စင်ကာပူ၌ ကျင်းပမည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် မြန်မာအားကစားအဖွဲ့က အားကစားနည်း ၃၁ မျိုး အားကစားသမား ၃၉၆ ဦးနှင့် သက်ဆိုင်ရာ အားကစား နည်းများ အလိုက် အုပ်ချုပ်သူ၊ နည်းပြဆရာများ၊ ဂျူရီလူကြီးများ၊ အဖွဲ့ခေါင်းဆောင်များ၊ စီမံအုပ်ချုပ်သူများ၊ မီဒီယာသမားများ စုစုပေါင်း ၂၅၉ ဦး လိုက်ပါသွားကြမည် ဖြစ်သည်။
ပြိုင်ပွဲဝင် ကစားသမား မဟုတ်သည့် ပုဂ္ဂိုလ် ၂၅၉ ဦးတွင် နိုင်ငံခြား နည်းပြဆရာ ၂၂ ဦးမှာ မည်သည့် အားကစား နည်းများ၏ နည်းပြဆရာများ ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံသား နည်းပြဆရာများ ဖြစ်ကြောင်း စသည်တို့ကိုမူ သတင်းများထဲတွင် ဖော်ပြထားခြင်း မရှိပါ။
သတင်းအရ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားနည်း ၉ မျိုးတွင်သာ မြန်မာ နည်းပြဆရာများ ဖြင့်သာ ယှဉ်ပြိုင်မည့် သဘော ဖြစ်ပါသည်။
လက်တွေ့တွင်မူ ယင်းအရေအတွက်ထက် ပြည်တွင်းမှ နည်းပြဆရာများ နည်းမည် ထင်ပါသည်။ ဘောလုံး အားကစား နည်း တမျိုးတည်းမှာပင် နည်းပြချုပ်၊ လက်ထောက်နည်းပြ၊ ဂိုးနည်းပြနှင့် ကြံ့ခိုင်ရေး နည်းပြ ဆရာတို့ ၄ ဦးပါဝင်နိုင် သောကြောင့် ဖြစ်ပါသည်။
အားကစားနည်း ၃၁ မျိုး အတွက် အုပ်ချုပ်သူနှင့် နည်းပြဆရာ ၁၁၄ ဦး၊ အုပ်ချုပ်မှုအဖွဲ့ ၄၉ ဦး၊ ထပ်တိုး အုပ်ချုပ်မှုအဖွဲ့ ၂၃ ဦး၊ စီမံအဖွဲ့ ၁၁ ဦး၊ ဒိုင်လူကြီးနှင့် ဂျူရီ ၂၉ ဦး၊ သတင်းပြန်ကြားရေး ၁၄ ဦးဖြစ်သည် ဟု သတင်းတွင် ဖော်ပြထားပါသည်။
အုပ်ချုပ်မှု အဖွဲ့တွင် ၄၉ ဦးလျာထားပြီးမှ နောက်ထပ်တိုး ၂၃ ဟု ဘာကြောင့် ခွဲခြားသတ်မှတ်ထားသလဲ ဆို သည်ကို စဉ်းစား၍ မရပါ။ တခုတည်း အုပ်ချုပ်မှုအဖွဲ့ ၇၂ ဦးဟု ဖော်ပြထားသင့် ပါသည်။ တဖန် အားက စား အဖွဲ့ကြီး တဖွဲ့လုံး၏ အုပ်ချုပ်မှု အဖွဲ့ဝင် ၇၂ ဦးလျာထားပြီးနောက် စီမံအဖွဲ့ဝင် ၁၁ ဦး ထပ်ထည့်ထား ပြန်ပါ သည်။
အုပ်ချုပ်သူနှင့် စီမံသူ တာဝန်ခွဲထားကြသည်ဟု ယူဆရပါသည်။ ယင်း မူရင်းအဖွဲ့ကြီး အပြင် အားကစားနည်း တာဝန်ခံ များလည်း လိုက်ပါကြဦးမည် ဟု ဆိုပါသည်။ အားကစားအဖွဲ့ အတွက် တကယ်လိုအပ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ အကြောပြင်ဆရာများကိုမူ စာရင်း အတိအကျဖြင့် ဖော်ပြထားခြင်း မရှိပါ။
ယင်းအပြင် ပြိုင်ပွဲဝင် အားကစား အဖွဲ့ချုပ်များမှ လေ့လာသူများလည်း လိုက်ပါကြမည် ဖြစ်ရာ တရားဝင် မြန်မာအဖွဲ့သည် စုစုပေါင်း ၉၄၃ ဦးရှိမည် ဟု သတင်းများအရ သိရပါသည်။
အားကစားသမား ၃၉၃ ဦးသည် ၁၉၅၉ မှ ၂၀၁၁ ခုနှစ်အထိ ကျွန်းဆွယ်နှင့် ဆီးဂိမ်းများတွင် မြန်မာနိုင်ငံက ပြည်ပထွက် ယှဉ်ပြိုင်ရာတွင် အများဆုံး လူအင်အားပင် ဖြစ်သည်။
မူလက စင်ကာပူ ဆီးဂိမ်းတွင် မြန်မာနိုင်ငံက အဆင့် ၃ ဆင့် သတ်မှတ်၍ ဝင်ရောက်ယှဉ်ပြိုင်မည့် သတင်း များ ထွက်ပေါ်ခဲ့သည်။ (က) အဆင့်၊ (ခ) အဆင့်နှင့် (ဂ) အဆင့်ဟူ၍ ဖြစ်သည်။
(က) အဆင့်မှာ နိုင်ငံတော် လက်ရွေးစင် အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားနည်း ၁၇ မျိုးဖြစ်သည်။
(ခ) အဆင့်မှာ နိုင်ငံတော်နှင့် အားကစားအဖွဲ့ချုပ်တို့ စားရိတ်မျှခံကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် အားကစားနည်း ၁၀ မျိုး ဖြစ်သည်။
(ဂ) အဆင့်မှာ ဝင်ပြိုင်လိုသည့် အားကစား အဖွဲ့ချုပ်များကသာ အကုန်အကျခံပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးသည့် စနစ်ဖြစ်သည်။
ယခု ဆီးဂိမ်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနည်း ၃၁ မျိုးမှာ ယခင် ခွဲခြား သတ်မှတ်ထားသည့် (၁၇+၁၀+၄) ပင် ဖြစ်သည်။ ယခင် အပတ်များတွင် (က) အဆင့်မှ အသင်းများအကြောင်းကို အကြမ်းဖျင်းအားဖြင့် သုံးသပ်ဝေဖန်ပြခဲ့ပါသည်။
ယခုအပတ်တွင် စင်ကာပူ ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ၃၁ မျိုး အနက် ပထမဆုံး သိထားရမည်မှာ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း ၃၁ မျိုးစလုံး ရွှေတံဆိပ် မရနိုင် ဆိုသည့် အချက် ဖြစ်သည်။
ရွှေတံဆိပ် မရနိုင်သလို ငွေတံဆိပ်၊ ကြေးတံဆိပ်များပင် မရနိုင်သည့် အားကစားနည်းများကို စဉ်းစား ကြည့် စေလိုသည်။ ငွေတံဆိပ်၊ ကြေးတံဆိပ်များကို ပင်လျှင် စူးစမ်းသင့်ကြ ပါသည်။
နှစ်သင်းတည်း ပြိုင်၍ ငွေတံဆိပ်ရခြင်းမျိုး၊ အားကစားသမား သုံးဦးထဲပြိုင်ပြီး တံဆိပ်ရခြင်းမျိုး စသည်တို့မှာ ဆုပင်ရသော်လည်း ထိုက်ထိုက်တန်တန် ရသောဆုများ မဟုတ်ဟု စာရေးသူကတော့ မှတ်တမ်းတင် ချင်ပါ သည်။
မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း ၃၁ မျိုးအနက် အားကစားနည်း ၁၆ မျိုးမှာ ရွှေတံဆိပ် မရနိုင်ဟု သုံးသပ်မိပါသည်။
ပထမဆုံး ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းမှာ ဘောလုံးပင်ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ၃၆ နှစ်၊ ပြိုင်ပွဲအကြိမ်ပေါင်း ၁၉ ကြိမ်တွင် နှစ်ကြိမ်သာ နောက်ဆုံးဗိုလ်လုပွဲ ရောက်ဖူးသည်။ သို့သော် ရွှေတံဆိပ်မရပါ။ အုပ်စု ပွဲအောင်၍ အကြိုဗိုလ်လုပွဲ ရောက်သည့်တိုင် တဖက်အုပ်စုမှ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ် အသင်း ၃ သင်း အနက်မှ တသင်းသင်းနှင့်တွေ့မည်။ မည်သည့်အသင်းနှင့် တွေ့ရမည်ဖြစ်သည်။ နိုင်ဖို့မလွယ်ဟု သုံးသပ်မိပါသည်။
အနောက်တိုင်း ဓားသိုင်းပြိုင်ပွဲများမှာလည်း မြန်မာနိုင်ငံအတွက် ကစားနည်း အသစ် ဖြစ်သည်။ တရုတ်ပြည် တွင် ကြေးစားယှဉ်ပြိုင်နေသော မြန်မာတယောက်ကို အားဖြည့် မလိုလိုသတင်း ဖတ်လိုက်ရသည်။ မည်သို့ ပင်ရှိစေ ရွှေရဖို့ မလွယ်ပါ။
ရေကူး၊ ဒိုင်ဗင်
ရေကူးမှ ဆုတံဆိပ်ပင် မမှန်းနိုင်ပါ။ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်း ရေကူးသမားများကို ကျော် လွှား အနိုင်ရဖို့ မလွယ်ပါ။ ဒိုင်ဗင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်သည့် နိုင်ငံ နည်းလျှင် ဆုရနိုင်ပါသည်။ သို့သော် ရွှေတံဆိပ် မရနိုင်ပါ။
ပိုက်ကွန်ဘောလုံး
Net Ball အားကစားနည်းမှာ ပြည်တွင်း၌ မရှိပါ။ မည်သည့် အားကစားနည်းမှန်းပင် မသိသဖြင့် ကြိုတင် မသုံးသပ်လိုတော့ပါ။
ဘတ်စကက်ဘော
ဘတ်စကက်ဘော အားကစားနည်းသည် ၁၉၅၀ အာရှအားကစားပွဲတွင် လည်းကောင်း၊ ၁၉၆၆ အာရှအားကစား ပြိုင်ပွဲတွင် လည်းကောင်း ဝင်ပြိုင်ဖူးသည်။
သို့သော် အမျိုးသားအသင်းသည် ကျွန်းဆွယ်တွင် လည်းကောင်း၊ ဆီးဂိမ်းတွင် လည်းကောင်း အမြင့် ဆုံး ရခဲ့သည်မှာ လာအိုအသင်းကို အနိုင်ရရှိပြီး ကြေးတံဆိပ်ရခြင်းပင် ဖြစ်သည်။ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား သာမက မလေးရှား အသင်းများကိုပါ နိုင်ဖို့မလွယ်ပါ။
ဘော်လီဘော
ကျွန်းဆွယ်မှာရော၊ ဆီးဂိမ်းမှာပါ ရွှေတံဆိပ် ရခဲ့ဖူးသည်။ ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ကို နိုင်လျှင် ရွှေတံဆိပ်ရမည်။ ထို့ထက် နိုင်ဖို့ မလွယ်ပါ။ နေပြည်တော် ဆီးဂိမ်းတွင်မူ စတုတ္ထသာ ရခဲ့သည်။
စားပွဲတင်တင်းနစ်
ကျွန်းဆွယ်မှာရော၊ ဆီးဂိမ်းမှာပါ ရွှေတံဆိပ် မရဖူးသေးပါ။ မည်သို့ပင် မွမ်းမံမွမ်းမံ စင်ကာပူနှင့် ဗီယက်နမ်ကို ကျော်လွှားဖို့ မလွယ်ပါ။
ကြက်တောင်
အာရှအားကစားပွဲ ၁၉၆၆ တွင် အမျိုးသားတဦးချင်း တတိယရဖူးသည်။ ကျွန်းဆွယ်ပြိုင်ပွဲ ၁၉၆၉ တွင် အမျိုးသမီး တဦးချင်း ဒုတိယ ငွေတံဆိပ် ရခဲ့ဖူးသည်။ ၂၀၁၅ စင်ကာပူတွင်မူ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း ကြက်တောင် သမားများသာ ရွှေတံဆိပ် ရနိုင်ကြသည်။
ကျွမ်းဘား
ကျွမ်းဘား အားကစားနည်းကို ကျွန်းဆွယ် အားကစားပွဲ ၁၉၆၉ တွင် စတင်ထည့်သွင်း ကျင်းပခဲ့သည်မှာ မြန်မာနိုင်ငံ ဖြစ်သည်။ ယင်းနောက် ကျွန်းဆွယ် အားကစားပွဲတွင် ကျွမ်းဘား အားကစားနည်း ထည့်သွင်း ကျင်းပခြင်း မပြုတော့ပါ။ ဆီးဂိမ်းတွင် ကျွမ်းဘား အားကစားနည်း ပြန်လည် ထည့်သွင်းလာ သောအခါ မြန်မာနိုင်ငံတွင် ကျွမ်းဘား အားကစားနည်း မှေးမှိန်နေခဲ့သည်။ မြန်မာကျွမ်းဘား မောင်မယ်များ ဆုတံဆိပ် ရကောင်းရမည် ဖြစ်သော်လည်း ရွှေတံဆိပ် မရနိုင်ပါ။
စက်ဘီး
စက်ဘီးပြိုင်ပွဲ တာတို၊ တာဝေး၊ လမ်းကြမ်းအခက်အခဲ ပြိုင်ပွဲ ၃ မျိုးစလုံးတွင် ရွှေ မရနိုင်ပါ။ အချို့သော ပွဲစဉ် များတွင်မူ ဆုတံဆိပ် ရကောင်းရပါလိမ့်မည်။
သုံးမျိုးစပ်
ရေကူး၊ စက်ဘီးစီး၊ အပြေး သုံးမျိုးစပ် ပြိုင်ရသည့် Triathlon မှာ အတွေ့အကြုံရနိုင်သည်ထက် မပိုပါ။
လက်ဝှေ့
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အားကစားနည်း၏ လှုပ်ရှားမှုမှာ မြန်မာ့ရိုးရာ လက်ဝှေ့ အားကစား နည်းလောက် လှုပ်ရှားခြင်း မရှိပါ။ နိုင်ငံတကာ လက်ဝှေ့အားကစားနည်း၏ အတိတ်မှ အရိပ်များကို ပြန်လည် အကောင်အထည် ဖော်နိုင်မှသာ ဆီးဂိမ်းတွင် ရွှေတံဆိပ် ပြန်လည်ရနိုင်ဖွယ် ရှိပါသည်။
စကွပ်(ရှ်)
Squash အားကစားနည်းမှာ မြန်မာနိုင်ငံအတွက် ကစားနည်း အသစ် ဖြစ်နေသည်။ တနိုင်ငံလုံး အတိုင်း အတာဖြင့် လုံး၀ လှုပ်ရှားမှု မရှိဘဲ နိုင်ငံတကာ ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့်ရသည် ကတော့ ထူးထွေသည့် အံ့ရာသော်ဟု ဆိုရမည် ထင်ပါသည်။
တင်းနစ်
တင်းနစ် အားကစားနည်းတွင် မြန်မာနိုင်ငံက ၁၉၆၉ ကျွန်းဆွယ်တွင်သာ ရွှေတံဆိပ်တဆု ရခဲ့ဖူးသည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပခြင်းပင် မခံရသည့် အားကစားနည်း ဖြစ်သည်။ အတွေ့အကြုံ ရသည်ထက် မပိုနိုင်ပါ။ ဆုရဖို့ ခက်ခဲမည်။
မြင်းစီး
မြင်းစွမ်းရည်ပြနှင့် အလှစီးမှာ လူတစု အားကစားနည်း ဖြစ်သည်။ နိုင်ငံတကာ အားကစား ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ လူထုအားကစား မဟုတ်ဘဲ လူတစုအားကစားသာ ဖြစ်သည်။ ဆီးဂိမ်းများတွင် ဆု ရကောင်းရမည် ဖြစ်သော်လည်း ရွှေတံဆိပ် မရနိုင်ပါ။
ဟော်ကီ
ဟော်ကီ အားကစားနည်းမှာလည်း အသစ် ပြန်စနေရသည့် အားကစားနည်း ဖြစ်သည်။ နိုင်ငံတကာ အတွေ့အကြုံ နည်းသဖြင့် ခန့်မှန်းရခက်သည်။ သို့သော် မလေးရှားကိုကျော်၍ ရွှေတံဆိပ် မရနိုင်ပါ။ ငွေ သို့မဟုတ် ကြေးတံဆိပ် တော့ မျှော်မှန်းနိုင်သည်။
ဘိုးလင်း
ဘိုးလင်းမှာလည်း မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားမှု နည်းပါးသည့် အားကစားနည်း ဖြစ်သည်။ ငွေရှိမှ ကစားနိုင်သည့် အားကစားနည်း ဖြစ်သည်။ ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည်ကပင် စဉ်းစားစရာ ဖြစ်သည်။ ဘိုးလင်းမှ ရွှေများကို စင်ကာပူနှင့် ဖိလစ်ပိုင်တို့သာ ခွဲဝေယူကြပေလိမ့်မည်။
၁၅ မျိုး
သို့ဖြစ်ရာ ကျန်ရှိသည့် အားကစားနည်း ၁၅ မျိုးကသာ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်သည့် အနေအထား ပင်ဖြစ်သည်။ လက်ကျန် အားကစားနည်း ၁၅ မျိုးထဲမှ မြန်မာအဖွဲ့ အထူး အားထားရမည်မှာ လှေအုပ်စုပင် ဖြစ်သည်။၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် လှေအုပ်စုက ရွှေတံဆိပ်ပေါင်း ၂၀ တိတိ ဆွတ်ခူးခဲ့သည်။ နိုင်ငံတကာ လှေပွဲတွင် ရွှေ ၁၊ ကနူး/ကယက်တွင် ရွှေ ၅ နှင့် ရိုးရာလှေတွင် ၁၄ ဆု ဖြစ်သည်။
မပါဝင်
၂၀၁၅ စင်ကာပူ ဆီးဂိမ်းတွင် ၂၀၁၃ နေပြည်တော် ဆီးဂိမ်း မြန်မာ အားကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် အားကစားနည်းများ ထည့်သွင်းကျင်းပခြင်း မရှိသည်ကိုလည်း တွေ့ရသည်။
မွေထိုင်းလက်ဝှေ့ ၄၊ ကင်ပို ၆၊ ကရာတေးဒို ၂၊ စစ်တုရင် ၄၊ ကာယဗလ ၂ တို့ ဖြစ်ကြသည်။ ရွှေတံဆိပ် ၁၈ ဆု စွန့်လွှတ်လိုက်ရခြင်း ဖြစ်သည်။
ရွှေတံဆိပ်
ကျင်းပတော့မည့် စင်ကာပူ ဆီးဂိမ်းတွင် မြန်မာ အားကစားသမားအဖွဲ့ ရွှေတံဆိပ် မည်မျှဆွတ်ခူးမည်လဲ ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ မြန်မာနိုင်ငံမှ အားကစား တာဝန်ရှိသူများကမူ ရွှေတံဆိပ် ၄၀ နှင့် ၅၀ ကြား ရရှိနိုင်မည် ဟု ခန့်မှန်းထားကြသည်။
ကျွန်းဆွယ်ရော၊ ဆီးဂိမ်းတွင်ပါ ပြည်ပထွက် ပြိုင်ရသည့် မြန်မာအားကစား အဖွဲ့များမှာ ရွှေတံဆိပ် ၃၀ ပြည့်အောင် မဆွတ်ခူးနိုင်ကြ သေးပါ။ နိုင်ငံအလိုက် အဆင့်မှာလည်း တတိယ (၁၉၇၉) သာ အမြင့်ဆုံး ဖြစ်သည်။ ပြည်ပပြိုင်ပွဲများ ရွှေတံဆိပ် အနည်းဆုံး ရသည်မှာ ၁၉၉၀ ဘရူနိုင်း ဆီးဂိမ်းတွင် ၃ ဆုထဲသာ ရခဲ့ခြင်း ဖြစ်သည်။ အဆင့်အနိမ့်ဆုံးမှာ ဆဋ္ဌမ အဆင့် ၂၀၁၁ လာအို ဆီးဂိမ်းတွင် ဖြစ်သည်။
မည်သည့် အားကစားနည်းက ရွှေတံဆိပ် ဆွတ်ခူး၍ စုစုပေါင်း ရွှေတံဆိပ် မည်မျှရကာ၊ နိုင်ငံအလိုက် အဆင့် မည်မျှ ရသည်ကို သိဖို့အတွက် တလပင် မစောင့်ရတော့ပါ။