မြန်မာ့အားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ ထားသည့် U-20 မြန်မာလူငယ်လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် အားနည်းချက်များ ရှိနေသော်လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း U-20 နည်းပြချုပ် မစ္စတာ ဂက်ဆီဇီက ပြောဆိုသည်။
U-20 မြန်မာ့လက်ရွေးစင်အသင်းသည် အာရှတိုက် အုပ်စုဇုန်တွင် ကာတာ၊ မြောက်ကိုရီးယား၊ ဥဇဘတ် ကစ္စ တန် အသင်းတို့နှင့် အတူ လူငယ်ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ လူငယ် ကမ္ဘာ့ ဖလား ပြိုင်ပွဲကို နယူးဇီလန် နိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် အသင်း U-20 သည် နယူးဇီလန် နိုင်ငံနှင့် ရာသီဥတု တူညီသော သြစတေးလျ နိုင်ငံသို့ လာမည့်ရက်အတွင်း သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲများ ကစားသွားမည် ဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် U-23 လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားပွဲကို ယှဉ်ပြိုင်ကစားလျက်ရှိပြီး တူရကီ၊ ဖီချီ၊ ဆာဘီးယား၊ ဂျာမနီနှင့် ဟန်ဂေရီ နိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မှုများနှင့် ခြေစမ်းပွဲများလည်း ကစားခဲ့ ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၁၅ လူငယ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် U-20 မြန်မာ့ လက်ရွေး စင် အသင်းအနေဖြင့် ပြိုင်ပွဲမတိုင်မီ စည်းလုံးညီညွတ်စွာ ကြိုးစားပေးရန် မေ ၉ ရက်နေ့ ရန်ကုန် Novotal ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
“လေ့ကျင့်မှုတွေမှာ အဆင်မပြေတာတွေ ရှိရင်လည်း မိသားစု စိတ်ဓာတ်နဲ့ နိုင်ငံအတွက် ကြိုးစားကြရမှာပါ၊ ပန်းတိုင်က မရောက်သေးပါဘူး” ဟု ဦးဇော်ဇော်က ပြောဆိုသည်။
U-20 မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသားများ အကြား စည်းကမ်း ပျက်ကွက်မှုနှင့် စိတ်ဝမ်းကွဲမှု တချို့ ရှိခဲ့ပြီး အသင်းအုပ်ချုပ်သူ တာဝန်ရှိသူများက ညှိနှိုင်းထိန်းသိမ်းပေး ခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ ကြောင်း သိရှိရသည်။
U-20 မြန်မာ့လက်ရွေးစင် အသင်းသည် လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စု A တွင် အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်း တို့နှင့် တအုပ်စုတည်း ကျရောက်ပါဝင်နေပြီး၊ ပထမပွဲအဖြစ် အမေရိကန် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ် ကြောင်း၊ ဒုတိယပွဲ အဖြစ် ယူကရိန်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲ အဖြစ် အိမ်ရှင် နယူးဇီလန်နှင့် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သိရသည်။