တင်းနစ် အားကစားဆိုတာ ကမ္ဘာမှာ ပရိတ်သတ် ၁ ဘီလီယံလောက်ထိအောင် ရှိတယ်လို့ ယူဆရတဲ့ အားကစားနည်း။ ဒါပေမယ့် ထူးခြားချက်က သူ့မှာ ဘောလုံးအားကစားလို နိုင်ငံအလိုက်၊ အမှတ်ပေးအလိုက် ဆိုတဲ့ ဆုဖလား ပြိုင်ပွဲ များများ စားစား ရှိတာ မဟုတ်ပါဘူး။ ဥပမာ ဘောလုံးမှာ ပရီးမီးယားလိဂ်တွေ၊ စပိန် လာလီဂါတွေ၊ ဂျာမန် ဘွန်ဒက်လီဂါတွေလို အမှတ်ပေးပွဲတွေ အပြင် နိုင်ငံအလိုက် ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ၊ U23 တွေ အစုံ ရှိပေမယ့် တင်းနစ်မှာတော့ Grand Slamဆိုတဲ့ ပြိုင်ပွဲပုံစံကို လက်ခံကျင်းပတဲ့ နိုင်ငံအလိုက် အကြီးဆုံး ပြိုင်ပွဲ ၄ ခုပဲ ရှိပါတယ်။ သြစတြေးလျ၊ ပြင်သစ်၊ အမေရိကန်နဲ့ ဝယ်ဘယ်ဒန် တင်းနစ် ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ ဒါဆို ပြိုင်ပွဲ များများစားစား မရှိတဲ့ တင်းနစ် လောကမှာ အနိုင်ရ ဗိုလ်စွဲသူတွေရော များများစားစား ရှိပါသလား။ အခုပြောမယ့် ရော်ဂျာ ဖက်ဒရာကတော့ အဆိုပါ ပြိုင်ပွဲကြီး ၄ ခုထဲက အကြီးဆုံးလို့ သတ်မှတ်နိုင်တဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ သမိုင်း တလျှောက် ၈ ကြိမ်မြောက် ဗိုလ်စွဲသူ ဖြစ်လာပြီး ဗိုလ်စွဲမှု အကြိမ်ရေ အများဆုံး မှတ်တမ်းကို ပိုင်ဆိုင်လိုက်ပါပြီ။ ဒါကြောင့် အားလုံး သိရအောင် သူ့ အကြောင်းနည်းနည်းလောက် ပြောပြချင်ပါတယ်။
ဆွစ်ဇာလန်သား ဖက်ဒရာကို ၁၉၈၁ခုနှစ် သြဂုတ်လ ၈ရက်နေ့က ဘေဆယ်မှာ မွေးဖွားခဲ့ပါတယ်။ အရပ် ၆ ပေနဲ့ ၁ လက်မ ရှိတယ်၊ ညာသန် ကစားသမားဖြစ်ပြီး အခုချိန်ထိအောင် နိုင်ပွဲ ဆုကြေးပေါင်းစုံ ဒေါ်လာ ၁၀၇ သန်းကျော် ရရှိထားတာလည်း တွေ့ရတယ်။ ၁၉၉၈ ခုနှစ်ကနေ စတင်ပြီး ကြေးစား တင်းနစ်သမား အဖြစ် စတင် ကစားခဲ့ပါတယ်။ အောက်တိုဘာကနေ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိအောင် Association of Tennis Professionals (ATP) ကနေ သတ်မှတ်တဲ့ ကမ္ဘာ့ အကောင်းဆုံး တင်းနစ် ကစားသမား စာရင်းမှာ ထိပ်ဆုံး အဆင့် ၁၀အတွင်း တောက်လျှောက် ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိ နောက်ဆုံး စာရင်းတွေ အရတော့ ဖက်ဒရာက ကမ္ဘာမှာ တတိယ အကောင်းဆုံး တင်းနစ် ကစားသမား ဖြစ်နေပြီး သူဟာ Grand Slam ပြိုင်ပွဲစုံ ၁၉ ပွဲထိအောင် အနိုင်ရ ဗိုလ်စွဲထားပါတယ်။ ဒါဟာ အမျိုးသား တဦးချင်း ပြိုင်ပွဲမှာလည်း အကြိမ်ရေ အများဆုံး အနိုင်ရရှိထားခြင်းလည်း ဖြစ်ပါတယ်။
Grand Slam ပြိုင်ပွဲတွေအပြင် အခြား ပြိုင်ပွဲစုံ ၉၃ ပွဲ အနိုင်ရထားပြီး Open Era မှာ တတိယမြောက် နိုင်ပွဲ အများဆုံး ရရှိသူအဖြစ် ရပ်တည်နေပါတယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလကနေ စတင်ပြီး ကမ္ဘာ့ အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် စတင် မှတ်တမ်းဝင်ခဲ့ပြီး အခု ဇူလိုင်ထိအောင် နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့ အကောင်းဆုံး အဆင့် ၃ ဖြစ်နေတာပါ။
တဆက်တည်းမှာ ဖက်ဒရာရဲ့ အနိုင်ရ ဗိုလ်စွဲမှုတွေကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ Grand Slam ပြိုင်ပွဲကြီး ၄ ခုမှာ ဆိုရင် Australian Open ပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲဖူးတယ်၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အနိုင်ရထားပါတယ်။ French Open မှာ ဆိုရင် ၂၀၀၉ ခုနှစ်မှာ ၁ ကြိမ်ပဲ အနိုင်ရဖူးတာ တွေ့ရပြီး Wimbledon ပြိုင်ပွဲမှာတော့ အများဆုံး အနိုင်ရသူ အဖြစ် ရပ်တည်လာနိုင်ပြီး အခု ၂၀၁၇ ခုနှစ် အတွက် အပါအဝင် ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၉ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ စုစုပေါင်း ၈ ကြိမ်ထိအောင် အနိုင်ရထားပါတယ်။ US Open မှာတော့ ၅ ကြိမ် အနိုင်ရဖူးထားပြီး ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ အနိုင်ရထားပါတယ်။ အခြား ပြိုင်ပွဲကြီးတွေမှာ အနိုင်ရရှိမှု အနေနဲ့ Tour Finals မှာ ၆ ကြိမ် အနိုင်ရထားဖူးပြီး ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၀နဲ့ ၂၀၁၇ တွေမှာ အနိုင်ရထားပါတယ်။ Oylmpic ပြိုင်ပွဲမှာတော့ ၂၀၁၂ ခုနှစ် ဗိုလ်လုပွဲမှာ အနိုင်ရထားဖူးပါတယ်။ ဒါက တဦးချင်း အမျိုးသား ပြိုင်ပဲွဲတွေမှာ အနိုင်ရမှု ဖြစ်ပြီး အတွဲလိုက် ပြိုင်ပွဲ အပိုင်းမှာတော့ ဒီလောက်ကြီး အောင်မြင်မှု ရရှိမထားပါဘူး။
အတွဲလိုက် ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမှု ၈ ကြိမ်ပဲ ရှိဖူးတယ်။ ၂၀၀၃ ခုနှစ် ဇွန်လ ၉ရက်မှာ အတွဲလိုက် ကမ္ဘာ့ အကောင်းဆုံး အဆင့် ၂၄ ထိအောင် ရောက်ရှိဖူးတယ်။ Grand Slam ပြိုင်ပွဲ Australian Open အတွဲလိုက် ပြိုင်ပွဲမှာ ၂၀၀၃ ခုနှစ် အတွင်း တတိယအဆင့် ရောက်ဖူးတယ်။ ၂၀၀၀ ခုနှစ် French Open မှာ ပြိုင်ပွဲရဲ့ ပထမ အဆင့် ရောက်ဖူးတယ်။ ၂၀၀၀ ခုနှစ် Wimbledonမှာ ကွာတားဖိုင်နယ် ရောက်ဖူးတယ်။ ၂၀၀၂ခုနှစ် US Openမှာ တတိယအဆင့် ရောက်ဖူးတယ်။ အခြား ပြိုင်ပွဲကြီးတွေထဲက Oylmpic မှာ ၂၀၀၈ ခုနှစ် အတွဲလိုက် ချန်ပီယံ ဖြစ်ဖူးတယ်။ အသင်းလိုက် ပြိုင်ပွဲမှာ Davis Cup ကို ၂၀၁၄ ခုနှစ်က အနိုင်ရဖူးတယ်။ Hopman Cup ကို ၂၀၀၁ ခုနှစ်က အနိုင်ရဖူးတယ်၊ ဒီလောက်ပါပဲ။ မြင်မိသလောက်တော့ ဖက်ဒရာက တဦးချင်း ပြိုင်ပွဲတွေမှာ အနိုင်ရရှိမှု ပိုများပြီး အားထည့် ကစားတာ တွေ့နိုင်ပါတယ်။
ဖက်ဒရာဟာ Grand Slam ပြိုင်ပွဲစုံ ဗိုလ်လုပွဲကို ၂၉ ကြိမ်ထိအောင် ရောက်ဖူးသူပါ။ အဲဒီထဲက စုစုပေါင်း ၁၉ ကြိမ် အနိုင်ရထားတာပါ။ ဒါကြောင့်လည်း သူ့ကို တင်းနစ် ကစားသမားတွေနဲ့ လေ့လာသူတွေက သမိုင်းတလျှောက် အကောင်းဆုံး တင်းနစ် ကစားသမား အဖြစ် သတ်မှတ် မှတ်ချက်ပေးကြတာ တွေ့ရပါတယ်။
ဖက်ဒရာဟာ အသက် ၁၈နှစ်ကတည်းက ၂၀၀၀ ခုနှစ် ဆဒ်ဒနီ အိုလံပစ်ကို စတင် ဝင်ပြိုင်ခဲ့သူပါ။ ဆီမီးဖိုင်နယ်ထိအောင် တက်လှမ်းနိုင်မယ့်သူလို့ အများက ခန့်မှန်းခဲ့ကြပေမယ့် ဆီမီးဖိုင်နယ်မှာ Tommy Haas ကို ရှုံးတယ်ီး တတိယနေရာလုပွဲကို Arnaud Di Pasqualeနဲ့ ကစားပြီး ထပ်ရှုံးလို့ ပြိုင်ပွဲမှာ ကြေးတံဆိပ်နဲ့တောင် လွဲခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ် အေသင် အိုလံပစ် ကစားချိန်မှာ ဖက်ဒရာဟာ ကမ္ဘာ့အကောင်းဆုံး နပတ် ၁ ကစားသမား ဖြစ်နေပါပြီ။ ရလဒ်ကောင်းမယ် ထင်ခဲ့ပေမယ့် အခု ပြိုင်ပွဲမှာလည်း ၁၈ နှစ် အရွယ်ကစားသမား Tomas Berdych ကို ဒုတိယ အဆင့်မှာတင် ရှုံးပြန်ပါတယ်။ နှစ်ယောက်တွဲ ပြိုင်ပွဲမှာလည်း Yves Allegro နဲ့ တွဲကစားပြီး ဒုတိယ အဆင့်မှာတင် ရှုံးပြီး ထွက်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်မှာတော့ တစ်ဦးချင်းမှာ James Blake ကို ဆီမီးဖိုင်နယ်မှာ ရှုံးတယ်၊ ဒါပေမယ့် နှစ်ယောက်တွဲမှာတော့ Stan Wawrinka နဲ့ တွဲဖက်ပြီး ရွှေတံဆိပ်ဆု ပထမဆုံး ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာတော့ ဖက်ဒီရာရဲ့ ဘဝတလျှောက် အမြင့်ဆုံး အောင်မြင်မှု ရခဲ့ပြီး ဗိုလ်လုပွဲမှာ အန်ဒီ မာရေးကို ရှုံးလို့ ငွေတံဆိပ်ဆုတော့ ရယူနိုင်ခဲ့ပါတယ်။
ဖက်ဒရာရဲ့ အဓိက ပြိုင်ဖက်တွေ အနေနဲ့တော့ နေဒါးလ် Nadal ရှိမယ်။ ထိပ်တိုက် တွေ့ဆုံမှုမှာ နေဒါးလ်က ဖက်ဒီရာကို ၂၃ ပွဲနိုင်ပြီး ၁၄ ပွဲ ရှုံးထားခဲ့တယ်။ နေဒါးလ်က အသာ ရတဲ့ သဘောပါ။ ပြီးတော့ ဂျိုကိုဗစ် Djokovic ရှိမယ်။ သမိုင်း တလျှောက် ၄၅ ကြိမ် ထိပ်တိုက်တွေ့ဆုံဖူးတယ်။ ဂျိကိုဗစ်ကပဲ အသာရပြီး ၂၃ ပွဲ အနိုင်ရထားပြီး ဖက်ဒီရာကတော့ ၂၂ ပွဲပဲ အနိုင်ပြန်ရထားပါတယ်။ မာရေး Murray နဲ့လည်း ၂၅ ကြိမ် ထိပ်တိုက်တွေ့ဆုံဖူးတယ်။ ဖက်ဒရာက အသာရပြီး ၁၄ ကြိမ် နိုင်ထားတာပါ၊ ရော့ဒစ် Roddick နဲ့ ၂၄ ကြိမ် ကစားထားဖူးပြီး ဖက်ဒရာက အသာစီး ရထားပါတယ်။ ပြိုင်ပွဲစုံမှာ ၂၁ ကြိမ် အနိုင်ရထားတာပါ။ ဟျူးဝစ် Hewitt နဲ့ဆိုရင်လည်း ၂၇ ကြိမ် ကစားဖူးပြီး ဖက်ဒရာက ၁၈ ကြိမ်ထိအောင် အနိုင်ရထားပါတယ်။ နာမည်ကျော် အဂ္ဂါဆီ Agassi နဲ့ ၁၁ ကြိမ် ကစားဖူးတယ်၊ ဖက်ဒရာက ၈ ကြိမ်နိုင်ထားပြန်ပါတယ်။ ဒါကတော့ ဖက်ဒီရာရဲ့ အောင်မြင်မှု တစေ့တစောင်းပါ၊ နောက်ပိုင်းမှာ ပိုပြီး စုံလင်အောင် ပြောပြသွားပါဦးမယ်ဗျာ။
ကိုးကား http://en.m.wikipedia.org/wiki/RogerFederer