ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ အာရှဇုန် ခြေစစ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ကူဝိတ်အသင်းကို ဝး၉ ဖြင့် ရှုံးနိမ့်သော အခါ မြန်မာဘောလုံးအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်မှုများ မြန်မာ မီဒီယာတချို့တွင် ရေးသားလာကြသည်။ ပြစ်တင်ဝေဖန်သူများကို အဆိုးဆိုစရာ မရှိပါ။ ကူဝိတ်အသင်းအား ၉ ဂိုးပြတ် ရှုံးနိမ့်ခြင်းသည် မြန်မာလက်ရွေးစင် ဘောလုံးအသင်း အတွက် အရှုံးစံချိန်ဟောင်းကိုချိုး၍ စံချိန်သစ် တင်လိုက်ခြင်းပင် ဖြစ်သည်။ စံချိန်ဟောင်းမှာ ဆီးဂိမ်း အဖြစ် ပြောင်းလဲ ကျင်းပသည့် ၁၉၇၇ ခုနှစ်၊ မလေးရှား ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲ၌ အိမ်ရှင် မလေးရှားအသင်းကို ၁း၉ ဂိုးဖြင့် ရှုံးခဲ့ခြင်း ဖြစ်သည်။ အရှေ့တောင် အာရှအဆင့်တွင် မလေးရှားအသင်းကို ၁း၉ ဂိုးဖြင့် ရှုံးခြင်းမှာ အရှေ့အာရှစံချိန် ဖြစ်သည်။
ယခု ကူဝိတ်အသင်းကို ရှုံးနိမ့်ရခြင်း အပေါ် ဝေဖန်မှုများကို ဖတ်ရှုမိသော အခါ ငယ်စဉ်က ဖတ်ရှုမိခဲ့သည့် ခုံတော် မောင်ကျဘမ်း မှတ်တမ်းစာအုပ်ပါ အဖြစ်အပျက်တခုကို သွားသတိရမိသည်။ ရှေးဘုရင် မင်းကောင်းမင်းမြတ်များ လက်ထက် ခုံရုံး (တရားရုံး) တွင် ယခုခေတ် အခေါ်အဝေါ် အရ ရှေ့နေ (ဖဲကြိုးဝါတပ် မတပ် မသိပါ) မောင်ကျဘမ်း ဆိုသူတဦး ရှိသည်။
ခုံတော် မောင်ကျဘမ်းအား အမျိုးသားတဦးက လင်ကွာ၊ မယားကွာ အမှုအတွက် ရှေ့နေငှားသည်။ အမှုက ဇနီးဖြစ်သူ က သူ၏ ခင်ပွန်းအား အသားအရောင် မည်းလွန်းသဖြင့် ကွာရှင်းခွင့် တောင်းခြင်း ဖြစ်သည်။ ယင်းအမှုတွင် ခုံတော် မောင်ကျဘမ်းက ခင်ပွန်းသည်ဘက်မှ လျှောက်လဲချက် ပေးရာတွင် ခုမှ မမည်း၊ မွေးကတည်းက မည်းသည့် မောင်မည်းတူကို ကွာသင့် မကွာသင့် ချေပချက် သွင်းခဲ့သည်။
ယခုလည်း အခုမှ မရှုံး၊ ၁၉၇၇ ခုနှစ်ကတည်းက တရှုံးထဲရှုံးနေသည့် မြန်မာဘောလုံး အပေါ် ဝေဖန်သင့် မသင့်ဟု ပြောချင်သည်။ မြန်မာ ဘောလုံးလောက၏ အောင်မြင်မှု (ရွှေဆုရရှိမှု) သည် ၁၉၇၇ ခုနှစ်ကတည်းက ရပ်တန့် သွားခဲ့ သည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းကြီးသည် ၁၉၉၃ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်း(စ) ပြိုင်ပွဲတွင် တကြိမ်သာ နောက်ဆုံး ဗိုလ်လုပွဲ ရောက်ခဲ့သည်။ ထိုင်းအသင်းကို ၃း၄ ဂိုးဖြင့်ရှုံးပြီး ဒုတိယ ငွေတံဆိပ်သာ ရသည်။ လက်ရွေးစင် အသင်းကြီး အတွက် နောက်ဆုံး အောင်မြင်မှုပင် ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲဝင် အသင်းများ၏ သက်တမ်းကို ယူ-၂၃ ဟု ပြောင်းလဲခဲ့သည်။ မြန်မာ ယူ-၂၃ အသင်း ကလည်း ရွှေတံဆိပ် မရပါ။ ငွေတံဆိပ် အလွန်ဆုံး ဖြစ်သည်။ မြန်မာ ဘောလုံးအသင်း မည်မျှ ဆီးဂိမ်းတွင် ဆုတံဆိပ်ရရှိမှု နည်းပါးနေသလဲ ဆိုရင် ၂၀၁၁ ဂျာကာတာ ဆီးဂိမ်းတွင် ဗီယက်နမ်အသင်းကို နိုင်ပြီး တတိယ ကြေးတံဆိပ်ရသော အခါ မြန်မာအသင်းမှ အုပ်ချုပ်သူတချို့ ဆွေ့ဆွေ့ခုန် ဝမ်းသာနေကြပုံကို ရုပ်သံမှာ ကြည့်လိုက်ရ သည်။
လွန်ခဲ့သည့် ၁၉၇၇ ခုနှစ်၊ မလေးရှား ဆီးဂိမ်းမှ စကာ ၂၀၀၉ ခုနှစ် အထိ နှစ်ပေါင်း ၃၂ နှစ်အတွင်း မြန်မာ ဘောလုံးလောကသည် (အမျိုးသမီးအသင်းမှလွဲ၍) အောင်မြင်မှုနှင့် ဝေးကွာခဲ့သည်။
လက်ရှိ ဘောလုံးအဖွဲ့ချုပ်ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အသစ်တဖန် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌ အသစ်မှာ လက်ရှိ ဥက္ကဋ္ဌနှင့် ဦးဇော်ဇော်ဖြစ်သည်။ ယင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အသစ်သည် ၃ နှစ်မျှ မြေစမ်းခရမ်းပျိုး လုပ်ခဲ့သော်လည်း ဘောလုံးအသင်းများ အောင်မြင်မှု နည်းပါးခဲ့သည်။
သို့ဖြစ်၍ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဘောလုံးလောကကို အပျော်တမ်းစနစ်မှ ဆုကြေးစားဘောလုံး (Professional) စနစ်သို့ ကူးပြောင်းရန် စတင် ပြင်ဆင်ခဲ့သည်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဟောင်းကြီးများ၊ နည်းဆရာများ၊ ဒိုင်လူကြီးများနှင့် မြန်မာဘောလုံး (ဝါ) မြန်မာအားကစား အကြောင်းကို အစဉ်အဆက် ရေးသားခဲ့ကြ သည့်၊ ရေးသားနေကြသည့် အားကစား ကလောင်ရှင်များပါ အကြိမ်ကြိမ် အခါခါ စုဝေးတိုင်ပင်ကြပြီး နောက် ဆုကြေး စားစနစ်ကို အခြေခံသည့် မြန်မာအမျိုးသားလိဂ် “Myanmar National League” ဘောလုံးပြိုင်ပွဲ စနစ်တကျ ကျင်းပနိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် FIFA နှင့် အာရှဘောလုံးအဖွဲ့ချုပ် AFC တို့ထံမှ မြန်မာ ဘောလုံးလောကနှင့် လိုက်လျောညီထွေ ရှိသည့် အကြံဉာဏ်တို့ ကိုလည်း ရယူခဲ့သည်။
ယင်းနောက် ၂၀၀၉ ခုနှစ် မေလ ၁၆ ရက်မှစတင်ကာ MNL ဘောလုံးပြိုင်ပွဲများ စတင်ကျင်းပခဲ့သည်။ စတင်ကျင်းပစဉ်က ဆုကြေးစားအသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ MNL ၏ ပထမဆုံး ဆုဖလားကို မန္တလေးတိုင်း အခြေပြု ရတနာပုံအသင်းက ဆွတ်ခူးသွားခဲ့သည်။
ယခုဆိုလျှင် MNL သက်တမ်း ၆ နှစ်ကျော် ၇ နှစ်ထဲသို့ ဝင်စပြုပါပြီ။ လက်ရှိ အမှုဆောင်များ လက်ထက်တွင် အမြင့်ဆုံး အောင်မြင်မှုမှာ ယူ-၁၉ အသင်း အာရှ ယူ-၁၉ ပြိုင်ပွဲတွင် တတိယရရှိပြီး ကမ္ဘာ့ ယူ-၂၀ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခြင်းပင် ဖြစ်သည်။ ဒုတိယ အောင်မြင်မှုမှာ စင်ကာပူ ဆီးဂိမ်းတွင် ဗိုလ်လုပွဲတက်ပြီး ဒုတိယ ငွေတံဆိပ်ရခြင်း ဖြစ်သည်။ ဖိတ်ခေါ်ပြိုင်ပွဲများ ဖြစ်သည့် မလေးရှား လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် မာဒေးကား ဘောလုံးပြိုင်ပွဲတွင် ပထမရသည် (၄ သင်းထဲပြိုင်သည်)၊ ဘရူနိုင်း ဘုရင့်ရွှေဖလား ပြိုင်ပွဲတွင် ပထမရခြင်း၊ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား ဘောလုံးပြိုင်ပွဲတွင် ပထမရခြင်းတို့သာ ရှိသည်။
မအောင်မြင်မှုများမှာ ယခု ဘောလုံးအဖွဲ့ချုပ် လက်ထက်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲများ၊ လက်ရွေးစင် အသင်းကြီး ယှဉ်ပြိုင်သည့် ယခင် တိုက်ဂါး၊ ယခု ဆူဇူးကီးဖလား ဘောလုံးပြိုင်ပွဲများ၊ အာရှဖလား ပြိုင်ပွဲများ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ဖြစ်သည်။ ယင်းအရှုံးများမှာ ယခုမှ ရှုံးသည် မဟုတ်၊ ၁၉၇၇ ခုနှစ်ကတည်းက ရှုံးလာခြင်း ဖြစ်သည်ကို သတိမူသင့်ကြသည်။
ဘောလုံး လောက တိုးတက်မှုကို ဆုတံဆိပ်ရရှိမှု တခုတည်းနှင့် တိုင်းတာ၍ မရပါ။ ဘောလုံး အသင်းတသင်း ဆုတံဆိပ်ရရှိခြင်း သည် တဒင်္ဂ မြော်မြင်မှုသာ ဖြစ်သည်။ ထာဝရ အောင်မြင်မှုမှာ ဘောလုံးနယ်ပယ် အားလုံးတွင် အောင်မြင်မှု ရရှိရေးသာ ဖြစ်သည်။ အင်္ဂလန်နိုင်ငံကို သင်ခန်းစာယူသင့်သည်။ အင်္ဂလန်နိုင်ငံတွင် ကမ္ဘာကျော် ပရီမီးယားလိဂ် ပြိုင်ပွဲကြီး ရှိသည်။ သို့ရာတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း သူ့အဆင့်နှင့် သူ အောင်မြင်မှု မရပါ။ ဥရောပ တံခွန်စိုက်ပြိုင်ပွဲများ၊ အိုလံပစ် အားကစားပွဲတွင် ထည့်သွင်းကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင် အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းများ ဆုတံဆိပ် ဆွတ်ခူးမှုတွင် အောင်မြင်မှု မရှိသေးပါ။ ကမ္ဘာ့ဖလား ဘောလုံးပွဲ တွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပ နိုင်သည့် ၁၉၆၆ ခုနှစ်တွင်သာ ပထမ ရဖူးသည်။
သို့ဖြစ်ရာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် မအောင်မြင်ဟု သတ်မှတ်၍ မရပါ။ အားကစားတွင် အောင်မြင်မှုမှာ ပြိုင်ပွဲရလဒ် တခုတည်းဖြင့် သတ်မှတ်၍ မရပါ။
၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ဘရာဇီးလက်ရွေးစင် ဘောလုံး အသင်းသည် ဂျာမနီအသင်းကို ဂိုးအပြတ်ဖြင့် ရှုံးသဖြင့် ဘရာဇီး ဘောလုံးအဆင့်အတန်း ကျသွားသည်ဟု ယတိပြတ်ပြော၍ မရပါ။
နိုင်ငံ တနိုင်ငံတွင် ဘောလုံး အပါအဝင် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးမှာ အားကစားနှင့် ဆက်နွယ် နေသည့် အင်အားစုအားလုံး တိုးတက်ကြရမည် ဖြစ်သည်။ အားကစားကွင်း၊ အားကစားရုံများ၊ အားကစား သမားများ၊ အားကစား အသင်းအဖွဲ့များ၊ အားကစား ဒိုင်လူကြီးများ၊ အားကစား နည်းပြဆရာများ၊ အားကစားကို စီမံခန့်ခွဲ အုပ်ချုပ်သူများ (လုံခြုံရေး အပါအဝင်) အားကစားကို အားပေးသူများနှင့် နောက်ဆုံး အားကစား ပြိုင်ပွဲများကို ကြည့်ရှု အားပေးသူများ အထိ ခေတ်နှင့်အညီ အဆင့်အတန်း တိုးတက်ကြဖို့လိုသည်။
အားကစားပြိုင်ဝင်းနှင့် အားကစားရုံများသည် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၁၃ နေပြည်တော် ဆီးဂိမ်း မတိုင်မီအထိ နိုင်ငံတကာ အဆင့်မီ အားကစားပြိုင်ဝင်း၊ အားကစားရုံများမှာ ရန်ကုန်မြို့မှ လွဲ၍ တခြားမြို့ကြီးများတွင် လုံး၀ မရှိပါ။ အောင်ဆန်း အားကစားပြိုင်ဝင်းမှာ ကိုလိုနီခေတ် လက်ကျန် အားကစားပြိုင်ဝင်းငယ်သာ ဖြစ်သည်။ သင်္ကန်းကျွန်း သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး စခန်း အားကစားပြိုင်ဝင်း (YTC) မှာ ဂျပန်နိုင်ငံက ဆောက်လုပ်လှူဒါန်းသည့် နိုင်ငံတကာ တတိယတန်း အဆင့်သာ ရှိသည့် အားကစားပြိုင်ဝင်း ဖြစ်သည်။ နိုင်ငံတကာအဆင့်ရှိ အမျိုးသား အားကစားရုံ အမှတ် ၁ ကလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်သည်။
ဦးဝိစာရလမ်းရှိ အကျယ်အဝန်း နိုင်ငံတကာအဆင့်ရှိ မီတာ ၅၀ ရေကူးကန်မှာလည်း ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံတွင် ပဉ္စမ အကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲကျမှသာ တူးဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရေကူးကန်သာပါသည်။ ပွဲကြည့်စင်များ မပါပါ။
ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ဇင်းမယ် မြို့တည် နန်းတည် နှစ် ၇၀၀ ပြည့် အထိမ်းအမှတ်ဖြင့် ဆောက်ထားသည့် အားကစား ပြိုင်ဝင်းက သုဝဏ္ဏ နှင့် အောင်ဆန်းကွင်းတို့ထက် ပိုမိုကောင်းမွန်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြို့ပြင်ထွက်၍ အသစ်ဆောက်ထားသည့် ရာဇမင်္ဂလာ အားကစားပြိုင်ဝင်းမှာ နိုင်ငံတကာ ပထမတန်း အဆင့်ရှိ အားကစား ပြိုင်ဝင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်မူ အားကစားရုံ၊ အားကစားကွင်း သစ်များ ပေါ်ပေါက်လာရမည့် အစား မိုးရွာလျှင် ဘောလုံးကစား၊ ဆောင်းနှင့် နွေကာလများတွင် ဘော်လီဘောကစား၊ ခြင်းလုံးခတ်၊ ကလေးငယ်များ ပြေးလွှား ဆော့ကစားကြသည့် မြေကွက်လပ်များပင်လျှင် သက်ဆိုင်ရာတို့၏ ကျေးဇူးတော် အသိနုံနဲ့မှုကြောင့် နည်းမျိုးစုံနှင့် တစတစ ပျောက်ကွယ် ကုန်သည်။
ထိုသို့သော အများပြည်သူများ ကစားခုန်စားနိုင်မည့် မြေကွက်လပ်ငယ်များ မဆုံးရှုံးရေး ဆန္ဒဖော်ထုတ် နေသူများမှာ လည်း တရားစွဲ ခံနေရပြီး ရဲစခန်းရောက် တရားရုံးရောက် ဖြစ်နေချိန်တွင် မြန်မာ ဘောလုံးအသင်းတွေ ရှုံးရခြင်း တခုတည်းကိုသာ ကြည့်ပြီး ဝေဖန် အပြစ်တင်နေကြလျှင် မောရုံသာ ရှိပေလိမ့်မည်။ အားကစားကွင်း၊ အားကစား လေ့ကျင့်ရုံများ မရှိဘဲ အောင်မြင်သည့် အားကစားသမားများ ထွက်ပေါ်လာရေး၊ အောင်မြင်သည့် အားကစားလောက ပေါ်ပေါက်လာရေး ဆိုသည်မှာ လုံး၀ (လုံးဝ) မဖြစ်နိုင်ကြောင်း သက်ဆိုင်ရာများ တွေးမြင် သိရှိဖို့ သတိပေး ရေးသား လိုက်ရ ပါကြောင်း။ ။