ကမ္ဘာ့ယူ ၂၀ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့ယူ ၂၀ ဘောလုံးအသင်းမှာ အုပ်စုတွင်း အမှတ်ပေးပြိုင်ပွဲသုံးပွဲ ကစားရာ အမေရိကန်အသင်းအား ၁း၂ ဂိုး၊ ယူကရိန်းအသင်းအား ၁း၆ ဂိုး၊ နယူးဇီလန်အသင်းကိုလည်း ၁း၅ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ မြန်မာယူ ၂၀ လူငယ် ဘောလုံးအသင်းမှာ ၃ ပွဲစလုံးတွင် ပထမ ၄၅ မိနစ်တွင် သုံးသင်းစလုံးကို ခြေရည်တူ ကစားနိုင်ခဲ့သည်။ အမေရိကန်နှင့် နယူးဇီလန်အသင်းများကို ဂိုးပင် စတင်သွင်းနိုင်ခဲ့သည်။ ဒုတိယပိုင်း ၄၅ မိနစ်ကျမှ ခြေကျသွားကာ ရှုံးဂိုးများ ဆက်တိုက်ပေးလိုက်ရသည်။
မြန်မာယူ ၂၀ ဘောလုံးအသင်းအကြောင်း မဆွေးနွေးခင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လူငယ်ဘောလုံးပြိုင်ပွဲများ မည်ကဲ့သို့ စတင်ခဲ့သည်ကို တင်ပြလိုပါသည်။
အဆင်မြင့် ကမ္ဘာ့ဖလားဘောလုံးပွဲများတွင် ယခင်က အာရှနှင့် အာဖရိက နိုင်ငံများ လက်ရွေးစင် ဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် ခက်ခဲသဖြင့် FIFA ဥက္ကဋ္ဌ တဦးဖြစ်သူ ဂျိုးဟာယာဗီလန်(ချ)က သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ယထမဆုံး ကမ္ဘာ့လူငယ် ဘောလုံးပြိုင်ပွဲအမည်ဖြင့် လူငယ်ဘောလုံးပွဲ စတင်ကျင်းပသည်။ ၁၉၇၇ ခုနှစ်တွင် တူနီးရှားနိုင်ငံတွင် စတင်ကျင်းပခဲ့သည်။ အိမ်ရှင်တူနီးရှား အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ လူငယ်အသင်း များ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စုက ဥရုဂွေးအသင်းတို့ ပထမအကြိုဗိုလ်လုပွဲ ပွဲချိန်ပြည့် ဂိုးမရှိသရေကျသည်။ ပင်နယ်တီဂိုးဖြင့် အရှုံးအနိုင် ဆုံးဖြတ်ရာတွင် ဆိုဗီယက်ပြည်ထောင်စုအသင်း ၄း၃ ဖြင့် နိုင်ပြီး ဗိုလ်လုပွဲ တတ်သည်။ မက်ဆီကိုနှင့် ဘရာဇီးအသင်းတို့ ပွဲချိန်အတွင်း တဂိုးစီ သရေကျသည်။ မက်ဆီကို အသင်းက ပင်နယ်တီ ဂိုး ၅း၄ ဂိုးဖြင့် နိုင်ပြီး ဗိုလ်လုပွဲတတ်သည်။
၁၉၇၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကစားသည့် ဗိုလ်လုပွဲတွင်လည်း ပွဲချိန်အတွင်း ၂ ဂိုးစီသရေကျနေသဖြင့် ပင်နယ်တီဂိုးဖြင့်ပင် ဆုံးဖြတ်ရာ ဆိုဗီယက်ပြည်ထောင်စုအသင်းက ၉း၈ ဂိုးဖြင့် နိုင်သည်။ ပထမဆုံးအကြိမ် ကျင်းပသည့် ကမ္ဘာ့လူငယ်ဖလား ဘောလုံးပြိုင်ပွဲ ချန်ပီယံဖြစ်သည်။
တတိယနေရာလုပွဲတွင် ဘရာဇီးနှင့် ဥရုဂွေး ၄ ဂိုးစီသရေကျနေသဖြင့် ပူးတွဲတတိယဆုရသည်။ ပထမဆုံး အကြိမ် ကျင်းပသည့် ကမ္ဘာ့လူငယ်ဖလား “WORLD YOUTH CUP” ဗိုလ်လုပွဲသို့ ပရိသတ် ၅၀၀၀ သာ ကြည့်ရှုကြသည်။
ယူ ၁၇ ပွဲ
ကမ္ဘာ့လူငယ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပပြီး ၇ နှစ်အရှိတွင် ကမ္ဘာ့ယူ ၁၇ တံခွန်စိုက်ဘောလုံးပြိုင်ပွဲ ကျင်းပ သည်။ ၁၉၈၅ ခုနှစ် ဇူလိုင် ၂၈ မှ သြဂုတ်လ ၁၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘီဂျင်းမြို့တွင် ကျင်းပသည်။ ဗိုလ်လုပွဲတွင် နိုင်ဂျီးရီးယားက အနောက်ဂျာမနီကို ၂း၁ ဂိုးဖြင့် နိုင်ပြီး ပထမဆုံး ကမ္ဘာ့ယူ ၁၇ ဘောလုံး ချန်ပီယံဖြစ်သည်။
ယူ ၂၀
မြန်မာယူ ၂၀ အသင်းပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ယူ ၂၀ ဖလား တံခွန်စိုက်ပြိုင်ပွဲမှာ မူလကမ္ဘာ့လူငယ်ဖလား ဘောလုံးပြိုင်ပွဲအမည်ပြောင်း၍ ၂၀၀၇ ခုနှစ်ကမှ စတင်ကျင်းပခဲ့သည်။
ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပွဲလက်ရှိ ချန်ပီယံအသင်းမှာ ပြင်သစ် ယူ ၂၀ အသင်းဖြစ်သည် သို့သော် ၂၀၁၅ ပြိုင်ပွဲတွင်မူ ဥရောပဇုန်မှ ခြေစစ်ပွဲမအောင်သဖြင့် လက်ရှိကစားနေသည့် ၂၀၁၅ ကမ္ဘာ့ယူ ၂၀ ဖလားဘောလုံး ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါ။
အာရှယူ ၁၉
အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပသည့် လူငယ်ဘောလုံးပြိုင်ပွဲမှာ FIFA က ကြီးမှူးကျင်းပသည့် လူငယ်ဘောလုံးပြိုင်ပွဲထက် ၁၈ နှစ် တိတိ စောသည်။
၁၉၅၉ ခုနှစ်တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဘန်ကူအဗ္ဗဒူလ်ရာမန်ဇာ အကြံပေးချက်အရ အာရှလူငယ် ဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အာရှတိုက်မှ လူငယ်ဘောလုံးအသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှစကာ ၂ နှစ်တကြိမ်ကျ ကျင်းပခဲ့သည်။ လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်၏ အခြားသော ဘောလုံးပွဲများကဲ့သို့ပင် အဆင့်နှစ်ဆင့်ဖြင့် ကျင်းပလျက်ရှိသည်။
ပထမအဆင့်မှာ ပြိုင်ပွဲအသင်းများ စစ်ပွဲဖြစ်သည်။ ဒုတိယအဆင့်မှာ ခြေစစ်အောင် အသင်းများ၏ နောက်ဆုံး ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည်။
မြန်မာနှင့် အာရှလူငယ်
မြန်မာလူငယ် လက်ရွေးစင်ဘောလုံးအသင်းသည် အာရှလူငယ် ဘောလုံးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၅၉ ခုနှစ် ကတည်းက စတင်ယှဉ်ပြိုင်ခဲ့သည်။
ပထမဆုံးအကြိမ်ပြိုင်ပွဲတွင် အသင်းအချင်းချင်း ခြေစစ်ပွဲကစားစေပြီး နိုင်သင်းများကို ရွှေဖလား အုပ်စု၊ ရှုံးသင်းများကို ငွေဖလားအုပ်စုဟု အဆင့်ခွဲခြားသတ်မှတ်သည်။
မြန်မာ့လူငယ်အသင်းသည် ဟောင်ကောင်အသင်းကို ဝး၁ ဂိုးဖြင့် ရှုံးပြီး၊ ငွေဖလားအုပ်စုတွင်ကစားရသည်။ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သီဟို (သီရိလင်္ကာ) အသင်းတို့နှင့် အတူကစားရသည်။ ထိုင်းအသင်းနှင့် ရမှတ်ခြင်းတူသော်လည်း ဂိုးကွာဟချက်ဖြင့် ဒုတိယအဆင့်ပြိုင်ပွဲတွင် ဒုတိယသာရရှိခဲ့ သည်။
၁၉၆၁ ပြည့်နှစ် ပြိုင်ပွဲကို မလေးရှားနိုင်ငံမှာပင် ကျင်းပသည်။ မြန်မာလူငယ်အသင်း အောင်မြင်မှု မရရှိခဲ့ပါ။ မြန်မာလူငယ်ဘောလုံးအသင်း အောင်မြင်သည့်နှစ်မှာ ၁၉၆၁ ခုနှစ်တွင် ဖြစ်သည်။ တတိယအကြိမ်မြောက် အာရှလူငယ်ဘောလုံးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည်။ မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့ ဂိုး မရှိသရေကျပြီး ပူးတွဲပထမရသည်။
ထိုင်းနိုင်ငံမှာပင် ကျင်းပသည့် အာရှလူငယ်ဘောလုံးပွဲ ၆၂ တွင်မူ မြန်မာလူငယ်အသင်း အောင်မြင်မှုမရခဲ့ပါ။ ၆၃ အာရှလူငယ်ဘောလုံးပြိုင်ပွဲကို မလေးက (မလေးရှား) နိုင်ငံမှာပင် ကျင်းပသည်။ နောက်ဆုံး ဗိုလ်လုပွဲတွင် မြန်မာနှင့် တောင်ကိုရီးယားအသင်း ၂ ဂိုးစီသရေကျပြီး ပူးတွဲ ပထမရသည်။ ၁၉၆၄ တောင်ဗီယက် အာရှလူငယ်ဘောလုံးပွဲနောက်ဆုံး ဗိုလ်လုပွဲတွင် မြန်မာနှင့် အစ္စရေး ဂိုးမရှိသရေကျပြီး ပူးတွဲပထမရသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် ၁၉၆၅ လူငယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းဗိုလ်လုပွဲတတ်သည် အစ္စရေး အသင်းကို ဝး၅ ဂိုးဖြင့် ရှုံးပြီး ငွေတံဆိပ်သာရသည်။ ၁၉၆၆ ခုနှစ် ဖိလစ်ပိုင်၌ ကျင်းပသည့် အာရှလူငယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် အစ္စရေးတို့ပင် ဗိုလ်လုကြရသည်။ တဂိုးစီသရေကျသည်။ ပူးတွဲချန်ပီယံဖြစ်သည်။ ၁၉၆၇ အာရှလူငယ်ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပသည့် အစ္စရေးအသင်းက အင်ဒိုနီးရှားအသင်းကို ၃း၀ ဂိုးဖြင့် နိုင်သည်။ ပထမရသည်။ မြန်မာအသင်းက စင်ကာပူအသင်းကို ၄း၀ ဂိုးဖြင့် နိုင်ပြီး တတိယရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ၁၉၆၈ ခုနှစ်တွင် ကျင်းပသည့် အာရှလူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာလူငယ်အသင်းက မလေးရှားလူငယ်အသင်းကို ၄း၀ ဂိုးဖြင့် နိုင်သည်။ ရွှေတံဆိပ်ရသည်။ တောင် ကိုးရီးယားနှင့်အစ္စရေးတို့က ပူးတွဲတတိယရသည်။ ထိုင်းနိုင်ငံတွင် ၁၉၆၉ ခုနှစ်တွင်ကျင်းပသည့် ပွဲတွင် မြန်မာနှင့် ထိုင်းတို့က ၂ ဂိုးစီသရေကျပြီး ပူးတွဲပထမရသည်။
၁၉၇၀ ပြည့်နှစ် ဖိလစ်ပိုင်ပွဲတွင် မြန်မာက အင်ဒိုနီးရှားအသင်းကို ၃း၀ ဂိုးဖြင့် နိုင်သည်။ ပထမရသည်။ ၁၉၇၁ ဂျပန်ပွဲတွင်မူ မြန်မာလူငယ် အသင်းသည် ဂျပန်လူငယ်အသင်းကို ၂း၁ ဂိုးဖြင့် နိုင်ပြီး တတိယရသည်။ ၇၁ ခုနှစ်သည် မြန်မာအသင်း အတွက် နောက်ဆုံးနှစ်ပင်ဖြစ်သည်။ နှစ်ပေါင်း ၄၄ ကြာမှ မြန်မာလူငယ်အသင်း အာရှဘောလုံးဇာတ်ခုံပေါ်သို့ ပြန်တတ်နိုင်သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ကျင်းပသည့် အာရှယူ ၁၉ တံခွန်စိုက်ပြိုင်ပွဲများ၌ အိုမင်နှင့် သရေ၊ ထိုင်းအသင်းကို ၃း၀ ဂိုးဖြင့်နိုင်သည်။ အီရန်ကို ဝး၂ ဂိုးဖြင့် ရှုံးသည်။ ကွာတားဖိုင်နယ်၌ ယူယေးတီး အသင်းကို ၁း၀ ဂိုးဖြင့် နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် ကာတာအသင်းကို ၂း၃ ဂိုးဖြင့် ရှုံးသည်။ ဥဇဘက်ကစ္စတန် အသင်းနှင့် အထူးပူးတွဲတတိယရသည်။ ၂၀၁၅ ကမ္ဘာ့ဖလား ယူ ၂၀ ဘောလုံးပွဲတွင် အာရှတိုက် ကိုယ်စားပြု၍ ယှဉ်ပြိုင်ခွင့်ရသည်။
ပွဲဦးထွက် အမေရိကန်အသင်းကို ၁း၂ ဂိုးဖြင့် ရှုံးသည်။ ပွဲဦးထွက် ကစားသည့်ခြေစွမ်းအရ တစုံတရာ အတိုင်းအတာအထိ အောင်မြင်မှုရမည်ဟု မျှော်မှန်ထားကြသော်လည်း ယူကရိန်းကို ဝး၆ ဂိုး၊ နယူးဇီလန်ကို ၁း၅ ဂိုးဖြင့် ရှုံးနိမ့်မှုများက အများ၏ မျှော်လင့်ထားမှုများကို ပျက်ပြားစေခဲ့သည်။ သို့ရာတွင် ကမ္ဘာ့အဆင့်သို့ ပထမဆုံးဝင်ရောက်ကစားခွင့်ရခြင်းကပင်လျင် မြန်မာဘောလုံးလောက၏ အောင်မြင်မှု လမ်းစပေါ်ပြီဟု ဆိုရမည်ဖြစ်သည်။
မြန်မာယူ ၂၃
၁၉၇၇ ခုနှစ်တွင် စတင်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပွဲတော် ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများသည် တကြိမ်တခါမှ ရွှေတံဆိပ်မရကြဘူးသေးပါ။ လက်ရှိစင်ကာပူ ဆီးဂိမ်း(စ) တွင် မူ အင်ဒိုနီးရှားအသင်းကို ၄း၂ ၊ အိမ်ရှင်စင်ကာပူအသင်းကို ၂း၁ ဂိုးဖြင့် အနိုင်ရထားသည်။ လက်ရှိခြေစွမ်းအရ ဗိုလ်လုပွဲရောက်နိုင်သည်။ ဆီးဂိမ်း(စ) ဘောလုံး ရွှေတံဆိပ် ရ မရ ဗီယက်နမ် အကြိုဗိုလ်လုပွဲရလဒ်တို့က အဖြေပေးသွားမည်ဟု ထင်သည်။