နာမည်ကျော် ဘောလုံးကလပ် အသင်းကြီးတွေ ပါဝင်ကစားမယ့် International Champions Cup ပြိုင်ပွဲ ကတော့ လာမယ့် ဇူလိုင် ၁၈ ကနေ သြဂုတ်လအတွင်းထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တကယ်တော့ International Champions Cup လို့ ဆိုမေယ့် ဖိတ်ခေါ် ခြေစမ်းပြိုင်ပွဲသဘောမျိုး ဖြစ်ပါတယ်။ လက်ခံ ကစားမယ့် နိုင်ငံတွေကလည်း ပြည်တွင်းက ဘောလုံးပရိတ်သတ်တွေကို ဖျော်ဖြေမှု ကောင်းကောင်း ပေးနိုင်ပြီး ကွင်းတွင်းထိ ကြည့်ရှုခွင့် ရနိုင်သလို သွားရောက် ကစားမယ့် ကလပ် အသင်းတွေကလည်း ပြည်ပမြေမှာ ကစားရင ်းအသင်းပရိတ်သတ်တွေနဲ့ ထိတွေ့ခွင့်ရမှာပါ။
အခုနှစ် International Champions Cup အကြောင်းမပြောခင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြိုင်ပွဲအကြောင်း နည်းနည်း ပြောချင်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၂ ကနေ သြဂုတ် ၁၃ ရက်နေ့ထိ ကစားခဲ့ပါတယ်။ သြစတြေးလျ၊ ဆွီဒင်၊ စကော့တလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ တရုတ်နဲ့ အမေရိကန်တွေမှာ ကစားခဲ့တာပါ။ အသင်း ၁၇ သင်း ပါဝင်ခဲ့ပါတယ်။ သြစတြေးလျမှာတော့ အီတလီအခြေစိုက် ဂျူဗင်တပ်ကချန်ပီယံ ဖြစ်ခဲ့ပြီး၊ တရုတ်မှာတော့ ပွဲစဉ် တချို့ မကစားဖြစ်ခဲ့လို့ ချန်ပီယံမပေါ်ထွက်ခဲ့ပါဘူး။ အမေရိကန်နဲ့ ဥရောပ ရပ်ဝန်း အတွက် ပြင်သစ် အခြေစိုက် PSG အသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
International Champions Cup မှာ ဘယ်လိုချန်ပီယံပေးသလဲ။
အရင်နှစ်က သြစတြေးလျမှာ ကစားခဲ့တဲ့ International Champions Cup အသင်း ၄ သင်းရှိတယ်။ သြစတြေးလျ အခြေစိုက် မဲလ်ဘုန်းဗစ်ထရီရယ်၊ အင်္ဂလန် အခြေစိုက် စပါးရယ်၊ အီတလီအခြေစိုက် ဂျူဗင်ရယ်၊ စပိန် အခြေစိုက် အက်သလက်တီကိုရယ် ဖြစ်ပါတယ်။ သူတို့တွေ ပွဲစဉ် ရေးဆွဲညှိနှိုင်းပြီး ပတ်လည် ကစားကြ တယ်၊ အမှတ်အများဆုံးရရှိတဲ့ အသင်းကချန်ပီယံ ဖြစ်လာတာပါ။ အရင်နှစ် သြစတြေးလျမှာ ဂျူဗင်က ၂ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။
ဒီ ပုံစံအတိုင်း အခြား ရပ်ဝန်းတွေမှာလည်း အုပ်စွဲဖွဲ့ပြီး ပတ်လည် ကစားတယ်၊ အမှတ်အများဆုံး ရသူက ချန်ပီယံ ဖြစ်ပါတယ်။ အခုနှစ်လည်း ဒီအတိုင်းပါပဲ။
အခုနှစ် International Champions Cup ကို ကြည့်ရအောင်ပါ။ ဒီနှစ် လက်ခံကစားမယ့် နိုင်ငံက ၃ နိုင်ငံပါ။ တရုတ်၊ အမေရိကန်နဲ့ ကျွန်တော်တို့ရဲ့ ဒေသတွင်းက စင်ကာပူနိုင်ငံတွေ ဖြစ်ပါတယ်။ အစောဆုံး ကစားမယ့် တရုတ်နိုင်ငံ ပြိုင်ပွဲတွေကို လေ့လာကြည့်မယ် ဆိုရင် – ဇူလိုင် ၁၈ ရက်မှာ စပြီး ကစားပါမယ်၊ ဖွင့်ပွဲ အဖြစ် အီတလီ အခြေစိုက် အေစီမီလန်နဲ့ ဂျာမနီအခြေစိုက် ဒေါ့မွန်တို့ ကစားမှာပါ။ ဇူလိုင် ၁၉ ရက်နေ့မှာ ဂျာမနီ အခြေစိုက် ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန် အခြေစိုက် အာဆင်နယ်၊ ဇူလိုင် ၂၂ ရက်နေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ အေစီမီလန်၊ ဇူလိုင် ၂၄ ရက်နေ့မှာ အီတလီအခြေစိုက် အင်တာမီလန်နဲ့ ပြင်သစ်အခြေစိုက် လိုင်ယွန်တို့ ကစားပါမယ်။
အာဆီယံ ဒေသတွင်းက စင်ကာပူမှာတော့ ၃ ပွဲပဲ ကစားမှာ ပါ။ ဇူလိုင် ၂၅ ရက်နေ့မှာ အင်္ဂလန် အခြေစိုက် ချယ်ဆီလ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ကစားပါမယ်။ ဇူလိုင် ၂၇ ရက်မှာ ဘိုင်ယန်နဲ့ အင်တာမီလန် ကစားပါမယ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ ချယ်ဆီးလ်နဲ့ အင်တာမီလန်တို့ ကစားမှာပါ။
အခုနှစ် International Champions Cup မှာ အသင်းအများဆုံး ပါဝင်ကစားမယ့် ရပ်ဝန်းကတော့ အမေရိကန်ပါ။ အရင်နှစ်က ချန်ပီယံ PSG က ဖွင့်ပွဲအနေနဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ အီတလီ အခြေစိုက် ရိုးမားနဲ့ ကစားပါမယ်။ ဇူလိုင် ၂၀ မှာ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံး မြို့ခံ ပြိုင်ဖက် မန်ယူနဲ့ မန်စီးတီးကစားပါမယ်၊ ဇူလိုင် ၂၂ ရက်နေ့မှာ အီတလီ အခြေစိုက် ဂျူဗင်တပ်နဲ့ စပိန် အခြေစိုက် ဘာစီလိုနာ တို့ ကစားမယ်၊ အဲဒီနေ့မှာပဲ PSG နဲ့ စပါး တို့ ကစားမယ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ စပိန် အခြေစိုက် ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူကစားမယ်။
သူတို့က အခုပွဲပြီးရင် UEFA Super Cup ဖလားကို သြဂုတ်လ ၈ ရက်နေ့မှာ ကစားရဦးမှာ ဖြစ်ပြီး အခုပွဲကတော့ ခြေစစ်ပွဲ သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့မှာတော့ စပါးနဲ့ ရိုးမား၊ ဇူလိုင် ၂၆ ရက်နေ့မှာ ဘာစီလိုနာနဲ့ မန်ယူ၊ အဆိုပါ တရက်တည်းမှာပဲ PSG နဲ့ ဂျူဗင်တပ်၊ မန်းစီးတီးနဲ့ ရီးရဲမက်ဒရစ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ မန်စီးတီးနဲ့ စပါး၊ ဇူလိုင် ၃၀ ရက်နေ့မှာ ရိုးမားနဲ့ ဂျူဗင်တို့ အသီးသီး ကစားပါလိမ့်မယ်။
ပြည်တွင်း ရုပ်သံလိုင်း SkyNet ကနေလည်း အဆိုပါ ပွဲစဉ်တွေကို တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ ကြေငြာ ထားပါတယ်။
ဆက်လက်ပြီး စိတ်ဝင်စားမှု အရှိဆုံးနဲ့ လူကြိုက် အများဆုံးပွဲစဉ်တွေက အမေရိကန် ရပ်ဝန်းမှာ ကစားမယ့် ပွဲစဉ်တွေထဲမှာ ပါဝင်ပြီး ရုပ်သံကနေ ထုတ်လွှင့်ပြသမယ့် Channel တွေ အကြောင်း ဖော်ပြပေးပါ့မယ်။
မန်ယူနဲ့ မန်စီးတီးပွဲစဉ်ကို ဇူလိုင် ၂၁ ရက်န့ နံနက် ၈ နာရီ၊ Sport 1 နဲ့ Sport HD တွေကနေ လည်းကောင်း၊ မန်ယူနဲ့ ရီးရဲလ်ပွဲစဉ်ကို ဇူလိုင် ၂၄ ရက်နေ့ မနက် ၃ နာရီခွဲမှာ Sport 1 နဲ့ Sport HD ကနေ လည်းကောင်း၊ ဘာစီလိုနာနဲ့ ရီးရဲလ်ပွဲစဉ်ကို ဇူလိုင် ၃၀ ရက်နေ့ မနက် ၆ နာရီမှာ Sport 1 နဲ့ Sport HD တွေကနေ လည်းကောင်း၊ ဘာစီလိုနာနဲ့ မန်ယူပွဲစဉ်ကို ဇူလိုင် ၂၇ ရက်နေ့ မနက် ၈ နာရီမှာ Sport 1 နဲ့ Sport HD တွေကနေ လည်းကောင်း ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
တရုတ်ပွဲစဉ်တွေထဲက ဘိုင်ယန်နဲ့ အာဆင်နယ်ပွဲကိ ုဇူလိုင် ၁၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်မှာ Sport 1 နဲ့ Sport HD တွေကနေလည်းကောင်း၊ ဇူလိုင် ၂၁ ရက်နေ့ မနက် ၈ နာရီမှာ စင်ကာပူ ပွဲစဉ်တွေထဲက ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် ပွဲစဉ်ကို ဇူလိုင် ၂၅ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်မှာ Sport 1 နဲ့ Sport HD တွေကနေ ထုတ်လွှင့်သွားမယ် လို့ သိရပါတယ်။
Ref: http://en.m.wikipedia.org/wiki/2017-International_Champions_Cup