မြန်မာ့အားကစား တခေတ်ဆန်းလာနိုင်မလား
This article has been converted from Zawgyi One to Unicode
အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာချိန်မှာ ဦးစီးဌာနအဆင့်ကို လျှော့ချ ကိုင်တွယ်သွားတော့မယ့် အား ကစား လောကဟာ အောင်မြင်မှုတွေနဲ့အတူ တခေတ်ဆန်းလာ မလားဆိုတာ မေးခွန်းတွေ ရှိနေပါတယ်။
ဝန်ကြီးဌာနတခုအဖြစ် လုပ်ကိုင်လာခဲ့တဲ့ အားကစားလောကကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာနတခု အနေနဲ့သာ ဖွဲ့စည်း ကိုင်တွယ်သွားဖို့ ပြည်ထောင်စုလွှတ်တော် ကနေ အတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ယနေ့လို ဒေသတွင်း အိမ်နီးချင်းနိုင်ငံအများစုက အားကစားလောက တိုးတက်ရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြချိန်မှာ အစိုးရသစ်အနေနဲ့ ဝန်ကြီးဌာနအဆင့်ကနေ ဦးစီးဌာနအဆင့်ကို ပြန်လည်လျှော့ချခဲ့တဲ့ လုပ်ရပ်ကိုလည်း ဝေဖန် ပြောဆိုမှုတွေ ရှိနေ ပါတယ်။
တကယ်တမ်း အားကစားလောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာမှာ ဦးစီးဌာနဖြစ်စေ၊ ဝန်ကြီးဌာနဖြစ်စေ အဓိကမကျဘဲ ဦးဆောင်ကိုင်တွယ် မယ့်သူရဲ့ စိတ်အားထက်သန်မှုနဲ့ ရေရှည်စီမံချက် အစီအစဉ်တွေကသာ အဓိကကျကြောင်း အားကစားလောက အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ယခင် အောင်မြင်မှုတွေ ရယူနိုင်ခဲ့စဉ်ကလည်း မြန်မာ့အားကစားလောကကို အခုလို ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ကနေ ဦးစီးဌာနလေး တခုအနေနဲ့ဲ ရပ်တည် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အားကစားနည်းများစွာ ရှိတဲ့အထဲက မြန်မာ့ဘောလုံးလောက အနေနဲ့ကြည့်ရင် ၁၉၆၀ ဝန်းကျင်ကနေ ၁၉၇ ဝန်းကျင်တွေအထိ အာရှအဆင့် အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းကစလို့ ဒီနေ့ ကာလအထိ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။
အားကစားနည်း အားလုံးအနေနဲ့ပြောရင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(SEA GAMES) ၁၀ ကြိမ်မှာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၂၇ ကြိမ်မြောက်ပြိုင်ပွဲမှာ နိုင်ငံအလိုက်ဆုရရှိမှု ရလဒ်တွေအရ အဆင့် ၂ မှာရပ်တည်နိုင်ခဲ့တာက လွဲရင် မြန်မာ အားကစား အသင်းဟာ ရလဒ်တွေမကောင်းခဲ့တာ တွေ့ရပါတယ်။
ဧည့်သည်အဖြစ် သွားရောက်ယှဉ်ပြိုင်ရတဲ့ ကျန်ပြိုင်ပွဲ ၉ ကြိမ်စလုံးမှာတော့ အဆင့် ၇ ကနေတက် မလာခဲ့ဘဲ ရွှေတံဆိပ်အများဆုံး ရရှိမှု မှတ်တမ်းအဖြစ် ၂၀၀၁ ခုနှစ်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် ပြိုင်ပွဲမှာ ရွှေ ၁၉ ဆုသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
“အားကစားလောက ကျရှုံးလာတာ စီမံခန့်ခွဲမှု အားနည်းလို့ပဲ၊ ဝန်ကြီးလက်ထက် တလျှောက်လုံး အားကစား ဖွံ့ဖြိုး တိုးတက်မှုမရှိခဲ့ဘူး၊ အောင်မြင်မှုမရဘဲ ဆုံးရှုံးခဲ့တယ်”လို့ အားကစားကလောင်ရှင် ဦးချစ်ဝင်းမောင်က ပြောပါတယ်။
ဝန်ကြီးဌာန လက်ထက် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကို ဒေသတွင်းနိုင်ငံတွေထက် ပိုမိုခမ်းနားအောင် ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီအတွက် သုံးစွဲခဲ့တဲ့ ဘတ်ဂျက်တွေက အားကစားလောက တိုးတက်ရေးကို ထိရောက်တဲ့ပံ့ံပိုးမှု မဖြစ်ခဲ့ပါဘူး။
နေပြည်တော်လိုနေရာမှာ နိုင်ငံတော် ဘတ်ဂျက်များစွာသုံးစွဲပြီး တည်ဆောက်ခဲ့တဲ့ ဘောလုံးကွင်းသစ်ကြီးတွေ၊ အားကစားရုံတွေ ဆိုတာကလည်း အားကစားနည်းအလိုက် ပြည်တွင်းပြိုင်ပွဲတွေ ကျင်းပနိုင်ခြင်းမရှိတဲ့အတွက် ထိထိရောက်ရောက် အသုံးမချနိုင်ဘဲ အသုံးမဝင်သလို ဖြစ်နေပါတယ်။
လက်ရှိဝန်ကြီးဌာန လက်အောက် အားကစားအဖွဲ့ချုပ် ၃၆ ခုဖွဲ့စည်းထားရာမှာ အားလုံးနီးပါး စီးပွားရေးလုပ် ငန်းရှင်တွေကို ဥက္ကဋ္ဌ တာဝန်ယူစေပြီး သူတို့ရဲ့ အိပ်စိုက်ပံ့ပိုးမှုနဲ့ လည်ပတ်နေတာပါ။ ဒီနေရာမှာ အဖွဲ့ချုပ်က တချို့ အနေနဲ့ ပြိုင်ပွဲမရှိချိန်မှာ လေ့ကျင့် လည်ပတ်မှုမရှိ သလောက် ဖြစ်နေပါတယ်။
ဘောလုံးအဖွဲ့ချုပ်ကတော့ သီးခြားအနေနဲ့ သမ္မတရုံး အောက်ကနေ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရွေးစင်အသင်းရဲ့ အောင်မြင်မှုကို မျှော်လင့်လို့ရတဲ့ အနေအထားမျိုးပြန်ရောက်လာတာဟာ နိုင်ငံတကာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပံ့ပိုးမှုတွေက အဓိကနေရာက ရှိနေတာကိုလည်း တွေ့ရမှာပါ။
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျခြင်းက အားကစားလောက တိုးတက်မှုကို ဆုတ်ယုတ်စေတဲ့ အကြောင်းအရင်းတခု ဆိုပေမယ့် အောက်ခြေ အဆင့်အထိ အားလုံးပါဝင်နိုင်မယ့် အားကစားပြိုင်ပွဲတွေ၊ အလေ့အကျင့်ကောင်းတွေ လျော့ပါးပျောက်ဆုံးကုန်တာက အဓိက အချက်ပဲလို့လည်း ဆိုကြပါတယ်။
“လူထုလှုပ်ရှားမှုအနေနဲ့ အားလုံးပါဝင်နိုင်အောင် လုပ်နိုင်ရင် ဝန်ကြီးဌာနဖြစ်စေ၊ ဦးစီးဌာနဖြစ်စေ အောင်မြင်မှာပါ။ လက်ရှိအနေ အထားနဲ့ လုပ်လို့ရသလောက် အကောင်းဆုံးလုပ်ထားတာ လက်ရှိရလဒ်တွေက အကောင်းဆုံး အဖြေပါပဲ၊ ငါတို့မှာ လုံလောက်တဲ့ ရွေးချယ်စရာ သိပ်မရှိခဲ့ဘူး”လို့ အားကစား ဝန်ကြီးဌာနက ဦးသက်လွင်က ပြောပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ အားကစားကို ပညာရပ်အဖြစ်ရော ဘဝတက်လမ်း အခွင့်အရေး တခုအနေနဲ့ပါ ရပ်တည်နိုင်အောင် အခွင့် အလမ်းတွေ ဖန်းတီးပေးနိုင်ပါက လူငယ်မျိုးဆက်သစ်တွေရဲ့ အားကစားအပေါ် စိတ်ပါဝင်စားမှု တိုးတက်လာမှာဖြစ်ပြီး မိဘတွေဘက် ကလည်း ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းသားမိဘ တဦးဖြစ်တဲ့ ဒေါ်နှင်းရွှေ ကတော့“အားကစားလုပ်တာ ကောင်းပေမယ့် ပညာရေးကို ထိခိုက်မှာစိုးရိမ်တယ်၊ ဒီအားကစားနဲ့ သူ့ဘ၀ ရပ်တည်လို့ ရမလား၊ သူ့ဘဝအတွက် ပညာပဲ သင်စေချင်တယ်”လို့ ပြောဆိုပါတယ်။
အကယ်ဒမီတွေ အားကစားသိပ္ပံကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပေမယ့် လက်ခံလေ့ကျင့် သင်ကြားပေးနိုင်မှု အကန့်အသတ်ရှိပါတယ်။ အားကစားလောက ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံပညာကျောင်းတွေက စပြီး အားကစားကို ကျန်းမာရေးအရရော အခွင့် အလမ်း တခုအနေနဲ့ပါ လုပ်ဆောင်ဖို့လိုအပ်နေတာ ဖြစ်ပါတယ်။
“အခြေခံပညာ ကျောင်းတွေက အစ ကလေးတွေရဲ့ အားကစားတိုးတက်ရေးကို တာဝန်ယူသင့်ပါတယ်၊ အတင်းချက်ချင်း လုပ်လို့တော့မရဘူး။ အချိန်ပေးပြီး အားလုံးအခွင့်အရေးရအောင် လုပ်ပေးဖို့လိုတယ်”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး (ငြိမ်း) ဦးတင်အောင်က ပြောပါတယ်။
လက်ရှိ ကျောင်းတွေရဲ့ ဖွဲ့စည်းပုံအရ အားကစား ဆိုင်ရာ ကာယ နည်းပြတွေနဲ့ အချိန်ဇယားတွေ ရှိနေပေမယ့် ကျောင်းအများစုမှာ ကစား စရာ ကွင်းတွေ၊ ပစ္စည်းတွေ မရှိပါဘူး။ ရပ်ကွက်တွေမှာလည်း ကစားကွင်းတွေ မပျောက်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ရ တဲ့အထိ ဖြစ်နေပါတယ်။
ဒီလို ကုမ္ပဏီလုပ်ငန်းစုတွေ၊ စီးပွားရေးသမားတွေ လက်ထဲရောက်နေတဲ့ ဘောလုံးကွင်းတွေ၊ ပန်းခြံတွေကနေ အများပြည်သူပိုင် နေ ရာ တွေအဖြစ် ပြန်လည် ဖော်ဆောင် ရယူပေးနိုင်ရေးဟာ အသစ်တက်လာမယ့် အစိုးရအဖွဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှု တခု လည်း ဖြစ်ပါတယ်။
အခြေခံ အဆောက်အအုံတွေနဲ့ ပံ့ပိုးမှုနဲ့ပတ်သက်လို့ ၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းအသင်းကို ရှုံးနိမ့်တဲ့ပွဲအပြီး ဘောလုံးအဖွ့ဲချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က “သူများလို အောင်မြင်ချင်ရင် သူများလို ပံ့ပိုးပေးဖို့လိုတယ်၊ ထိုင်းမှာ ဘန်ကောက်တမြို့တည်း တင် ဘောလုံးကွင်း ငါးရာလောက် ရှိတယ်”လို့ ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ထောက်ပြခဲ့ပါတယ်။
မြန်မာ့အားကစား လောကဟာ လိုအပ်ချက်များစွာနဲ့ လျော့ကျနေခဲ့တာ ကြာပါပြီ။ ခေတ်အဆက်ဆက် လက်သိပ်ထိုး လွှဲပြောင်းမှုတွေ ကြောင့် ပျောက်ဆုံးနေတဲ့ ကစားကွင်းတွေ၊ ကျူးကျော်ခံခဲ့ရတဲ့ ဘောလုံးကွင်းတွေကို ပြန်လည်ဖော်ထုတ်ပြီး အစက ပြန်စဖို့ လို နေပါပြီ။
မကြာခင် တာဝန်လွှဲပြောင်းရယူတော့မယ့် အစိုးရသစ်လက်ထက်မှာ မြန်မာ့အားကစား လောကကို ဒေသတွင်း ပြိုင်ဘက်တွေထက် သာလွန်ပြီး ယခင်လိုအောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့ ပြည်သူအများရဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။
ဒါကြောင့် အရင် စစ်အစိုးရလက်ထက်က ကြွေးကြော်ခဲ့တဲ့ “မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမယ်”ဆိုတာမျိုး မဟုတ်ပေမယ့် မြန်မာ့ အားကစား တခေတ်ဆန်းလာနိုင်မလား ဆိုတာကိုတော့ မျှော်လင့်နေမိကြောင်းပါ။ ။