အားကစားသည် ငြိမ်းချမ်းရေး၏ ပြယုဂ်၊ ငြိမ်းချမ်းရေး၏ သင်္ကေတ၊ ငြိမ်းချမ်းရေး၏ အမှတ်အသား ဟု ဆိုကြသည်။ ခရစ်တော်မပေါ်မီ ဘီစီ ၇၇၆ ခုနှစ်တွင် ရောမ၌ စတင်ခဲ့သော ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ အောင်နိုင်သူကို သံလွင်ခက် သရဖူဖြင့် ဂုဏ်ပြုခဲ့ကြသည်။ ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ခဲ့ကြသည်။ တောပုန်း ဓားပြများက ပင်လျင် အိုလံပစ် သွားလာလမ်းများနှင့် ဝေးရာသို့ ရှောင်ရှားပေးခဲ့ကြသည်။
သို့ရာတွင် ၁၈၉၆ ခုနှစ်တွင် ပြန်လည် မွေးဖွား သန့်စင်ခဲ့သည့် ခေတ်သစ် အိုလံပစ်အားကစားပွဲနှင့် ဒေသဆိုင်ရာ အားကစား ပြိုင်ပွဲများတွင်မူ ငြိမ်းချမ်းရေး သင်္ကေတသည် အနုတ်လက္ခဏာ ဖြစ်ခဲ့ရသည်။ အားကစားပွဲ တပွဲ မဟုတ် တပွဲ၊ တကြိမ် မဟုတ် တကြိမ် အနိဋ္ဌာရုံများ ပေါ်ပေါက်ခဲ့ရသည်။ ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ဘက် ဆူပူသောင်းကျန်းမှု များ၊ ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများ စသဖြင့် ငြိမ်းချမ်းရေးချိုးငှက် တောင်ပံကို ရိုက်ချိုးခဲ့ကြသည်။
ယင်းတို့တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEAP & SEA Games) တို့လည်း ပါဝင်ခဲ့ကြသည်။ အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပရန် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၁၉၅၈ အာရှ အားကစားခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ပထမအကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံဘန်ကောက်၌ ၁၉၅၉ ခုနှစ်တွင် ကျင်းပရန် အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ထိုင်းနိုင်ငံက ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၇ ရက် အထိ ကျင်းပခဲ့သည်။ အရှေ့တောင် အာရှဒေသတွင် ၇ နိုင်ငံ ရှိသော်လည်း အိမ်ရှင်အပါအဝင် ၆ နိုင်ငံသာ ယှဉ်ပြိုင်ခဲ့ကြသည်။ ကမ္ဘောဒီးယားက ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ နယ်နိမိတ် အကြောင်းပြကာ နိုင်ငံရေး အငြင်းပွား နေကြသဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါ။ ညီညွတ်ရေးနှင့် ချစ်ချစ်ခင်ခင် ဆိုသည်မှာ စာရွက်ပေါ်မှာသာ ရှိနေသည်။
စကတည်းက ယဉ်သကို
ပြိုင်ပွဲ ကျင်းပနေစဉ် အတွင်း ပြဿနာပေါ်လာတာက အိမ်ရှင်ထိုင်း ဘော်လီဘော အသင်းနှင့် မြန်မာဘောလီဘော အသင်းတို့ နောက်ဆုံး ဗိုလ်လုပွဲတွင် ဖြစ်သည်။ ပထမ ကျွန်းဆွယ် ဘော်လီဘော ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ တောင် ဗီယက်နမ်နှင့် လာအို အသင်းတို့သာ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ၄ သင်း ပတ်လည် အမှတ်ပေး စံနစ်ဖြင့် ကျင်းပသည်။ မြန်မာက ဘောင် ဗီယက်နမ် အသင်းကို ၃ ပွဲ ၁ ပွဲ (၁၅-၁၃၊ ၁၁-၁၅၊ ၁၅-၁၉၊ ၁၅-၁၂) ဖြင့် နိုင်သည်။ ထိုင်း ကလည်း လာအိုကို သုံးပွဲပြတ် နိုင်သည်။ (၁၅-၉၊ ၁၅-၁၂၊ ၁၅-၁၃) ဖြင့် နိုင်သည်။ မြန်မာအသင်းက လာအို အသင်းကို ၃ ပွဲ ၁ ပွဲ (၁၅-၉၊ ၁၅-၉၊ ၁၅-၃) ဖြင့် နိုင်သည်။
ထိုင်းက တောင်ဗီယက်နမ်ကို ၃ ပွဲ၂ ပွဲဖြင့် နိုင်သည်။ သို့ဖြစ်ရာ အုပ်စု နောက်ဆုံးပွဲတွင် ယှဉ်ပြိုင် ကစားကြရသည့် မြန်မာနှင့် ထိုင်းအသင်းတို့၏ ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သွားသည်။
ပြဿနာ
ဤမှာတင် ပြဿနာပေါ်သည်။ မြန်မာနှင့် ထိုင်းအသင်းတို့ ကစားကြရမည့် ဗိုလ်လုပွဲတွင် ဒိုင်လူကြီး၊ အကူဒိုင်လူကြီး အဖြစ် ဆောင်ရွက်ပေးမည့် ကြားနိုင်ငံများမှ ဒိုင်များ မရှိခြင်းပင် ဖြစ်သည်၊ အမှန်ဆိုလျှင် ပြိုင်ပွဲဝင် နိုင်ငံများ ဖြစ်ကြ သည့် တောင်ဗိယက်နမ်နှင့် လာအိုတို့က တာဝန်ယူ ပေးကြရမည် ဖြစ်သည်။ သို့သော် နှစ်နိုင်ငံစလုံးက ဒိုင်အဖြစ် မလုပ်လို ဟု ငြင်းဆန်ခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာနှင့် ထိုင်းကစားမည့်ပွဲကို မြန်မာဒိုင်နှင့် ထိုင်းဒိုင်တို့ကသာ တာဝန်ယူကြရသည်။ အပေါ်ဒိုင်နှင့် အောက်ဒိုင် နေရာ အတွက် မဲနှိုက်ရာ မြန်မာက အောက်ဒိုင်၊ ထိုင်းက အပေါ်ဒိုင် အဖြစ်ဆောင်ရွက်ကြရသည်။
ကစားသမားချင်းက ဘာမှ မဖြစ်ဘဲ အပေါ်ဒိုင်နှင့် အောက်ဒိုင်တို့ အငြင်းပွားမှု များကြောင့် ဘော်လီဘော ပြိုင်ပွဲမှာ ကြည့်မကောင်းအောင် ဖြစ်ခဲ့ရသည်။ ပထမပွဲငယ်တွင် ထိုင်းအသင်းက အပေါ်ဒိုင်၏ စောင့်မမှုဖြင့် ၁၂ မှတ် ၇ မှတ်ဖြင့် ဦးဆောင်နေချိန်တွင် မြန်မာဘော်လီဘော အသင်းက ထပ်မကစားတော့ဘဲ ကွင်းထဲမှ ထွက်လာခဲ့ကြသည်။ ထိုင်းဒိုင်က ထိုင်းအသင်းကို အနိုင်ပေးလိုက်သည်။ မြန်မာဘော်လီဘော အသင်းက ဒုတိယဆုကို မယူဘဲ ဆန္ဒပြခဲ့ကြ သည်။ မြန်မာအသင်းအဖွဲ့ ခေါင်းဆောင်တဦးက အသင်းကိုယ်စား ဒုတိယ ငွေတံဆိပ်ဆုများ လက်ခံခဲ့ရသည်။
လုပ်ပွဲတွေ
၁၉၆၁ ခုနှစ်တွင် ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်တွင် ဒီဇင်ဘာလ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသည်။
ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲသို့ နိုင်ငံစုံ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ အိမ်ရှင်မြန်မာ အမျိုးသား အားကစားသမား ၁၂၀၊ အမျိုးသမီး အားကစားသမား ၂၇ ယောက် အုပ်ချုပ်/ နည်းပြ/ ဒိုင်လူကြီး/ စာနယ်ဇင်း အဖွဲ့ဝင် ၃၀ စုစုပေါင်း ၁၇၇ ယောက်ဖြင့် အားကစားနည်း ၁၃ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရွှေတံဆိပ် ၃၅ ၊ ငွေတံဆိပ် ၂၄၊ ကြေးတံဆိပ် ၂၆ ဖြင့် နိုင်ငံအလိုက် ပထမ ရခဲ့သည်။ သို့ရာတွင် လက်ဝှေ့နှင့် ဘောလုံးတို့တွင် မျက်နှာပျက်စရာများ ကြုံတွေ့ခဲ့ကြရ သည်။
လက်ဝှေ့
ရန်ကုန် ကျွန်းဆွယ်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲများ ဒီဇင်ဘာ ၁၁၊ ၁၃ နှင့် ၁၅ ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။ ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူ နိုင်ငံတို့မှ ဒိုင်လူကြီး တဦးစီ ပါဝင်ခဲ့ကြသည်။ သို့ဖြစ်ရာ ပွဲတိုင်းတွင် ကြားနိုင်ငံမှ ဒိုင်လူကြီး နှစ်ဦးကို တာဝန်ချထား နိုင်သည်။
ပထမအားဖြင့် ဖလိုင်းဝိတ်တန်းတွင် လှညွှန့် (မြန်မာ) နှင့် ဆူရာတင်မိရာဆပ် (ထိုင်း) တို့ ယှဉ်ပြိုင်ရသည်။ ဒိုင်လူကြီး တာဝန် ချထားမှု တရားမျှတရန် ဆိုလျှင်၊ ထိုင်း ဒိုင် (၁)၊ မြန်မာဒိုင် (၂)၊ ကမ္ဘောဒီးယားနှင့် စင်ကာပူမှ ဒိုင်တဦး စီတာဝန်ပေးသင့်သည်။ သို့ရာတွင် ထိုကဲ့သို့ မဟုတ်ဘဲ ယင်းပွဲတွင် လူကြီးများ အဖြစ် ဗိုလ်မှူးကျော်ထွန်း၊ မစ္စတာ မက်မိုင်နားစ်၊ ဒေါက်တာ ဇော်ထွန်းနှင့် ဦးကြည်လွင် (အားလုံးမြန်မာ) နှင့် ထိုင်း အမှတ်ပေးဒိုင် ဗွန်စီတို့က ဆောင်ရွက် သည်။
လှညွှန့်က ၄ မှတ် ၁ မှတ်ဖြင့် နိုင်သည်။ မြန်မာ ဒိုင်လူကြီး ၄ ဦးစလုံးက လှညွှန့်ကို အနိုင်ပေးခြင်း ဖြစ်သည်။ နိုင်သင့် နိုင်ထိုက်၍ နိုင်သည် ထားဦး အမှတ်ပေး ၅ ယောက်တွင် မြန်မာဒိုင် ၄ ဦးပါနေခြင်းကတော့ လူကြား မကောင်းပါ၊ အမြင်မတော်ပါ။ မြန်မာ ၄ ယောက်၊ အခြားနိုင်ငံမှ တယောက်ပေါင်း ၅ ယောက်ဖြင့် လက်ဝှေ့ပွဲတိုင်းကို အမှတ်ပေး သွားခဲ့သည့် အတွက် ဗိုလ်လုပွဲ ရောက်သည့် မြန်မာလက်ဝှေ့သမားတိုင်း ရွှေတံဆိပ် ရခဲ့ကြသည်။
နောက်ထပ် လက်ဝှေ့နှင့် ပတ်သက်၍ ပြောစရာ ရှိသည်မှာ ပြိုင်ပွဲဝင် ၃ နိုင်ငံရှိမှသာ ပွဲကျင်းပရမည် ဟု စည်းကမ်း ရှိသော်လည်း မြန်မာနှင့် တခြား တနိုင်ငံပေါင်း နှစ်နိုင်ငံတည်း ပြိုင်သည့် ပွဲ ၂ ပွဲပါနေခြင်း ဖြစ်သည်။
ဘောလုံး
၁၉၅၉ ထိုင်း ကျွန်းဆွယ်ဘောလုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ လက်ရွေးစင် ဘောလုံးသင်းမှာ အမှန်အားဖြင့် မြန်မာ့ လက်ရွေးစင်အသင်းမဟုတ်၊ အရပ်သား လက်ရွေးသင်းသာ ဖြစ်သည်။ တပ်မတော် ဘောလုံး သမားများထဲက ထွန်းအောင် တယောက်သာ ပါသည်။ ၄ သင်းပြိုင်ရာ စတုတ္ထသာရသည်။
၁၉၆၁ ရန်ကုန် ကျွန်းဆွယ် ဘောလုံးပွဲတွင်မူ မြန်မာအသင်းက လူစုံ တက်စုံဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံခြား နည်းပြဆရာ ရုရှားလူမျိုး ဘိုဇင်ကောင်နှင့်လည်း လေ့ကျင့်ထားသဖြင့် မြန်မာလက်ရွေးစင် ဘောလုံးအသင်း ရွှေတံဆိပ်ရနိုင်သည် ဟု အများက မျှော်လင့်ထားကြသည်။
၁၉၆၁ ကျွန်းဆွယ် ဘောလုံးပွဲပြိုင်ပွဲတွင် စင်ကာပူမှလွဲ၍ ကျန်ခြောက်နိုင်ငံစလုံးပါဝင်ယှဉ်ပြိုင်ကြသည်။ မြန်မာ အသင်းက အုပ်စု (ခ) တွင် မလေးရှား၊ ကမ္ဘောဒီးယား အသင်းတို့နှင့် အတူ ကစားရသည်။ မြန်မာ အသင်းသည် အုပ်စုတွင်း ပွဲ၌ ကမ္ဘောဒီးယားကို ၄း၁ ဂိုးဖြင့် နိုင်သည်။ ဗဟာဒူး ၂၊ ကျောဇော ၁၊ စတိုင်လ် ၁ သွင်းယူခြင်း ဖြစ်သည်။ မလေးရှားအသင်းကို ၁း၂ ဂိုးဖြင့် ရှုံးသည်။ ကျော်ဇော (၁)။ အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်သည်။ အကြို ဗိုလ်လုပွဲတွင် ၁၉၅၉ ကျွန်းဆွယ် ချန်ပီယံ တောင်ဗီယက်နမ် အသင်းကို ၂း၁ ဂိုးဖြင့် နိုင်သည်။ ဗကဒူး ၁၊ ကိုကိုကြီး ၁။ ဗိုလ်လုပွဲတွင် မလေးရှားနှင့် ကြည့်တွေ့ သည်။ ဝး၂ ဂိုးဖြင့် ရှုံးသည်။ ဒုတိယသာရသည်။
အရေးယူ
ကျွန်းဆွယ်ပြိုင်ပွဲ ကျင်းပပြီးစီးသော အခါ ကျွန်းဆွယ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်ကြီးက တပ်မတော် စစ်ရုံးချုပ် ဒဂုန်ရိပ်သာတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး လက်ဝှေ့ အမှတ်ပေးဒိုင်လူကြီးတဦးနှင့် ဗိုလ်လုပွဲတွင် ကစားခဲ့သည့် ဘောလုံးသမား ငါးယောက်ကို ပွဲပယ်ပြစ်ဒဏ်များ ပေးကြောင့် တရားဝင်ကြေညာခဲ့ သည်။ ၁၉၆၁ ကျွန်းဆွယ်ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ဘောလုံးအသင်းမှာ နာမည် နှစ်ခါပျက်ခဲ့ရသည်။
ပြေးခုန်ပစ်
အကြီးအမား မဟုတ်သော်လည်း အသေးအမွှား ကိစ္စများကြောင့် ပြေးခုန်ပစ်တွင်လည်းေ ရွှတံဆိပ်သုံးဆု ဆုံးရှုံးခဲ့ရ သည်။ မြန်မာ တာတို အပြေးချန်ပီယံ ဂရေစီးကားမှာ စီကတရချေ (ထိုင်း) နှင့် ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ဖြင့် ဒုတိယသာ ရသည်။ စံချိန်မှာ ၁၂ ဒသမ ၈ စက္ကန့်ဖြစ်ပြီး၊ ဂရေစီကား၏ စံချိန်မှာ ၁၃ စက္ကန့် ဖြစ်နေသည်။ ပြေးခုန်ပစ် ပြိုင်ပွဲများ၏ စည်းကမ်းသတ်မှတ်ချက်မှာ ပန်းဝင်ဓာတ်ပုံနှင့် အရှုံးအနိုင်ဆုံးဖြတ်ရ လျှင် စံချိန်တူပေးရစမြဲ ဖြစ်သည်။ ယခုတော့ စံချိန်မှာ ဒသမ ၂ စက္ကန့်ကွာနေသည်။ ဤစံချိန်အရဆိုလျှင် ပန်းဝင် ဓာတ်ပုံဖြင့် ဆုံးဖြတ်စရာမလိုပေ။
အမျိုးသမီး မီတာ ၈၀ တန်းကျော် ပြေးပွဲတွင် မလေးရှားမှ လီလီတန်က ပန်းဝင်ဓာတ်ပုံဖြင့်ပင် ဂရေစီကားကို နိုင်သွား ပြန်သည်။ စံချိန်ကျတော့ ကွာဟနေပြန်သည်။ လီလီတန်က ၁၂ ဒသမ ၃၊ ဂရေစီကားက ၁၂ ဒသမ ၄ ဖြစ်ပြန်သည်။
ထိုစဉ်က သတင်းစာများကတော့ ဂရေစီကား နှာအဖျားဖြင့် ရှုံးသည် အစား ရင်တဖျားပင် ရှုံးသည်ဟု ရေးသားခဲ့ကြ သည်။
တတိယ ဆုံးရှုံးရသည့် ရွှေတံဆိပ်မှာ အမျိုးသမီး မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း ပြေးပွဲတွင် ဖြစ်သည်။ မြန်မာ၊ ထိုင်းနှင့် မလေးရှား သုံးသင်းသာ ပြိုင်သည့် ပွဲဖြစ်သည်။ ပထမလူ မခင်ကြည်နှင့် ဒုတိယလူ မေနှင်းတို့နှင့် တတိယလူ နော်ရီနာမြတို့ တုတ် အပြောင်းအလဲတွင် လွတ်ကျသွား သဖြင့် ပြန်ကောက် နေရသောကြောင့် ပြိုင်ဘက်များက ကျော်တက်သွားပြီး ဂရစီကားမှာ တတိယနေရာမှ လိုက်ပြေးရပြီး တတိယကြေး တံဆိပ်တခုသာ ရခဲ့သည်။
ကျွန်းဆွယ်နိဂုံး
၁၉၅၉ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ ၁၉၇၅ ခုနှစ်တွင် နိဂုံးချုပ်ခဲ့ သည်။ အရှေ့တောင်အာရှဒေသတွင် ခုနှစ်နိုင်ငံသာ ရှိသည့်အနက် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗိယက်နမ် နိုင်ငံတို့က ကျွန်းဆွယ် အားကစားအဖွဲ့ချုပ်မှ နုတ်ထွက်သွားကြသည်။ ၈ ကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သာ ယှဉ်ပြိုင်ခဲ့ကြရသည်။ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ထိုင်းနိုင်ငံ (၁၉၅၉) မှစတင်ခဲ့ပြီး၊ (၁၉၇၅) ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။
အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) ကို မလေးရှားနိုင်ငံ ကွာလလယ်ပူမြို့တွင် ကျင်းပသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်း နိုင်ငံတို့ ပါဝင်လာခဲ့ကြသည်။
ဆီးဂိမ်း အစမှာလည်း အဆင်မချောခဲ့ပါ။ ဘောလုံးပွဲတွင် ဖြစ်သည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက အကြို ဗိုလ်လုပွဲတွင် အိမ်ရှင်မလေးရှားကို ၁း၉ ဂိုးဖြင့် ရှုံးသည်။ မြန်မာအသင်း အတွက် အေးမောင်လေးက သွင်းသည်။ တဖက်အကြို ဗိုလ်လုပွဲတွင် ထိုင်းနှင့် အင်ဒိုနီးရှားတို့ ကစားကြသည်။ ရှုံးသွားသော အင်ဒိုနီးရှား အသင်းက တတိယနေရာက မကစားကြသဖြင့် မြန်မာအသင်း တတိယရသည်။
ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ အားကစားလောက အတွက် ပြည့်ဖုံးကား တစတစ ချလာသည့် အားကစားပွဲဟု ဆိုရမည် ဖြစ်သည်။
သို့ရာတွင် အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် ဆီးဂိမ်းတွင်မူ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၆ ဆုဖြင့် တတိယနေရာ ရခဲ့ဖူးသည်။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူတို့ အထက်တွင် ရပ်တည်ခဲ့သည်။ ယင်းမှာ ဆီးဂိမ်းတွင် ပြည်ပထွက် ယှဉ်ပြိုင်ရာ၌ ဤတကြိမ်တည်းသာ တတိယနေရာ ရရှိခဲ့ခြင်း ဖြစ်သည်။
ဘောလုံးအသင်း
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ရှုံးရုံသာမက သိက္ခာပါ ကျခဲ့ရသည့် ပွဲလည်း ရှိခဲ့ဖူးသည်။ ၂၀၀၅ ခုနှစ် ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ဖြစ်သည်။ ဗီယက်နမ်အသင်းနှင့် မြန်မာအသင်းတို့ ကစားရသည်။ ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၁း၀ ဂိုးဖြင့်နိုင်သည်။ ဗီယက်နမ် အားကစား အာဏာပိုင်များက မြန်မာအသင်းကို ၁ ဂိုးတည်း သွင်းခြင်းသည် လုပ်ပွဲဖြစ်သည် ဟုဆိုကာ ဗီယက်နမ် ဘောလုံးသမားအချို့အား ထောင်ချသည် အထိ အပြစ်ပေးခဲ့သည်။
တကယ့်လုပ်ပွဲမှာ ၂၀၀၉ လာအိုဆီးဂိမ်းတွင် ဖြစ်သည်။ မြန်မာအသင်းက အင်ဒိုနီးရှားကိုနိုင်၊ လာအိုနှင့် သရေကျသည်။ စင်ကာပူကို ရှုံးသည်။ ပွဲကုန်ပြီး ၄ မှတ်ရထားသည်။ အင်ဒိုနီးရှားနှင့်သရေ ကျထားသည့် အသင်းကလည်း ၄ မှတ်ရထားသည်၊ လာအိုကလည်း အင်ဒိုနီးရှားကို နိုင်ပြီး ၄ မှတ်ပင် ရထားသည်။
လာအိုနှင့် စင်ကာပူတို့ ပွဲတွင် လာအို အသင်းရှုံးပါက မြန်မာအသင်း အကြိုဗိုလ်လုပွဲ တက်မည်။
သို့သော် နှစ်သင်းစလုံးက ကွင်းလယ်တွင် ခွေးရူးလုပ်တန်းကစားကာ သရေကစားသွားပြီး တမှတ်စီခွဲ ယူသွားကြ သည်။ မြန်မာအသင်း အုပ်စုမှ ထွက်ခဲ့ရသည်။ ဆီးဂိမ်း ဘောလုံး မသမာမှုကို မည်သည့် အဖွဲ့အစည်းကမှ အရေးယူခြင်း မရှိခဲ့ပါ။
လာအိုဆီးဂိမ်းမှာပင် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မြန်မာ အပြေးသမားတဦးက မီတာ ၅၀၀၀ ပြေးပွဲတွင် ရွှေတံဆိပ် ရသည်။ ယင်း အပြေးသမားမှာ မြန်မာစကား မပြောတတ်ရုံသာမက မြန်မာနိုင်ငံတော် အလံကိုပင် အထက်အောက် ပြောင်းပြန် ကိုင်ထားသည်ကို ကိုယ်တွေ့ မြင်ရသည့် မြန်မာမီဒီယာသမားများက ပြောခဲ့ကြသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ ကမူ မည်သို့မှ မှတ်ချက် မပေးခဲ့ကြပါ။
နေပြည်တော်
၂၀၁၃ နေပြည်တော် ဆီးဂိမ်း အပြီးတွင်လည်း အိမ်ရှင် မြန်မာ အတွက် မျက်နှာပူစရာ ဖြစ်ခဲ့ရသေးသည်။ မြန်မာ အားကစားသမား ၂ ဦးဆေးကျ၍ ရွှေတံဆိပ်ဆု ပြန်လည် ရုပ်သိမ်းခံခဲ့ရခြင်းပင် ဖြစ်သည်။
မကြာမီ စင်ကာပူတွင် ကျင်းပတော့မည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ငြိမ်းချမ်းရေး အနှစ်သာရ ပြည့်ဝပြီး ကောင်းမွန်သော ဆီးဂိမ်း၊ သန့်ရှင်းသော ဆီးဂိမ်း ဖြစ်အောင် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံတိုင်းတွင် တာဝန် ရှိပါသည်။ ။