ဒေးဗစ်ဒီဂီယာ ကို မြန်မာ ဘောလုံးဝါသနာရှင်များ သိကြမယ် ထင်ပါတယ်။ ပြည်တွင်းမှာ လူကြိုက် အများဆုံး၊ စိတ်အဝင်စားဆုံး အားကစားက ဘောလုံး ဖြစ်နေသလို လူကြိုက်အများဆုံးက အင်္ဂလန် အမှတ်ပေးပွဲ၊ ဒီထဲကမှ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီးလ် အသင်းတွေ ဖြစ်ပါတယ်။ ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံးက မန်ယူ ဖြစ်ပြီး ဒီဂီယာဆိုတာက မန်ယူရဲ့ ပင်တိုင် ဂိုးသမားပါ။
ဆာ အဲလက်စ်ဖာဂူဆန် အနားယူသွားပြီး နောက်ပိုင်း နည်းပြတွေ မကြာခဏ အပြောင်းအလဲ ဖြစ်နေသလို နည်းပြနဲ့ ကစားသမားတွေ အကြား အသားမကျမှုကနေ မန်ယူရဲ့ ပြည်တွင်း အမှတ်ပေးဖလား အိပ်မက်တွေ ပျက်နေခဲ့ရပေမယ့် မန်ယူရဲ့ ရှုံးပွဲတွေကို အကောင်းဆုံး တားဆီး ကာကွယ်ပေးနိုင်သူလို့ ဒီဂီယာကို သတ်မှတ်ခံလာရပါတယ်။
တနှစ်တာ အကောင်းဆုံး ကစားသမား စာရင်းမှာလည်း ဂိုးသမား နေရာအတွက် ဒီဂီယာ ကို ကျော်ပြီး အခြား ပြိုင်ဖက် အသင်းတွေက ဂိုးသမား ပေါ်မလာသေးပါ။ အထူးသဖြင့် အခု နောက်ဆုံး ၂ ရာသီဆက်မှာ ဒီဂီယာ ရဲ့ အကောင်းဆုံး လက်စွမ်းနဲ့ အသင်းကို ကာကွယ်မှုတွေ ပေးနေတာပါ။ ဒေးဗစ်ဂီယာ အကြောင်း ပြောပြပါ့မယ်။
နာမည် အပြည့်အစုံက David de Gea Quintana ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ စပိန်နိုင်ငံ၊ မက်ဒရစ်မှာ မွေးတဲ့ စပိန်သား ဖြစ်ပြီး ကလပ် အသင်း အနေနဲ့ မန်ယူ မှာ ဂိုးဖမ်းသလို နိုင်ငံကိုယ်စားပြု အတွက် စပိန်အသင်း ဂိုးသမား နေရာကို တာဝန်ယူထားသူပါ။
ဘောလုံး သမားတွေထဲမှာ ဒီဂီယာက ပိန်ပိန် သေးသေး ဆိုပေမယ့် အရပ်က ၆ ပေနဲ့ ၄ လက်မ ရှိပါတယ်။ စပိန် ကလပ် အက်သလက်တီကို မက်ဒရစ် ရဲ့ အကောင်းဆုံး ကစားသမား မွေးထုတ်နိုင်မှုထဲက တဦးပါ။ ဘောလုံးလောကထဲကိုတော့ ၂၀၀၃ ခုနှစ်ကနေ စတင် ဝင်ရောက်လာခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပြီး အက်သလက်မှာပဲ ၂၀၀၃ ကနေ ၂၀၀၈ ခုနှစ် ထိ ဘောလုံးပညာ သင်နေခဲ့ပါတယ်။ ကစားသမား ဘဝကိုတော့ ၂၀၀၈ ခုနှစ်မှာ အက်သလက်ရဲ့ တန်းခွဲ အသင်းငယ် အက်သလက်တီကို မက်ဒရစ် ဘီ အသင်းမှာ စခဲ့ပါတယ်။
အဆိုပါ အက်သလက် ဘီ အသင်းမှာ ၂၀၀၉ ခုနှစ်ထိအာင် ၁ ရာသီအတွင်း ၃၅ ပွဲလုံး ပါဝင်ခွင့်ရခဲ့ သလို သူ့ရဲ့ လက်ရည် ကြောင့် ၂၀၀၉ ခုနှစ်မှာ အက်သလက် အသင်းကြီးမှာ ကစားခွင့် ရလာပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အတွင်း ဘောလုံးရာသီ ၂ ရာသီမှာ ပွဲစဉ် ၅၇ ပွဲကို ပါဝင်ခွင့်ရလာပါတယ်။
အဲဒီကာလတွေဟာ ဒီဂီယာရဲ့ သက်ငယ်ဘ၀ ဆိုပေမယ့် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ သလို အခြား နာမည်ကြီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး စတင် ရရှိလာခဲ့တာ ပါ။ ၂၀၁၁ ခုနှစ်မှာတော့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ မန်ယူကို ရောက်လာပါတယ်။ အင်္ဂလန် သမိုင်းမှာတော့ ဂိုးသမား တယောက်အတွက် ပြောင်းရွှေ့ကြေး အများဆုံး သုံးပြီး ခေါ်ယူမှု ဖြစ်ခဲ့ပြီး ပေါင် ၁၇ ဒသမ ၈ သန်း ကုန်ကျခဲ့တာပါ။ အခုနှစ် ဘောလုံးရာသီထိအောင် ပွဲစဉ် ၂၀၀ ပါဝင် ထားပါတယ်။
အက်သလက် ဘီ အသင်းမှာ ကစားနေစဉ် ကတည်းက ဒီဂီယာရဲ့ လက်စွမ်းဟာ နိုင်ငံအသင်း အတွက် ရွေးချယ်ခံရ လောက်အောင် ကောင်းမွန်နေခဲ့တာပါ။ စပိန် ၁၅ နှစ်အောက် အသင်း အတွက် ၂၀၀၄ မှာကတည်းက ပါဝင်ခွင့် ရခဲ့ပြီး အသက်အရွယ် အလိုက် ၁၅ နှစ်အောက် အသင်း အတွက် ၁၂ ပွဲ၊ ၁၇ နှစ်အောက် အသင်း အတွက် ၁၅ ပွဲ၊ ၁၉ နှစ်အောက် အသင်းအတွက် ၁၅ ပွဲ၊ ၂၀ နှစ်အောက် အသင်းအတွက် ၁ ပွဲ၊ ၂၁ နှစ်အောက် အသင်းအတွက် ၂၇ပွဲ၊ ၂၃ နှစ်အောက် အသင်းအတွက် ၅ ပွဲနဲ့ စပိန်လက်ရွေးစင် အသင်းအတွက် အခုချိန်ထိအောင် ပွဲ ၂၀ ပါဝင်ခွင့်ရထားတာ တွေ့ရပါတယ်။
သူ့ရဲ့ စွမ်းရည်နဲ့ ပတ်သတ်ပြီး သတိရစရာတွေကတော့ ၂၀၁၀ ခုနှစ် အတွင်း အက်သလက်ကို UEFA Europa League ဖလားရော၊ အဆိုပါ ဖလား ရယူနိုင်မှုကြောင့် ချန်ပီယံလိဂ်ဖလား ရသူ အသင်းနဲ့ ကစားရတဲ့ UEFA Super Cup ဖလား ရယူနိုင်ဖို့ အတွက် သူ့ရဲ့ လက်စွမ်းကောင်းတွေနဲ့ ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်မှာလည်း မန်ယူနဲ့ အတူ ယူရိုပါလိဂ် ဖလား ရယူထားနိုင်တာ တွေ့ရပြီး ၂၀၁၀ ခုနှစ်ကလိုပဲ Super Cup ထပ် ယူနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။ မကြာခင်မှာ ချန်ပီယံလိဂ် ဖလား ရထားတဲ့ ရီးရဲမက်ဒရစ်နဲ့ Super Cup ဖလား လုရမှာ ပါ။ မန်ယူကို ရောက်ပြီး ၂ နှစ် အကြာ ၂၀၁၃-၁၄ ဘောလုံး ရာသီကနေ ၂၀၁၅-၁၆ ရာသီ ထိအောင် ၃ ရာသီဆက် Sir Matt Busby Player of the Year ကို ရထားတာလည်း တွေ့ရပါတယ်။
ဆုဖလား ရယူထားနိုင်မှုမှာတော့ အက်သလက်မှာ ၂၀၀၉-၁၀ ခုနှစ် ယူရိုပါလိဂ်ဖလား၊ ၂၀၁၀ ခုနှစ် အတွက် စူပါကပ်ဖလား၊ မန်ယူမှာ ၂၀၁၂-၁၃ ရာသီ အမှတ်ပေးဖလား၊ ၂၀၁၅-၁၆ ရာသီမှာ အက်ဖ်အေ ဖလား၊ ၂၀၁၆-၁၇ ရာသီ EFL ဖလား၊ ၂၀၁၆-၁၇ ရာသီ ယူရိုပါလိဂ်ဖလား၊ ကွန်မြူနတီဒိုင်း ရရှိမှုမှာ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ် အဖွင့်ပွဲတွေ အတွက် ရရှိထားတာ တွေ့ရပါတယ်။
နိုင်ငံတကာ ပြိုင်ပွဲတွေမှာတော့ စပိန် ၁၇ နှစ်အောက် အသင်းနဲ့ အတူ ၂၀၀၇ ခုနှစ်မှာ ဥရောပ ၁၇ နှစ်အောက် ချန်ပီယံ ဖလား ရထားပါတယ်၊ ၂၁ နှစ်အောက် အသင်းနဲ့ အတူ ၂၀၁၁ နဲ့ ၂၀၁၃ ခုနှစ် တွေမှာ ဥရောပ ၂၁ နှစ်အောက် ချန်ပီယံ ဖလား ၂ လုံး ရခဲ့ပါတယ်။ တဦးချင်း ထူးချွန်ဆုတွေ အဖြစ် ၂၀၁၁ နဲ့ ၂၀၁၃ တွေမှာ ၂၁ နှစ်အောက် အကောင်းဆုံး ဂိုးသမားဆု၊ အင်္ဂလန် အမှတ်ပေးပွဲတွေမှာ ၂၀၁၂-၁၃၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ဘောလုံး ရာသီတွေ အတွက် PFA အကောင်းဆုံး ဂိုးသမားဆုတွေ ရထားပါတယ်။
၁ လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ရခဲ့ပါတယ်။ မန်ယူ ကစားသမားချင်း မဲပေးပြီး ရွေးချယ်ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ၂၀၁၃-၁၄ နဲ့ ၂၀၁၄-၁၅ ရာသီတွေ အတွက် ရရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ မန်ယူမှာ အကောင်းဆုံး စွမ်းရည်ပြ ကစားနေတဲ့ ဒီဂီယာကို အခြား နာမည်ကျော် ကလပ်တွေက ခေါ်ယူဖို့ ချဉ်းကပ် ခံနေရသလို အသက် ၂၇ နှစ်ပဲ ရှိသေးတဲ့ ဂိုးသမား အတွက်တော့ နောက်ထပ် ဘောလုံး လောကမှာ ၅ နှစ်လောက် အကောင်းဆုံး ဖြတ်သန်းနိုင်နေဦးမှာ အသေအချာပါပဲ။ ။
Ref: www.wonderlist.com