စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၃ လက်ရွေးစင် ဘောလုံးအသင်း ကစားခဲ့သည့် အုပ်စုတွင်း ၃ ပွဲ၊ အကြိုဗိုလ်လုပွဲ ၁ ပွဲ၊ နောက်ဆုံး ဗိုလ်လုပွဲတို့ကို ကြည့်ရှု အားပေးကြသည့် စင်ကာပူရောက် မြန်မာလူမျိုးတို့၏ မြန်မာလူမျိုး ပီသစွာ ယဉ်ယဉ်ကျေးကျေး အားပေးမှုများကြောင့် စင်ကာပူဆီးဂိမ်း၏ ထူးခြားဖြစ်စဉ်များထဲတွင် တခု အပါအဝင်အဖြစ် နိုင်ငံခြား၊ အထူးသဖြင့် စင်ကာပူနိုင်ငံထုတ် မီဒီယာများထဲတွင် ထည့်သွင်း ဖော်ပြခံရခြင်း ဖြစ်သည်။
အထူးသဖြင့် ထိုင်းအသင်းနှင့် နောက်ဆုံးဗိုလ်လုပွဲ ကစားရာတွင် ၃ ဂိုးပြတ် ရှုံးနိမ့်နေသည့် တိုင်အောင် မြန်မာ နိုင်ငံတော်သီချင်းအား တညီတညွတ်တည်း သံပြိုင်သီဆိုကြသည်။ နိုင်ငံတော်အလံ ကြီးငယ်များကို အားရပါးရ ဝှေ့ယမ်းပြသပြီး ယူ-၂၃ ဘောလုံးသမားကလေးများကို အားပေး ဂုဏ်ပြုခဲ့ကြသည်။ ဒိုင်လူကြီးညစ်၍ အကြမ်းဖက်ကြ စတမ်းဆိုလျင် ထိုင်းနှင့် ပွဲတွင် မြန်မာအသင်းဘက်သို့ ပင်နယ်တီ ဆင့်ကဲပေးခြင်းကို ဒိုင်ညစ်သည် ဆို၍ စင်ကာပူရောက် မြန်မာဘောလုံးချစ် ပရိသတ်များ ရေဗူးနှင့် မပေါက်၊ ခဲနှင့် မပစ်ပေါက်ကြပါ။ စင်ကာပူတွင် ဂုဏ်သိက္ခာ မြင့်မားခဲ့ရသည့် မြန်မာဘောလုံး ပရိသတ်၏ သန့်ရှင်းစွာ အားပေးမှုနှင့် ဖီလာဆန့်ကျင်ဘက်ဖြစ်သော ဘောလုံးပွဲကြည့် ပရိသတ်များ၏ ဆူပူရမ်းကားသည့် ဘောလုံးပွဲတပွဲ ပြည်တွင်း အမျိုးသားလိဂ် (MNL) ဘောလုံးပြိုင်ပွဲ တပွဲတွင် ဖြစ်ပွားခဲ့သည်။ ယူ-၂၀ ကမ္ဘာ့ဘောလုံးပွဲနှင့် ဆီးဂိမ်း ယူ-၂၃ ဘောလုံးပွဲများကြောင့် ခေတ္တရပ်နားထားရသည့် အမျိုးသားလိဂ် လက်ကျန်ပွဲစဉ်များကို ဇူလိုင်လ ၅ ရက်နေ့က ပြန်လည် ယှဉ်ပြိုင် ကစားခဲ့ကြ သည်။
တွေ့ကြပြီ
ယင်းပွဲစဉ်များ အနက် မဟာပြိုင်ဘက်ကြီးများ ဖြစ်ကြသည့် ရန်ကုန်ယူနိုက်တက် FC နှင့် ရတနာပုံ ယူနိုက်တက် FC တို့သည် ရတနာပုံအသင်း၏ အိမ်ကွင်းဖြစ်သည့် ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားသွားခဲ့ကြသည်။ နှစ်သင်းစလုံးတွင် ယူ-၂၀၊ ယူ-၂၃ နှင့် လက်ရွေးစင် အသင်းကြီးမှ ဘောလုံးသမား ပါဝင်ကစားသွားခဲ့ကြသဖြင့် ပွဲကစားပုံမှာ အဆင့်တန်း မြင့်လှသည်။ အထူးသဖြင့် ယူ-၂၀ နှင့် ယူ-၂၃ တို့မှ လက်ရွေးစင် ကစားသမားလေးတို့၏ ခြေစွမ်းခြေစကို မျက်ဝါးထင်ထင် ကြည့်ရှုခဲ့ရသည်။ သို့ရာတွင် ယင်းဘောလုံးပွဲကို ကြီးကြပ်ရသည့် ကွင်းလယ်ဒိုင်လူကြီး၏ လုပ်ဆောင်ချက်များမှာ အထူးအားနည်းလှသည်။ နှစ်သင်းစလုံး ပြစ်ဒဏ်များ ကျူးလွန်နေကြခြင်းကို လျစ်လျူရှုထားသည်ကို တွေ့မြင်ရသည်။
ဒိုင်လူကြီး၏ အဆုံးအဖြတ်များ အပေါ်ကို အခြေခံ၍ နှစ်သင်းစလုံးမှ ဘောလုံးသမားအချို့ လိုအပ်သည်ထက် လွန်ကဲ၍ ကြမ်းကြမ်းတမ်းတမ်း ကစားသွား ကြသည်။ ယင်းကဲ့သို့ ကစားသည်ကို တွေ့မြင်ကြသော နှစ်သင်းစလုံးမှ နိုင်ငံခြားသား နည်းပြဆရာများက ဘောလုံးပွဲ စည်းကမ်းကို ဖောက်ဖျက်ကာ အကူဒိုင်လူကြီးနှင့် ကွင်းလယ်ဒိုင်လူကြီး တို့အား စောဒကတက်ကြသည် ကိုလည်း ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသသည်ကိုလည်း ကြည့်ရှုလိုက်ရသည်။ ယင်း နိုင်ငံခြားသား နည်းပြဆရာ နှစ်ဦး၏ လုပ်ရပ်သည် ဘောလုံးသမားများ သာမက ပွဲကြည့်ပရိသတ်များကိုပါ မြှောက်ထိုး ပင့်ကော် ပြုလုပ်သကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် ရတနာပုံအသင်းက စတင်ဂိုးသွင်းယူခဲ့သော်လည်း ရန်ကုန် အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူသွားသောအခါ ရတနာပုံအသင်းကို အားပေးသည့် မန္တလေး ပရိသတ်များ ယမ်းပုံမီးကျ ဖြစ်ကုန်ကြသည်။
ထုံးစံအတိုင်း ခဲပျံ၊ ပုလင်းပျံ၊ ရေဗူးပျံ၊ ဖိနပ်ပျံများ ဖြစ်ကုန်ကြတော့သည်။ ဘောလုံးပွဲ ကောင်းတပွဲ ပျက်စီးသွားတော့ သည်။ ပြဿနာဖြစ်တိုင်း ဆူပူရမ်းကားသည့် ဘောလုံးအားပေးသည့် ပရိသတ်အချို့အပေါ် အပြစ်တင်နေကြခြင်းမှာ မှားသည်။ ဘာကြောင့် ပရိသတ်များ ဤကဲ့သို့ ပြုမူနေရခြင်း အကြောင်းကို စူးစမ်းရှာဖွေ လေ့လာသင့်ကြသည်။
နိုင်ငံတကာပြိုင်ပွဲ
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အတွင်း နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ လက်ခံကျင်းပရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်လျက်ရှိသည်။ ယင်းပြိုင်ပွဲများတွင် ကိုယ့်အသင်းရှုံးတိုင်း ပရိသတ်က မခံမရပ် ဖြစ်နေကြမည် ဆိုလျင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုမို များလာနိုင်ပေသည်။
မြန်မာနိုင်ငံသည် အာရှဘောလုံးအဖွဲ့ချုပ်တွင် လည်းကောင်း၊ ဖီဖာတွင် လည်းကောင်း၊ အမည်ဆိုး စာရင်းဝင်နိုင်ငံ တနိုင်ငံ ဖြစ်နေရသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အိုမန်နှင့် ကစားသည့်ပွဲတွင် ၁ ဂိုးရှုံးနေသည့် မြန်မာ အသင်းဘက်သို့ ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီပေးရာမှ အစပြု၍ မလိုလားအပ်သော ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ ဖီဖာက မြန်မာဘောလုံး အဖွဲ့ချုပ်အား ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေတပ် ရိုက်ခဲ့သည်။ ပွဲပယ်ပြစ်ဒဏ်ဆိုသည်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲ အတွက် ခြေစစ်ပွဲတွင် မြန်မာနိုင်ငံအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အယူခံဝင်တော့မှ ဒဏ်ကြေးငွေကို မလျော့ပေါ့သော်လည်း ပွဲပယ်ပြစ်ဒဏ်ကိုမူ ကမ္ဘာ့ဖလား ခြေစစ်ပွဲတပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပိတ်ပင်ခဲ့သည်။
ထိုနည်းတူစွာ အာရှဘောလုံးအဖွဲ့ချုပ်ကလည်း အာရှ ယူ-၁၉ တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက လက်ခံ ကျင်းပခဲ့ရာ အုပ်စုတွင်း ယီမင်နှင့်သရေ၊ ထိုင်းကို အနိုင်ရပြီး၊ အီရန်ရှုံးသည်။ ကွာတားဖိုင်နယ် တက်ရသည်။ ယင်းကွာတားဖိုင်နယ်တွင် ယူအေအီး အသင်းကို သန်းပိုင်သွင်းသော ဂိုး ၁ ဂိုးတည်းဖြင့် အနိုင်ရသည်။ မြန်မာ ယူ-၁၉ အသင်း ကမ္ဘာ့ ယူ-၂၀ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည်ကို သိသော မြန်မာပရိသတ်ကြီးက ကွင်းအတွင်းသို့ ဝင်၍ အောင်ပွဲခံခဲ့ကြသည်။ ယင်းသို့ အောင်ပွဲခံမှုကြောင့် အာရှဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေသာမက အာရှဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ဘောလုံးပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအသင်း ကွင်းပိတ် ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့သည်။ ပြည်တွင်း၌ တပွဲ မကစားရန် ကွင်းပိတ်ပြစ်ဒဏ်ကို ချမှတ်ခြင်းခံခဲ့ရသည်။
အထက်ပါ ဖြစ်စဉ် နှစ်ရပ်ကို လေ့လာကြည့်လျှင် ရှုံး၍လည်း ဆူပူ၍ မရ၊ နိုင်သော်လည်း ပျော်ရွှင်လို့ မရ၊ ဥပဒေက ဥပဒေပင် ဖြစ်သည်။ ဖီဖာ ချမှတ်ထားသည့် ဘောလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေများကို ဖီဖာအဖွဲ့ဝင် နိုင်ငံတိုင်းက လိုက်နာကျင့်သုံးရသည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို မြန်မာဘောလုံး အဖွဲ့ချုပ်နှင့် ဆက်သွယ်ထားသော ဘောလုံးကလပ်အသင်းများ အားလုံးက တလေးတစား လိုက်နာကြဖို့တော့လိုသည်။
ပြည်တွင်း လိဂ်ပြိုင်ပွဲများတွင် အိမ်ကွင်း အဝေးကွင်းစနစ်ဖြင့် ကစားလျက်ရှိရာ အိမ်ခံအသင်းများက စည်းမျဉ်း စည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာကျင့်သုံးပေးကြဖို့ လိုသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ ပုသိမ်နှင့် တောင်ကြီးမြို့တို့တွင် သက်ဆိုင်ရာ ကလပ်အသင်းများက အိမ်ရှင်အဖြစ် လက်ခံကျင်းပကြရမည် ဖြစ်သည်။
လာမည့် ဇူလိုင်လ ၁၇ ရက်နေ့ကစကာ Ooredoo MNL 2015 ဒုတိယ အကျော့ ပွဲစဉ်များကို စတင်တော့မည် ဖြစ်သည်။ ယခု ပြဿနာဖြစ်ပွားခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်းတို့သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။ ယခုကဲ့သို့သာ အပြန်အလှန် အငြိုးအတေးကြီးမားစွာ ရှိနေခဲ့ကျလျှင် ယင်းနေ့ပွဲအတွက် စာရေးသူကမူ ယခု ကတည်းက ကြိုတင်ပူပန် နေမိခဲ့သည်။ ယခု ဇူလိုင် ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်မျိုး မည်သည့် အိမ်ခံကွင်းများတွင် မဖြစ်ပွားစေရန် ကြိုတင်ပြင်ဆင် စဉ်းစားထားသင့်ကြပြီ ဖြစ်သည်။
မလိုလားအပ်သော ကိစ္စများ ဖြစ်ပွားပြီးသည့်နောက် နောက်မှလိုက်၍ ဖြေရှင်းပေးရခြင်းမျိုးမှာ မှန်ကန်သော လုပ်ရပ် မဟုတ်ဟု စာရေးသူကတော့ ယုံကြည်သည်။ မြန်မာနိုင်ငံ၏ ဘောလုံးအဆင့်အတန်း ပြန်လည်တိုးတက်ရေးမှာ ယခုအချိန်တွင် ပွင့်ဖူးစ အရွယ် သီးကင်းစ အရွယ်မျှသာ ရှိသေးသည်။ ရွှေခေတ်ကို ပြန်လည်ရောက်ရှိရေး အတွက် ရှေ့လျှောက်ရမည့် ခရီးလမ်းမှာ ယခုကဲ့သို့သော အားကစား စိတ်ဓာတ်မျိုးနှင့် မည်သို့မှ မဆက်စပ်သည့် အပြုအမူ၊ အကျင့်အကြံများကို အားလုံးက တာဝန်သိစွာဖြင့် ရောင်ရှားကြဖို့လိုသည်။ ယခု ဗထူးကွင်း ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ရ လျှင် –
(၁) ဒိုင်လူကြီးများ၏ ကိုင်တွယ်မှု အား အလွန်နည်းသည်။
(၂) ဘောလုံးသမား အချို့၏ နိုင်လိုစိတ် ပြင်းပြစွာဖြင့် အလွန်အကျွံ ယှဉ်ပြိုင်ကစားသွားကြသည်ကို တွေ့ရသည်။
(၃) ဗထူးဘောလုံးကွင်းမှာ နိုင်ငံတကာအဆင့်မီ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းတကွင်း မဟုတ်သဖြင့် အားကစားသမားများနှင့် ပွဲကြည့်ပရိသတ်တို့ ထိတွေ့မှု နီးကပ်လွန်းအားကြီးသည်။
(၄) လုံခြုံရေး ကြိုတင်ကာကွယ်မှု အားနည်းသည်။ ပွဲကြည့်ပရိသတ်များ ဘောလုံးကွင်းအတွင်းသို့ မလိုလားအပ်သော ပစ္စည်းများ သယ်ဆောင်လာခြင်းကို ကြိုတင် တားဆီးနိုင်ခြင်း မရှိသည်ကိုပင် လေ့လာတွေ့ရှိရသည်။
အထူးရေးသား တင်ပြလိုသည်မှာ စင်ကာပူရောက် မြန်မာလူမျိုးများ မြှင့်တင်ပေးခဲ့သော အားကစားနှင့် စပ်လျဉ်းသင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ပြည်တွင်းမှနေ၍ ဖျက်လိုဖျက်ဆီး မလုပ်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံလိုက်ရပါသည်။