စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲ၊ ဘောလုံးပြိုင်ပွဲများကို လာမည့် မေလထဲ တွင် ကျင်းပမည် ဖြစ်ရာ စင်ကာပူ ဆီးဂိမ်း၌ ဒေသတွင်း ၁၁ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ဖွယ် ရှိပါသည်။
ထို့ကြောင့် ပါဝင် ယှဉ်ပြိုင်မည့် အသင်းများ အကြောင်း မြန်မာဘောလုံး ပရိသတ်များ မိတ်ဆက်ပေးလိုက် ပါသည်
စင်ကာပူ
စင်ကာပူသည် အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲ (SEAP Games) ခေတ်တွင် တကြိမ် (၁၉၇၃)၊ အရှေ့ တောင်အာရှ အားကစားပွဲ (SEA Games) တွင် နှစ်ကြိမ် (၁၉၈၃ နှင့် ၁၉၉၃) တို့တွင် လက်ခံ ကျင်းပပေး ခဲ့သည်။ ယခု ၂၀၁၅ ဆီးဂိမ်းမှာ စတုတ္ထ အကြိမ်အဖြစ် စင်ကာပူနိုင်ငံတွင် ကျင်းပခြင်း ဖြစ်သည်။
စင်ကာပူ နိုင်ငံသည် မလေးရှားနိုင်ငံမှ ၁၉၆၅ ခုနှစ်တွင် ခွဲထွက်လာသော်လည်း ဘောလုံး အားကစားနည်း တွင်မူ ဆက်သွယ်လျက်ရှိသည်။ အထူးသဖြင့် မလေးရှား ဘောလုံးပွဲများတွင် စင်ကာပူ ကလပ် အသင်းများ၊ စင်ကာပူ လက်ရွေးစင် အသင်းများ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။
စင်ကာပူနိုင်ငံတွင် ဘောလုံးကစားခြင်း ဖြင့် အသက်မွေး ဝမ်းကျောင်းပြုခဲ့သည့် မြန်မာလက်ရွေးစင် ဘောလုံးသမား ဝင်းအောင်ပင် စင်ကာပူ လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ဖူးသည်။
စင်ကာပူလိဂ် ဘောလုံးပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ စင်ကာပူလိဂ်ဟု ဆိုသော်ငြားလည်း ပါဝင် ယှဉ်ပြိုင်သည့် အသင်းအများစုမှာ အပျော်တမ်း ကလပ်အသင်းများသာ ဖြစ်သည်။ စင်ကာပူနိုင်ငံ အနေဖြင့် ဘောလုံး ရွှေတံဆိပ်ရရန် ကြိုးစားသွားလိမ့်မည်ဟု ခန့်မှန်းရသည်။
ထိုင်း
ထိုင်းအသင်းမှာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲများတွင် အအောင်မြင်ဆုံး အသင်းဖြစ်သည်။ လက်ရှိချန်ပီယံ အသင်းလည်း ဖြစ်သည်။ ကျွန်းဆွယ်ပြိုင်ပွဲ ခေတ်တွင်မူ အောင်မြင်မှု မရှိခဲ့ပါ။ ထိုင်းဘောလုံး အောင်မြင်ခြင်း မှာ လူငယ် ဘောလုံး သမားကလေးများကို စနစ်တကျ ပြုစုပျိုးထောင်နိုင်ခြင်း ကြောင့်ပင် ဖြစ်သည်။ ၁၉၉၆ အာရှ ယူ-၁၆ ပြိုင်ပွဲတွင် အောင်မြင် ခဲ့သဖြင့် ၁၉၉၇ ကမ္ဘာ့ ယူ-၁၇ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူး သည်။ ထိုင်းအသင်းမှာ ၂၀၁၅ စင်ကာပူ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများက ဂရုတစိုက် ယှဉ်ပြိုင်ကြရမည့် အသင်းတသင်း ဖြစ်သည်။
ဗီယက်နမ်
ဗီယက်နမ် လက်ရွေးစင် ဘောလုံးအသင်းသည် တောင်နှင့်မြောက် နှစ်ခြမ်းကွဲစဉ်က တောင်ဗီယက်နမ် ဘောလုံး အသင်းကသာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၅၉ ခုနှစ် ဘန်ကောက် ကျွန်းဆွယ် ဘောလုံးပွဲတွင် ရွှေတံဆိပ် ပထမဆုံး ဆွတ်ခူးနိုင်သည့် အသင်း ဖြစ်သည်။
၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် တောင်နှင့်မြောက် ပြန်လည်ပေါင်းစီးမိသောအခါ ဘောလုံးအပါအဝင် အားက စားနည်းများ ပြန်လည် တိုးတက်လာသည်။ ဗီယက်နမ်နိုင်ငံသို့ ဘောလုံး အားကစားနည်း ရောက်လာသည် မှာ မြန်မာနိုင်ငံနှင့် တူသည်။ မြန်မာနိုင်ငံသို့ ဘောလုံးကစားနည်းကို အင်္ဂလိပ် အုပ်စိုးသူများက သယ်ဆောင် လာသလို၊ ဗီယက်နမ် နိုင်ငံသို့ ပြင်သစ်ကုန်သည်များက သယ်ဆောင်ကြခြင်း ဖြစ်သည်။
ဗီယက်နမ်လိဂ်ကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပရာ ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် စတင်ခဲ့သည်။ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ကစားကြသည်။ သို့သော် ဗီယက်နမ် နိုင်ငံတွင် ဘောလုံးလုပ်ပွဲများကို အစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေရသည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှား ဘောလုံးလောကမှာ အရှေ့တောင်အာရှတွင် ဝါအကြီးဆုံး နိုင်ငံပင်ဖြစ်သည်။ ၁၉၃၈ ခုနှစ် တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် “Dutch East Indies” အမည်ဖြင့် ပထမဆုံး ဝင် ရောက် ယှဉ်ပြိုင်ခွင့် ရသည့် အာရှကိုယ်စားပြု အသင်းပင် ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲ အတွက် ဂျပန်အသင်းနှင့် ကစားရမည် ဖြစ်သော်လည်း ဂျပန်အသင်း နှုတ်ထွက်သွားသဖြင့် ခြေစစ်ပွဲ မကစားရဘဲ နောက်ဆုံးအဆင့်ဝင် ကစားရခြင်း ဖြစ်သည်။ ဟန်ဂေရီ အသင်းကို ဝး၁ ဂိုးဖြင့် ရှုံးပြီး ထွက်ခဲ့ရသည်။ အရှေ့တောင်အာရှ ဘောလုံးလောကထဲသို့ ၁၉၇၇ ခုနှစ် ကွာလာလမ်ပူ ဆီးဂိမ်းကျမှ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
လာအို
၁၉၅၁ ခုနှစ်ကျမှ လာအိုနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းနိုင်သည်။ ကျွန်းဆွယ်နှင့် ဆီးဂိမ်းတွင် အောင်မြင်မှု မရသေးသည့် နိုင်ငံဖြစ်သည်။ သို့သော် အသင်းကြီးအတွက်မူ ဖျက်မြင်းအသင်း ဖြစ်သည်။
ကမ္ဘောဒီးယား
ကမ္ဘောဒီးယား ဘောလုံးအသင်းမှာ တချိန်က အာရှတန်းဝင် အသင်းတသင်း ဖြစ်ခဲ့သည်။ ကျွန်းဆွယ် အားကစားပွဲ၊ ဘောလုံးပြိုင်ပွဲများတွင် ခြေစွမ်းမပြနိုင်သော်လည်း ဖိတ်ခေါ်ပြိုင်ပွဲများတွင်မူ ခြေစွမ်းပြနိုင်ခဲ့ သည်။ အရှေ့တောင်အာရှ နိုင်ငံအချို့၏ လမ်းစဉ်အတိုင်း ပြည်တွင်းစစ်မီး အလောင်ခံရသဖြင့် ပြာကျခဲ့ရ သည်။ အားကစားနည်းများထဲတွင် ဘောလုံး အားကစားနည်းလည်း ပါဝင်ခဲ့သည်။ ယခုအခါတွင်မူ ကမ္ဘောဒီးယား ဘောလုံးအသင်းမှာ အိမ်ဖြည့်အသင်း အနေအထား ရောက်နေသည်။
မလေးရှား
မလေးရှား လက်ရွေးစင် ဘောလုံးအသင်းမှာ အရှေ့တောင်အာရှတွင် အစွယ်ချွန်ပြီး အဆိပ်ရှိသာ ဘောလုံးအသင်း တသင်းဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံအချို့၏ ဘောလုံးခရီး လမ်းကြောင်း အတိုင်းပင် မလေးရှားနိုင်ငံသို့ ဘောလုံး ကစားနည်းကို အင်္ဂလိပ် အုပ်စိုးသူများက မျိုးစေ့ချခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မလေးရှား မဟုတ်သေးပါ။
“Malaya” အမည်သာ ရှိသေးသည်။ ၁၈၀၀ ပြည့်နှစ်လောက်မှာပင် မာလာယု နိုင်ငံ၌ ဘောလုံးကစားနည်း ထင်ရှားလာခဲ့သည်။ မာလာယု နိုင်ငံရောက် တရုတ်၊ အိန္ဒိယ၊ ဥရောပ မျိုးနွယ်ဝင်များ၊ သီဟိုဠ်သားများက ဘောလုံး ကလပ်အသင်းများ ဖွဲ့စည်း ယှဉ်ပြိုင်ခဲ့ကြသည်။
မလေးရှားနိုင်ငံ၏ ဘောလုံးအဆင့်အတန်း တိုးတက်မှုမှာ အားကစား ဝါသနာပါသည့် ဝန်ကြီးချုပ်ဟောင်း တန်ကူအဗဒူရာမန်ကြောင့် မလေးရှားနိုင်ငံ၏ ဖိတ်ခေါ်ဖလား “မာဒေးကား” နှင့် အာရှလူငယ် ရွှေဖလား ဘောလုံး ပြိုင်ပွဲတို့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အဆင့်မြင့် အသင်းတသင်း ဖြစ်သည့် မလေးရှားနိုင်ငံတွင် မှတ်ပုံ တင်ထား သည့် ဘောလုံးသမားပေါင်း ၂၀၀၀၀၀ နှင့် မှတ်ပုံတင်ထားသည့် ဘောလုံးကလပ်ပေါင်း ၅၀၀ ကျော်ရှိသည်။
ဖိလစ်ပိုင်
ဘောလုံးကစားနည်းမှာ ယခင်က ဖိလစ်ပိုင်နိုင်ငံတွင် လူကြိုက်များသော အားကစားနည်း မဟုတ်ပါ။ ဘောလုံးနေရာတွင် ဘက်စကက်ဘော၊ ဘေ့စ်ဘော၊ လက်ဝှေ့၊ ပြေးခုန်ပစ် စသည့် အားကစားနည်းတို့မှာ ဖိလစ်ပိုင် နိုင်ငံကို စပိန်တို့ထံမှ အစားထိုးရောက်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီးကလည်း ဖိလစ်ပိုင်နိုင်ငံ၏ ဘောလုံးအားကစားနည်းကို ဖျက်ဆီးခဲ့သည်။ ဒုတိယ ကမ္ဘာ စစ်ကြီးအတွင်း ဖိလစ်ပိုင် ဘောလုံးသမားကောင်းများ သေကြေခဲ့ကြရသည်။ ဘောလုံးကွင်းများမှာ ဗုံးဒဏ် ကြောင့် ပျက်စီးကုန်သည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသောအခါ ဖိလစ်ပိုင် ကျောင်းများတွင် ဘောလုံးကစားနည်းအစား ဘက်စကက် ဘောကစားနည်းက ဝင်ရောက်လာသော်လည်း ဖိလစ်ပိုင် ဘောလုံးအဖွဲ့ချုပ်က စိတ်မပျက်၊ အားမလျှော့ဘဲ ဘောလုံးကစားနည်း ရှင်သန်ဖွံ့ဖြိုးရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ကြိုးစားမှု၏ အသီးအပွင့်ကို ၁၉၉၁ မနီလာဆီးဂိမ်းတွင် ခံစားလိုက်ရသည်။ မလေးရှား အသင်းကို ၂း၁ ဂိုးဖြင့် နိုင်လိုက်ခြင်းပင် ဖြစ်သည်။ ဖိလစ်ပိုင် ဘောလုံးအသင်း၏ စီမံကိန်းကို ကပြားစီမံကိန်းဟု ခေါ်ရမည်ဖြစ် သည်။ ဖိလစ်ပိုင် အမျိုးသားနှင့် နိုင်ငံခြားသူ၊ နိုင်ငံခြားသားများနှင့် ဖိလစ်ပိုင် အမျိုးသမီးတို့က မွေးဖွားပြီး ဘောလုံး အားကစားနည်းတွင် ထူးချွန်သောသူများကို ဖိလစ်ပိုင် လက်ရွေးစင်အသင်းတွင် ထည့်သွင်း ကစားစေခြင်းပင် ဖြစ်သည်။
ဘရူနိုင်း
ဘရူနိုင်း နိုင်ငံ လက်ရွေးစင်ဘောလုံးအသင်းမှာ အရှေ့တောင်အာရှ အားကစားပွဲ၊ အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ်ဖလား စသည့်တို့တွင် အစောပိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါ။ သို့သော် ၁၉၈၆ ခုနှစ်တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ခြေစစ်ပွဲဝင်ခဲ့သည်။ ၁၉၇၆ ခုနှစ်ကလည်း အာရှဖလား ခြေစစ်ပွဲ ဝင် ခဲ့သေးသည်။ နှစ်ပွဲစလုံး ပထမ အကျော့မှာပင် ရှုံးနိမ့်ခဲ့သည်။ ဘရူနိုင်းတွင် ယခုထက်တိုင် ကြေးစား ဘောလုံးပွဲဖြစ်သည့် ဘရူနိုင်းလိဂ် မရှိသေးပါ။ အပျော်တမ်းအဆင့်သာ ရှိနေဆဲ ဖြစ်ပါသည်။
တီမော
အင်ဒိုနီးရှားမှ ခွဲထွက်လာသည့် နိုင်ငံဖြစ်သည်။ ကြေးစားလိဂ်ပွဲ မရှိပါ။ ဆီမီးပရို စနစ်ဖြင့် ဘောလုံးပွဲများ ကျင်းပလျက် ရှိသည်။ အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက်ပြိုင်ပွဲ တိုယိုတာဖလားမှာပင် ခြေစစ်ပွဲ ဝင်နေရသည့် အသင်း ဖြစ်သည်။
ဤသည်တို့မှာ အရှေ့တောင်အာရှ ဒေသတွင်းမှ မြန်မာနှင့် ဘောလုံးယှဉ်ပြိုင်ဘက်နိုင်ငံ ၁၀ နိုင်ငံ၏ ဘောလုံး ဖြစ်စဉ်များကို အကျဉ်းချုံး တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။