ဘာလိုလိုနှင့် စိန်ခေါ်ပွဲကြီး နီးသည်ထက် နီးလာပြီဖြစ်သည်။ တလွဲမတွေးကြပါနှင့် အားကစားလောက စိန်ခေါ်ပွဲများ ကိုသာ ဆိုလိုရင်း ဖြစ်ပါသည်။ အနီးကပ်ဆုံး စိန်ခေါ်မှုမှာ စင်ကာပူနိုင်ငံတွင် ကျင်းပတော့မည့် ၂၀၁၅ ခုနှစ် ဆီးဂိမ်း ခေါ် အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲ (South East Asia Games – SEA Games) ပင် ဖြစ်သည်။
စင်ကာပူမြေပေါ်တွင် ကျင်းပသည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် မြန်မာအသင်း၏ ဆုတံ ဆိပ်ရရှိမှု အခြေအနေကို ပြန်ကြည့်ပါက ၁၉၇၃ ခုနှစ် စင်ကာပူတွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ (South East Asia Peninsula)တွင် မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် ၂၈၊ ငွေတံဆိပ် ၂၅၊ ကြေးတံဆိပ် ၁၅ ဆု စုစုပေါင်း တံဆိပ် ၆၈ ခုဖြင့် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံပေါင်း ၇ နိုင်ငံအနက် စတုတ္ထအဆင့် ရရှိခဲ့သည်။
ကျွန်းဆွယ်လွန်ခေတ် ၁၉၈၃ ခုနှစ်၌ စင်ကာပူနိုင်ငံတွင် လက်ခံကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင်မူ မြန်မာ နိုင်ငံက ရွှေတံဆိပ် ၁၈၊ ငွေတံဆိပ် ၁၅၊ ကြေးတံဆိပ် ၁၇၊ စုစုပေါင်း တံဆိပ် ၅၀ ဖြင့် နိုင်ငံအလိုက် အဆင့် ၅ သာ ရရှိခဲ့သည်။
၁၉၈၃ စင်ကာပူဆီးဂိမ်းတွင် မြန်မာလက်ရွေးစင် ဘော်လီဘောအသင်းက နောက်ဆုံးဗိုလ်လုပွဲတွင် အင်ဒိုနီးရှား အသင်းကို အနိုင်ရပြီး ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
နောက်ထပ် ၁၀ နှစ်အကြာတွင် စင်ကာပူနိုင်ငံက ၁၉၉၃ ခုနှစ် ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို တတိယအကြိမ်မြောက် လက်ခံကျင်းပရာမြန်မာနိုင်ငံက ရွှေတံဆိပ် ၈ ဆု၊ ငွေတံဆိပ် ၁၃၊ ကြေးတံဆိပ် ၁၆ ဆု၊ စုစုပေါင်း ၃၇ ဆုဖြင့် နိုင်ငံအလိုက် အဆင့် ၇ သာ ရရှိခဲ့သည်။
ဤသည်မှာ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတကြိမ်နှင့် ဆီးဂိမ်းနှစ်ကြိမ်တွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ဆွတ်ခူးနိုင်မှု အခြေအနေကို အကြမ်း အားဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မြန်မာဘောလုံးနှင့် စင်ကာပူ
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲ တကြိမ်နှင့် ဆီးဂိမ်း နှစ်ကြိမ် စလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ စင်ကာပူတွင် ကျင်းပသည့် ကျွန်းဆွယ်နှင့် ဆီးဂိမ်း ပြိုင်ပွဲတို့တွင် မြန်မာ ဘောလုံးအသင်း အစဉ်အလာ ကောင်းသည် ဟု ဆိုရမည်ဖြစ်သည်။ သုံးကြိမ် ယှဉ်ပြိုင်ခဲ့ရာ ပထမ တကြိမ်နှင့် ဒုတိယ တကြိမ် ရရှိခဲ့သည်။
၁၉၇၃
ကျွန်းဆွယ်ခေတ် ၁၉၇၃ခုနှစ် စင်ကာပူ ဘောလုံးပြိုင်ပွဲတွင် နိုင်ငံ ၆ နိုင်ငံမှ လက်ရွေးစင် ဘောလုံးအသင်း ၆ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ တောင်ဗီယက်နမ်၊ လာအိုနှင့် အိမ်ရှင် စင်ကာပူ အသင်းတို့ ဖြစ်ကြသည်။ မြန်မာ အသင်းက တောင်ဗီယက်နမ်၊ လာအိုနှင့် တအုပ်စုထဲကျသည်။
လာအိုအသင်းကို ၈ ဂိုး၊ ဂိုးမရှိဖြင့် နိုင်သည်။ (ဝင်းမောင် ၂၊ သန်းစိုး ၂၊ ခင်မောင်အေး ၂၊ မြကြိုင် ၁၊ ရဲညွန့် ၁)။ ဒုတိယပွဲတွင် တောင်ဗီယက်နမ် အသင်းကို ၃ ဂိုး (ဝင်းမောင်၊ မြကြိုင်၊ ရဲညွန့်) ၂ ဂိုးဖြင့်နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် မလေးရှားကို ၁ ဂိုး (ရဲညွန့်) ဂိုးမရှိဖြင့် နိုင်သည်။
နောက်ဆုံး ဗိုလ်လုပွဲတွင် တောင်ဗီယက်နမ် အသင်းနှင့် ပြန်တွေ့သည်။ ၂ ဂိုး (မြကြိုင်) ၁ ဂိုးဖြင့်နိုင်ပြီး ရွှေတံဆိပ် ရသည်။ ယင်းရွှေတံဆိပ်သည် မြန်မာလက်ရွေးစင် ဘောလုံးအသင်းများ အနေဖြင့် နောက်ဆုံး ရရှိသည့် ရွှေတံဆိပ်ပင် ဖြစ်သည်။
၁၉၈၃
၁၂ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ပထမဆုံး အကြိမ် အဖြစ် စင်ကာပူ နိုင်ငံတွင် ကျင်းပ သည်။ အားကစား ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၉ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြသော်လည်း ဘောလုံးပွဲတွင်မူ ၈ နိုင်ငံ သာ ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ မြန်မာ၊ ထိုင်း၊ ဘရူနိုင်းနှင့် အင်ဒိုနီးရှား တို့နှင့် တအုပ်စုထဲကျပြီး အံ့သြဖွယ် ကောင်းသည့် ရလဒ်များ ထွက်ပေါ် ခဲ့သည်။ မြန်မာ လက်ရွေးစင် ဘောလုံးအသင်းက အုပ်စု နောက်ဆုံး ပွဲတွင် ထိုင်းအသင်းကို ၁ ဂိုး၊ ဂိုးမရှိနိုင်သော်လည်း ပွဲဦးထွက် ပွဲတွင် ၁း၂ ဂိုးဖြင့် ရှုံးသည်၊ အင်ဒိုနီးရှား အသင်းကိုလည်း ၁း၂ ဂိုးဖြင့်ပင် ရှုံးသည်။
မြန်မာ အသင်းကို ဝး၁ ဂိုးဖြင့် ရှုံးခဲ့သည့် ထိုင်းအသင်းက နောက်ဆုံး ဗိုလ်လုပွဲ ရောက်ပြီး အိမ်ရှင် စင်ကာပူ အသင်းကို ၂း၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။
၁၉၉၃
၁၉၉၃ ခုနှစ်တွင် ၁၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည်။ ဘောလုံးပြိုင်ပွဲတွင် နိုင်ငံပေါင်း ၉ နိုင်ငံမှ လက်ရွေးစင် ဘောလုံးအသင်း ၉သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ထိုစဉ်က အသင်းအများဆုံး ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အုပ်စု (က) တွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဘရူနိုင်း၊ လာအိုတို့ ပါဝင်ပြီး အုပ်စု (ခ) တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ပါဝင်ကြသည်။
ဂျာမနီ နည်းပြဆရာ မစ္စတာဝါနာနှင့် လေ့ကျင့်ထားသည့် မြန်မာအသင်းသည် အုပ်စုပွဲ၌ လာအိုကို ၇ ဂိုး ၁ ဂိုး၊ မလေးရှားကို ၂း၁ ဂိုး၊ ဘရူနိုင်းကို ၆း၁ ဂိုးဖြင့် နိုင်သော်လည်း ထိုင်းအသင်းကို ဝး၂ ဂိုးဖြင့် ရှုံးကာ အုပ်စု ဒုတိယ ရသည်။
တဘက်အုပ်စုမှ ပထမရသည့် အိမ်ရှင်စင်ကာပူအသင်းနှင့် အကြိုဗိုလ်လုပွဲ ကစားရသည်။ မိနစ် ၁၂၀ အထိ ၃ ဂိုးစီ သရေကျသည်။ ပင်နယ်တီဂိုးဖြင့် အရှုံးအနိုင် ဆုံးဖြတ်ရာ ၅း၄ ဂိုးဖြင့် နိုင်သည်။ ပင်နယ်တီ အဆုံးအဖြတ် ဂိုးများကို တင်မြင့်အောင်၊ ရဲထွဋ်၊ တင်ထွေး၊ စိုးမိုးကျော်၊ သန်းတိုးအောင်နှင့် စောဘမြင့်တို့က သွင်းယူခဲ့ကြသည်။
ဗိုလ်လုပွဲ
နောက်ဆုံး ဗိုလ်လုပွဲတွင် ထိုင်းနှင့် ပြန်တွေ့ရာ ၃း၄ ဂိုးဖြင့် ရှုံးပြီး ဒုတိယ ငွေတံဆိပ်ရသည်။ စင်ကာပူတွင် ကျင်းပခဲ့သည့် ကျွန်းဆွယ်ပြိုင်ပွဲ ၁၉၇၃၊ အရှေ့တောင်အာရှ အားကစားပွဲနှစ်ကြိမ် (၁၉၈၃၊ ၁၉၉၃) တို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလက်ရွေးစင် ဘောလုံးအသင်း၏ ရလဒ်များမှာ မဆိုးဟု ဆိုရမည် ဖြစ်သည်။ ပထမဆုတကြိမ်၊ ဒုတိယဆုတကြိမ်နှင့် အုပ်စုပြုတ် တကြိမ်တို့ ဖြစ်သည်။
မြန်မာ အားကစား တာဝန်ရှိသူတဦးက မြန်မာယူ ၂၃ အသင်း စင်ကာပူ ဆီးဂိမ်းတွင် ရွှေတံဆိပ်ရနိုင်သည်ဟု ကြိုတင် ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဘက်ကမူ အုပ်စု ကျွတ်၍ အကြိုဗိုလ်လုပွဲ ရောက် နိုင်သည့် အဆင့်ကို အမြင့်ဆုံး ဟု ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က အုပ်စုစာရင်းများထွက်ပေါ်လာရာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း သည် အုပ်စု (က)၌ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား တို့နှင့် တအုပ်စုထဲကျရောက်နေသည်။
ထို့ကြောင့်လည်း မည်သူလွဲ၍ မည်သူ မှန်မည်ကို စောင့်ကြည့်ကြရပါမည်။ စင်ကာပူဆီးဂိမ်း ဘောလုံးပွဲများကို ရုပ်သံမှ လွှင့်ထုတ်ပြသလိမ့်မည် ဟု မျှော်လင့်ရပါသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ကျွန်းဆွယ်ပြိုင်ပွဲ တကြိမ်နှင့် ဆီးဂိမ်း ၂ ကြိမ်တွင် မြန်မာ အားကစားအဖွဲ့ အနေဖြင့် ရွှေတံဆိပ် အများဆုံး ရရှိသည့် အကြိမ်မှာ ၁၉၇၃ ခုနှစ် စင်ကာပူတွင် ကျင်းပသည့် ၇ ကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲ ဖြစ်ပြီး ရွှေတံဆိပ် ၂၈ ဆုရသည်။
ယခု ၂၀၁၅ တွင် ရွှေတံဆိပ် မည်မျှ ရရှိမည် ကို စောင့်ကြည့် အားပေး ကြရ ပါဦးမည်။ ။