ပြီးခဲ့သည့် ဇူလိုင် ၅ ရက်က ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်မှ ဖြစ်ရပ်များအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ဇူလိုင် ၉ ရက်တွင် ကြားနာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါ အတိုင်း ဆုံးဖြတ်လိုက်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျှက် ရှိသည့် Ooredoo MNL 2015 (M-1) ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၆၆) အဖြစ် (၅.၇.၂၀၁၅)ရက်နေ့ မန္တလေးမြို့၊ ဗထူး အားကစားကွင်းတွင် ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် (၉.၇.၂၀၁၅)ရက်နေ့ (၁၃း၀၀) နာရီ အချိန်တွင် ပြုလုပ်သည့် အစည်းအဝေး ပွဲ၌ ယင်းဘောလုံး ပွဲနှင့် ပတ်သက်၍ တာဝန်ရှိသည့် သက်ဆိုင်သူများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ ရုပ်မြင်သံကြားမှ တဆင့် အနီးကပ် ကြည့်ရှုကြပြီးနောက် ယင်းပွဲတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များမှ အောက်ပါအတိုင်း တွေ့ရှိရပါသည်။
(က) ယင်းနေ့ပွဲကို လာရောက် ကြည့်ရှုခဲ့ကြသော ပရိသတ်များထဲမှ အချို့သော ပရိသတ် အနည်းငယ်က ကစားနေသည့် ကွင်းအတွင်းသို့ ခဲများ၊ ဖိနပ်စုတ်များ၊ ရေသန့်ဗူးများ၊ ပုလင်းများ၊ ပန်းအိုးကွဲများဖြင့် မကြာခဏ ပစ်ပေါက် နေကြသည်ကို တွေ့ရှိရပါသည်။
(ခ) ယင်းပါဲတွင် တာဝန်ကျသော ကွင်းလယ်ဒိုင်၊ အကူဒိုင်လူကြီးနှင့် အရံဒိုင်လူကြီးများ ကြီးကြပ်ကွပ်ကဲမှု အားနည်းသည်ကို တွေ့ရှိရပါသည်။
(ဂ) ရတနာပုံ အသင်းနည်းပြ Mr. Desaeyere Rene Oscar Anna နှင့် ရန်ကုန် ယူနိုက်တက် အသင်းမှ နည်းပြ Mr. Miodrag Jesic တို့နှစ်ဦးသည် ဒိုင်လူကြီးများအား အကြိမ်ကြိမ် အခါခါ ဥပဒေပြင်ပမှ စောဒက တက်ကြသည်ကို တွေ့ရှိရပါသည်။
ပွဲအတွင်း အချင်းများနေသည့် နှစ်ဘက် နည်းပြများ
(ဃ) ပွဲကစားချိန် (၇၉) မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းမှ နံပါတ်(၈) ကြည်လင်းသည် ရတနာပုံ အသင်းမှ ကစားသမား နံပါတ် (၂၆) ရဲကိုဦးအား အန္တရာယ် ရှိစွာ ကန်ကြောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ယင်းဖြစ်ရပ်တွင် ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းကျော်ဦးမှ ရန်ကုန်ယူနိုက်တက် အသင်းမှ နံပါတ်(၈) ကြည်လင်းအား အနီကဒ် ပြစ်ဒဏ် ပြသချမှတ်ရမည့် အစား နှစ်ဦးစလုံးကို အဝါကတ် ပြသည်ကို တွေ့ရှိရပါသည်။
(င) လုံခြုံရေး အတွက် ထားရှိသော ပိုက်များ ကြိုးပေါက်ပျက်စီးနေသည်ကို တွေ့ရှိရပါသည်။
(စ) ယင်းသို့ဖြစ်စဉ်များ ဖြစ်နေစဉ် အတွင်း တာဝန်ရှိသည့် လုံခြုံရေးများက တားဆီး ကာကွယ်မှု နည်းပါးသည်ကို တွေ့မြင်ရပါသည်။
အထက်ပါ အချက်အလက်များကို လေ့လာတွေ့ရှိရပြီးနောက် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက အောက်ဖော်ပြပါ အတိုင်း အရေးယူ အပြစ်ပေးရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါသည်။
၁) ယင်းပွဲတွင် လာရောက် ကြည့်ရှုခဲ့ကြသော ပရိသတ်အချို့၏ ပြုမူဆောင်ရွက်ခဲ့ခြင်း အပေါ် အိမ်ရှင် ရတနာပုံ အသင်းမှ တာဝန်ရှိသဖြင့် ဒဏ်ကြေးငွေ ၁,၀၀၀,၀၀၀ိ/ (ကျပ် တစ်ဆယ်သိန်း) ပေးဆောင်ရန်နှင့် နောက်ထပ် ရတနာပုံ အသင်း အိမ်ရှင်အဖြစ် ကစားသည့် ပွဲအား ယခုကဲ့သို့ မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားစေရန် ရတနာပုံ အသင်းအနေဖြင့် မိမိပရိသတ်များကို ပိုမိုစည်းရုံးအသိပညာပေး ဆောင်ရွက်သွားပြီး အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်စေရန် တာဝန်ယူရမည် ဖြစ်သည်။ အကယ်၍ တာဝန်မယူနိုင်ဟု ဆိုပါက အနီးကပ်ဆုံး ပွဲအား ကွင်းပြောင်း၍ ကျင်းပရန်။
(၂) ယင်းပွဲတွင် တာဝန်ယူခဲ့ကြသည့် ဒိုင်လူကြီး (၄)ဦး ကြီးကြပ်ကွပ်ကဲမှု အားနည်းသဖြင့် ဒိုင်လူကြီး ဌာနမှ လိုအပ်သလို အရေးယူရန် ဆုံးဖြတ်သည်။
(၃) ယင်းပွဲတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ရတနာပုံ အသင်းမှ Mr. Desaeyere Rene Oscar Anna နှင့် ရန်ကုန် ယူနိုက်တက် အသင်းမှ Mr. Miodrag Jesic တို့သည် ယင်းနေ့ပွဲတွင် ဒိုင်လူကြီးများအား ဥပဒေ ပြင်ပမှ နေ၍ ပြောဆိုဆက်ဆံ စောဒကတက်ကြသောကြောင့် ၎င်းတို့နှစ်ဦးအား တစ်ဦးလျှင် ဒဏ်ကြေးငွေ ၅၀၀,၀၀၀ိ/ (ကျပ် ငါးသိန်း) စီ ပေးဆောင်ရန်၊ ရတနာပုံ အသင်းမှ ကြံ့ခိုင်ရေးနည်းပြ Mr. Joseph မှလည်း လူကြီးလူကောင်း မဆန်စွာ ပြုမူနေခဲ့သဖြင့် နောက်နောင် ယခုကဲ့သို့ မပြုမူရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေးရန်။
(၄) ရန်ကုန် ယူနိုက်တက် အသင်းမှ နံပါတ်(၈) ကြည်လင်းအား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၃)နှင့် (၁၃) အရ Ooredoo MNL 2015 (M-1) အမှတ်ပေး ပြိုင်ပွဲတွင် အနီးကပ်ဆုံး (၂)ပွဲပယ် ပြစ်ဒဏ် ကျခံစေရန်နှင့် ဒဏ်ကြေးငွေ ၂၀၀,၀၀၀ိ/ (ကျပ် နှစ်သိန်း) ပေးဆောင်ရန်။
(၅) ဗထူးကွင်းတွင် လုံခြုံရေးများကို ယခုထက်ပိုမို၍ အရေးယူ ဆောင်ရွက်ထားရန် သတိပေးသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်အား လိုက်နာပါရန် အကြောင်းကြား အပ်ပါသည်။
ခင်မောင်ထွေး
(ဥက္ကဌ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ)