကိုလည်း ၁၉၉၅ ခုနှစ်တွင် တရားဝင် ကျင်းပခဲ့သည်။ ပြည်နယ်နှင့် တိုင်း ဘောလုံးပွဲတွင် ခြေစွမ်းပြနိုင်သည့် အမျိုးသမီး ဘောလုံးသမား ရွေးချယ်ကာ လက်ရွေးစင် အသင်း ဖွဲ့စည်းပြီး ၁၉၉၅ ဆီးဂိမ်းတွင် ပထမဆုံးထည့်သွင်းကျင်းပသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်း ၄၀ (၁၉၅၅-၁၉၉၅) အတွင်း အမျိုးသမီး ဘောလုံးပွဲများ တိုးတက်လာခဲ့သည့် အထဲတွင် မြန်မာနိုင်ငံ မပါဝင်ဘဲ ရှိနေခဲ့သည်။
အာရှပြိုင်ပွဲ
အာရှ အမျိုးသမီး ဘောလုံးအဖွဲ့ချုပ်ကို ၁၉၆၈ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဟောင်ကောင်တွင် ရုံးစိုက်သည်။ အာရှ အမျိုးသမီးအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့် အထိန်းအမှတ်အဖြစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဟောင်ကောင်၌ ကျင်းပခဲ့သည်။ အာရှ ၆ နိုင်ငံမှ အမျိုးသမီး ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အထဲတွင် မြန်မာအသင်း ပါဝင်နိုင်ခြင်း မရှိခဲ့ပါ။
ယင်းပြိုင်ပွဲတွင် နယူးဇီလန်နိုင်ငံက ထိုင်းအမျိုးသမီးအသင်းကို ၃း၁ ဂိုးဖြင့်နိုင်ပြီး ပထမရသည်။ ဒုတိယ အကြိမ် မြောက် အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲ (Asian Women’s Championship) ကို ပထမ အကြိမ် ကျင်းပပြီးနောက် ၇ နှစ်အကြာ ၁၉၇၅ ခုနှစ် ကျမှ ပြန်လည် ကျင်းပနိုင်တော့သည်။
၁၉၇၅ ခုနှစ်တွင် ပြန်လည် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အာရှအမျုးိသမီးဘောလုံးပြိုင်ပွဲကို ဟောင်ကောင်မှာပင် ကျင်းပခဲ့သည်။ နယူးဇီလန်ကပင် ထိုင်းအမျိုးသမီး အသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။
ဟောင်ကောင်ပြိုင်ပွဲ အောင်မြင်မှုကြောင့် အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို ၂ နှစ်လျှင် တကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၉၇၇ ခုနှစ် အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဖော်မိုဆာ(တရုတ်-တိုင်ပေ) တွင် ကျင်းပခဲ့သည်။ အိမ်ရှင် တရုတ်(တိုင်ပေ) အသင်းက ပထမရပြီး ထိုင်းအသင်းက ဒုတိယ ရသည်။ ထိုင်းအမျိုးသမီး ဘောလုံးအသင်းသည် သုံးကြိမ် စလုံးနောက်ဆုံး ဗိုလ်လုပွဲ တက်နိုင်ခဲ့သည်ကို တွေ့ရသည်။
၁၉၇၉ ပြိုင်ပွဲကို အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။ တရုတ် (တိုင်ပေ) က ပထမ ရသည်။ အိန္ဒိယ (A) အသင်းက ဒုတိယရသည်။ ဟောင်ကောင်တွင် ကျင်းပသည့် ၁၉၈၁ ခုနှစ် ပွဲတွင်လည်း တရုတ် (တိုင်ပေ) အမျိုးသမီးအသင်းက ပထမ၊ ထိုင်းအမျိုးသမီး အသင်းက ဒုတိယ ရသည်။
တရုတ် (တိုင်ပေ) အသင်းသည် အာရှအမျိုးသမီး ဘောလုံးပြိုင်၌ သုံးကြိမ် ဆက်တိုက် (၁၉၇၇၊ ၇၉၊ ၈၁) ချန်ပီယံ ဖြစ်သည့် ပထမဆုံး အသင်းပင် ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများထဲမှ ရှားရှားပါးပါး ထိုင်းအမျိုးသမီးအသင်း တသင်းတည်းသာ အာရှချန်ပီယံ ဖြစ်ဖူးသည်။ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၁၉၈၃ ပြိုင်ပွဲတွင် ဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲတွင် အိန္ဒိယအသင်း ကို အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
၁၉၈၃ ခုနှစ် အာရှအမျိုးသမီး ဘောလုံးပွဲမှာ တရုတ် (တိုင်ပေ)၊ ထိုင်း၊ အိန္ဒိယ စသည့်အသင်းများ၏ နောက်ဆုံးနှစ် ဆက်တိုက်ပွဲပင် ဖြစ်သည်။ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၊ ဂျပန်၊ မြောက်ကိုရီးယားနိုင်ငံတို့က ၁၉၈၆ ပြိုင်ပွဲမှ စတင်ကာ အာရှအမျိုးသမီး ဘောလုံးလောကကို လွှမ်းမိုးခဲ့ကြတော့သည်။
၁၉၈၆ ခုနှစ် အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို ဟောင်ကောင်မြို့ ကျင်းပသည်။ ချန်ပီယံ အသင်း နှစ်သင်း ထွက်ပေါ်လာသည်။ တရုတ် (ပြည်မ) နှင့် ဂျပန်အသင်းတို့ ဖြစ်ကြသည်။ တရုတ် (ပြည်မ)က ပထမရ သည်။ ဂျပန်အသင်းက ဒုတိယ ရသည်။ ဟောင်ကောင်တွင် ကျင်းပသည့် ၁၉၈၉ ပြိုင်ပွဲတွင် တရုတ်နှစ်သင်း ပထမနှင့် ဒုတိယရသည်။ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အမျိုးသမီး အသင်းက ပထမ၊ တရုတ် (တိုင်ပေ) အသင်းက ဒုတိယရသည်။
၁၉၉၁ ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပသည့် အာရှအမျိုးသမီး ဘောလုံးပွဲတွင် ဂျပန်အမျိုးသမီး အသင်းက ဒုတိယ ရသည်။ ၁၉၉၃ ခုနှစ် မလေးရှားတွင် ကစားသည့်ပွဲ၌ မြောက်ကိုရီးယားက ဒုတိယရသည်။ ၁၉၉၅ မလေးရှား အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂျပန်က ဒုတိယရသည်။ ၃ ပွဲစလုံးတွင် တရုတ်အမျိုးသမီး ဘောလုံးအသင်းက ပထမ ရသည်။
ထိုစဉ်က တရုတ်အမျိုးသမီး ဘောလုံးသင်း၏ အာရှပြိုင်ပွဲတွင် အောင်မြင်မှုကို စာနယ်ဇင်းများက “အာရှအမျိုးသမီး တံခွန်စိုက် အမျိုးသမီး ဘောလုံးပွဲများမှာ အာရှတိုက်၏ ဒုတိယအကောင်းဆုံး ဘောလုံးအသင်း ကို ရှာဖွေသည့် ပွဲဖြစ်ကြောင်း အမွှမ်းတင် ရေးသားခဲ့ကြသည်။ ဆိုလိုရင်းမှာ ပထမနေရာ ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ရွှေးစင် အမျိုးသမီး အသင်းအတွက်သာ ဖြစ်သည်ဟု ဆိုလိုရင်းဖြစ် သည်။
တရုတ် ပြည်သူ့သမ္မတ နိုင်ငံ လက်ရွေးစင် အမျိုးသမီး အသင်းသည် ဆယ်စုနှစ် တခုအတွင်း (၁၉၈၆-၁၉၉၆) အာရှတွင် ပြိုင်ဘက်ကင်းသည့် အသင်းတသင်း ဖြစ်ခဲ့သည်။ ၁၉၈၆ မှ ၁၉၉၅ ခုနှစ်အထိ အာရှအမျိုးသမီး ဘောလုံးပွဲ ၅ ကြိမ်ဆက်တိုက် ပထမရခဲ့သည်သာမက အသွင်းခံရသည့် ဂိုးတဂိုးမျှပင် မရှိခဲ့ဟု မှတ်တမ်းများက ဆိုသည်။
အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲများကို လေ့လာရင်းဖြင့် အာရှဘောလုံးလောက၏ အလှည့်အပြောင်း တခုကို တွေ့မြင်နိုင်ကြသည်။ ယင်းမှာ အာရှဘောလုံးအဖွဲ့ချုပ် “AFC” ရုံးချုပ်ကို ဟောင်ကောင်မှ မလေးရှားနိုင်ငံသို့ ပြောင်းရွှေ့ သွားခြင်းပင် ဖြစ်သည်။
တရုတ် အမျိုးသမီး ဘောလုံးအသင်း၏ အကြီးမားဆုံး အောင်မြင်မှုမှာ အမျိုးသမီးဘောလုံး အားကစားနည်း ကမ္ဘာ့ အိုလံပစ်တွင် စတင် ထည့်သွင်း ကျင်းပသည့် ၁၉၉၆ ခုနှစ် အမေရိကန် ပြည်ထောင်စု အတ္တလန္တာ ကမ္ဘာ့ အိုလံပစ်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် အမေရိကန်အသင်းကို ၁း၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိုလံပစ် ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သို့ရာတွင် ၂၀၀၀ ပြည့်နှစ်မှ စကာ တရုတ်အမျိုးသမီး ဘောလုံး အသင်း၏ ခြေစွမ်းမှာ တစထက် တစ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ကမ္ဘာ့အဆင့် ပြိုင်ပွဲများသာမက အာရှအသင်းမှာပင် လက်ရှိတွင် တရုတ် အမျိုးသမီး အသင်းသည် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား အသင်းများ အောက်တွင်သာ ရပ်တည် နေနိုင်တော့သည်။
၂၀၁၅
အာရှတိုက်ကို ကိုယ်စားပြု၍ ၂၀၁၆ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ အိုလံပစ် အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ခြေစစ်ပွဲများကို အဆင့် ၃ ဆင့် သတ်မှတ်၍ အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပလျက်ရှိသည်။ တတိယ အဆင့်မှာ အုပ်စု ၃ စုဖွဲ့၍ အုပ်စုတွင်း အမှတ်ပေးပွဲ စနစ်ဖြင့် ကစားစေသည်။
အုပ်စု တစုစီမှ ပထမရသည့် အသင်း ၃ သင်းနှင့် ဗီယက်နမ်၊ ထိုင်း အမျိုးသမီး အသင်း ၂ သင်း ပေါင်းကာ ၅ သင်း ပတ်လည် စနစ်ဖြင့် ဒုတိယအဆင့် ကစားရမည် ဖြစ်သည်။
ယင်း ဒုတိယအဆင့်မှပင် ပထမရသော အသင်းနှင့် အာရှအမျိုးသမီး ဘောလုံးအသင်းကြီးများ ဖြစ်ကြသည့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ အသင်းများနှင့် နောက်ဆုံး အဆင့် ကစားရမည် ဖြစ်သည်။ ပထမနှင့် ဒုတိယရသည့် နှစ်သင်းသာ ဘရာဇီးအိုလံပစ် အမျိုးသမီးဘောလုံးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
မြန်မာ အမျိုးသမီး ဘောလုံးအသင်း အပါအဝင် အရှေ့တောင်အာရှနှင့် ဤဒေသများမှ အမျိုးသမီး ဘောလုံး အသင်းများ အရှေ့ဖျား နိုင်ငံများကို ကျော်လွှား၍ ဘရာဇီးသို့ ရောက်ရန် မလွယ်ပါ။
မြန်မာ အမျိုးသမီးဘောလုံး အသင်းက အာရှဇုန်တတိယ အဆင့် ခြေစစ်ပွဲ အုပ်စုပွဲတွင် သီရိလင်္ကာအသင်းကို ၁၆း၀ ဂိုးဖြင့် နိုင်သည်။ ဒုတိယ အဆင့်တွင် ဗီယက်နမ်၊ ထိုင်းအသင်း (တတိယအဆင့် အုပ်စု ၃ ခု ပထမရ ၃ သင်း) တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာ အမျိုးသမီးအသင်းများထဲမှ တသင်းသာ ပထမ အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။
လက်ရှိ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းအား နိုင်ငံတကာ ဘောလုံးနည်းပညာနှင့် ဗဟုသုတများ ရရှိပြီး အကောင်းဆုံး ယှဉ်ပြိုင် အောင်မြင်နိုင်ရေး ပြည်ပမှ ဘောလုံး နည်းပြနှင့် လေ့ကျင့် သင့်သည်ဟု မြန်မာ ဘောလုံး ဖက်ဒရေးရှင်း (MFF) သို့ အကြံပြုလိုပါသည်။ ။