ကမ္ဘာပေါ်မှာလူကြိုက် အများဆုံးအဖြစ် ရှိနေတဲ့ အင်္ဂလန်ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ အသင်းပိုင်ရှင်တွေထဲက အချမ်းသာဆုံး သူဌေးကြီးတွေ အကြောင်း ပြောပြပါ့မယ်။
(၁) Sheikh Mansour ။ ။ မန်းစီးတီး အသင်းပိုင်ရှင်က လက်ရှိ ပရီးမီးယားလိဂ် အသင်းပိုင်ရှင်တွေ ထဲမှာတော့ အချမ်းသာဆုံး အဖြစ် ရပ်တည်နေပါတယ်။ ၂၀၀၈ ခုနှစ် ကတည်းက အသင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဒီအတောအတွင်းမှာ FA ဖလား ၁ ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ League ဖလား ၂ ကြိမ် ရထားပါတယ်။ ပိုင်ဆိုင်မှု အသားတင် စတာလင် ပေါင် ဘီလီယံ ၂၀ လောက် ရှိတယ် လို့ သိရပါတယ်။
(၂) Ronam Abramovich ။ ။ ရုရှ သူဌေး အေဗရာမိုဗစ် လက်ထဲမှာ ချယ်ဆီးအသင်းကပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ရထားတယ်၊ FA ဖလား ၄ ကြိမ်၊ League ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ လုံးနဲ့ ယူရိုပါလိဂ်ဖလား ၁ လုံး ရခဲ့ပါတယ်။ အားရစရာပါ။ သူ့လက်ထဲကို အသင်း ရောက်ရောက်ပြီးချင်း ၁၀ နှစ် အတွင်းမှာအသုံးစရိတ် ဒေါ်လာ ၂ ဘီလီယံလောက်ထိ အသုံးချ အားထည့်မှုတွေ လုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။ Sunday Times ရဲ့ ဖော်ပြချက်မှာ မိုဗစ်ကပေါင် ၈ ဘီလီယံလောက် ချမ်းသာပါတယ်။
(၃) Stan Kroenke ။ ။ အမေရိကန် ဆောက်လုပ်ရေး လုပ်ငန်းရှင်က အခု အာဆင်နယ် အသင်းအပြင် အခြားသော အမေရိကန် အခြေစိုက် ဘတ်စကတ်ဘော အသင်းတွေနဲ့ အခြား အားကစား အသင်း အများအပြားကိုလည်း ပိုင်ဆိုင်ထား ပါသေးတယ်။ သူဟာ အသက် ၃၆ နှစ် ကတည်းက Kroenke Group လိုလုပ်ငန်းစုကို တည်ထောင် လုပ်ကိုင်နေတာ ဖြစ်ပြီး Forbes ရဲ့ ဖော်ပြချက်မှာ Kroenke ရဲ့ ပိုင်ဆိုင်မှုကပေါင် ၅ ဒသမ ၈ ဘီလီယံလောက် ရှိပါတယ်။
(၄) Coates မိသားစု ။ ။ Sunday Times ရဲ့ ဖော်ပြချက် အရ ပေါင် ၅ ဘီလီယံလောက် ချမ်းသာတဲ့ Coates မိသားစုဟာ လက်ရှိ အွန်လိုင်း လောင်းကစား လုပ်ငန်းတခုဖြစ်တဲ့ 365bet ကိုလည်း ပိုင်ဆိုင်ထားသလို စတုတ်စီးတီးလို အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 365bet အနေနဲ့ပဲ စတုတ်ကို ဂျာစီစပွန်ဆာလည်း ပေးထားတာပါ။
(၅) Guo Guangchang ။ ။ တရုတ် အခြေစိုက် FosunInternational ရဲ့ တည်ထောင်သူလည်း ဖြစ်သလို လက်ရှိဥက္ကဌ လည်း ဖြစ်သူက အင်္ဂလန်ကလပ် ဝုဗ်ဘာဟက်တန်ကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၆ ခုနှစ် အတွင်းက Guo အနေနဲ့ အသင်းကို ပေါင် ၄၅ သန်းနဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ Forbes ရဲ့ ဖော်ပြချက် အရတော့ Guo ကပေါင် ၄ ဒသမ ၇၂ ဘီလီယံလောက် ချမ်းသာပါတယ်။
(၆) Joe Lewis ။ ။ Sunday Times ရဲ့ ဖော်ပြချက် အရ Lewis ရဲ့ ပိုင်ဆိုင်မှုက ပေါင် ၄ ဒသမ ၆ ဘီလီယံလောက် ရှိပါတယ်။ သူ့လက်ထဲမှာ စပါးက ဥရောပအဆင့်ထိ နာမည်ကြီးလာပြီး လက်ရှိ ကစားသမားတွေ ဖြစ်တဲ့ Dele Alli နဲ့ Harry Kane တို့က အင်္ဂလန်ရဲ့ အကောင်းဆုံး မျိုးဆက်သစ် ကစားသမားတွေ အဖြစ် သတ်မှတ်ခံထားရသလို စပါးရဲ့ ပုံရိပ်ကိုလည်း ပိုမိုလူသိများစေတာ တွေ့ရပါတယ်။
(၇) Vichai Srivaddhanaprabha ။ ။ ကျနော်တို့နဲ့ အိမ်နီးချင်း နိုင်ငံထိုင်းက ဘီလီယံနာ ဖြစ်ပြီး ၂၀၁၀ ခုနှစ် အတွင်း လက်စတာစီးတီးအသင်းကို ဝယ်ယူလိုက်ပြီး ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ချန်ပီယံ ဖြစ်နိုင်ချေ ၅၀၀၀ လေး ၁ လေးကို ကျော်လွန်ပြီး ချန်ပီယံဖြစ်သည် အထိ အောင်မြင်ခဲ့ပါတယ်။ သူ့သား Aiyawatt ကို အသင်းရဲ့ လက်ထောက်ဥက္ကဌ အဖြစ် ထားရှိလုပ်ကိုင်နေပြီး Forbes ရဲ့ ဖော်ပြချက် အရ Vichai ဟာပေါင် ၃ ဒသမ ၆၄ ဘီလီယံလောက် ချမ်းသာသူ ဖြစ်ပါတယ်။
(၈) Glazer မိသားစု ။ ။ လက်ရှိကမ္ဘာမှာ တန်ဖိုးအကြီးဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ မန်ယူကို ပိုင်ဆိုင်ထားသူပါ။ ၁၉၉၅ ခုနှစ်ကနေ စတင်ပြီး အသင်းကို ဝယ်ယူခဲ့တာ ဖြစ်ပေမယ့် ၂၀၀၃ ခုနှစ်မှာမှ အပြီးသတ် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ဂလေဇာလက်ထဲမှာ မန်ယူက အမှတ်ပေးဖလား ၅ ကြိမ်၊ League ဖလား ၃ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ် ရခဲ့ပါတယ်။ talk SPORT ရဲ့ ဖော်ပြချက် အရ ဂလေဇာမိသားစုဟာ ပိုင်ဆိုင်မှု ပေါင် ၃ ဒသမ ၃ ဘီလီယံလောက် ချမ်းသာပါတယ်။
(၉) Katharina Liebherr ။ ။ ဆောက်လုပ်ရေးသုံး မော်တော်ယာဉ်တွေ ထုတ်လုပ်သူ တဦးပါ။ Liebherr အနေနဲ့ ဆောက်သမ်တန်ကို ဝယ်ယူစဉ် အခါက အသင်းက LeaugeOne မှာ ကန်နေရတာပါ။ အခုတော့ ပရီးမီးယားလိဂ်မှာ ကစားနေရပါပြီ။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကနေLiebherr အနေနဲ့ အသင်းနဲ့ ပတ်သက်ပြီး တရုတ် ရင်းနှီးမြှပ်နှံသူတွေနဲ့ တိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့လို့ ပြန်ရောင်းထုတ်တော့မှာလား စောင့်ကြည့်နေကြပါတယ်။ talk SPORT ရဲ့ ဖော်ပြချက်မှာ သူဟာ ပေါင် ၃ ဘီလီယံလောက် ချမ်းသာပါတယ်။
(၁၀) Guochuan Lai ။ ။ သူက ပရီးမီးယားလိဂ် ကလပ် တခု ဖြစ်တဲ့ ဝက်စ်ဘရွန်းဝှစ်ချ်အယ်ဘီယွန်ကို ပိုင်ဆိုင်ထားသူ ပါ။ Birmingham Mail ရဲ့ ဖော်ပြချက် အရ Lai က ပိုင်ဆိုင်မှု ပေါင် ၂ ဒသမ ၈ ဘီလီလောက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ အသင်းကို ရယူပိုင်ဆိုင်လာတာပါ။ အရင်နှစ်က ဝက်စ်ဘရွန်းဟာ ပရီးမီးယားလိဂ်မှာအဆင့် ၁၀ နဲ့ ရာသီသိမ်းနိုင် လို့ အရင်ထက် ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းကို တွေ့လာရတယ် လို့ ဆိုရမှာပါ။
(၁၁) Mike Ashley ။ ။ သူက ၁၆ နှစ်နဲ့ ကျောင်းက ထွက်တယ်၊ မိဘတွေဆီကနေ ပေါင် ၁ သောင်းချေးပြီး အားကစား ပစ္စည်း အရောင်းဆိုင် ဖွင့်တယ်၊ ဒီလိုနဲ့ အောင်မြင်လာတဲ့ Ashely က အခုဆို အားကစားပစ္စည်း ဆိုင်ပေါင်း ၄၀၀ လောက် ပိုင်ဆိုင်နေသူ ဖြစ်နေပါပြီ။ ၂၀၀၇ ခုနှစ် အတွင်းကAshely က နယူးကာဆယ်ကို ပေါင် ၁၃၅ သန်းနဲ့ ဝယ်ခဲ့တယ်။ အရင်နှစ်က နည်းပြဘင်နီတက်နဲ့ လက်အောက်မှာ အသင်းက ချန်ပီယံရှစ် ဖလားကို ရယူပြီး တန်းတက်လာ နိုင်သလို Sunday Times ရဲ့ ဖော်ပြချက်မှာ သူက ပေါင် ၂ ဒသမ ၁ ဘီလီယံလောက် ချမ်းသာသူ ဖြစ်နေပါပြီ။
(၁၂) John W Henry ။ ။ အမေရိကန် ဘေ့စ်ဘောအသင်း Boston Red Sox ကိုလည်း ပိုင်ဆိုင်ထားတဲ့ Henry က အင်္ဂလန် ကလပ် လီဗာပူးလ်ကိုလည်း ပိုင်ထားပါတယ်။ ဒါပေမယ့် သူကဘေ့စ်ဘောနဲ့ ပိုအကျိုးပေးတယ် ပြောရမှာ ဖြစ်ပြီး Sox အသင်းက ၂၀၀၄ နဲ့ ၂၀၀၇ တွေမှာ World Series တွေမှာ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ နေ့စဉ် သတင်းစာတစ်စောင် ဖြစ်တဲ့ Boston Globe ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပြီး Sunday Times ရဲ့ ဖော်ပြချက် အရ Henry က ပေါင် ၁ ဒသမ ၉၄ ဘီလီယံလောက် ချမ်းသာသူပါ။
(၁၃) Shahid Khan ။ ။ NFL မှာ ကစားနေတဲ့ အသင်း Jacksonville Jaguars ကိုလည်း ပိုင်ဆိုင်တာ တွေ့ရသလို အရင်က ပရီးမီးယားလိဂ်မှာ ရပ်တည် နေနိုင်ခဲ့ပေမယ့် အခုနှစ်တွေမှာ ခြေကျလို့ ချန်ပီယံရှစ်မှာ ကစားနေတဲ့ ဖူဟမ်ကို ပိုင်ဆိုင်ထားသူပါ။ ဖူဟမ်ကို ၂၀၁၃ ခုနှစ် ကတည်းက ဝယ်ယူထားတာ ဖြစ်ပြီး အရင်နှစ်က ချန်ပီယံရှစ်မှာ တန်းတက်ခွင့် အတွက် ရှုံးထွက် အဆင့်ထိ ရောက်ခဲ့ပေမယ့် ရီဒင်ကို ရှုံးလို့ အခုနှစ် တန်းတက် မလာခဲ့ရတာလည်း ဖြစ်ပါတယ်။ Sunday Times ရဲ့ ဖော်ပြချက် အရ Khan က ပိုင်ဆိုင်မှု ပေါင် ၁ ဒသမ ၈၅ ဘီလီယံလောက် ရှိပါတယ်။
(၁၄) Stephen Lansdown ။ ။ FTSE 100 အမည်ရှိ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကို ပူးပေါင်း တည်ထောင်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာ ဘရစ်စတိုး အခြေစိုက် အားကစားအသင်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင် ခဲ့ပြီး ဘရစ်စတိုးရပ်ဘီ အသင်း၊ ဘရစ်စတိုး ဘတ်စကတ်ဘော အသင်းနဲ့ အတူ ဘရစ်စတိုး ဘောလုံးအသင်း တွေရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်လာသူပါ။ Sunday Times ရဲ့ ဖော်ပြချက်မှာ Lansdown က ပိုင်ဆိုင်မှု ပေါင် ၁ ဒသမ ၄၈ ဘီလီယံ ရှိပါတယ်။
(၁၅) Tony Bloom ။ ။ Business Insider ရဲ့ ဖော်ပြချက် အရ Bloom က ပိုင်ဆိုင်မှု ပေါင် ၁ ဘီလီယံလောက် ချမ်းသာပြီး ၂၀၀၉ ခုနှစ် ကတည်းက ဘရိုက်တန် အသင်းကို ပိုင်ဆိုင်ထားသလို အသင်းက အခုနှစ် ပရီးမီးယားလိဂ်မှာ ကစားခွင့် ရထားတာလည်း တွေ့ရပါတယ်။ အသင်းအတွက် ပေါင် သန်း ၂၀၀ လောက်ထိအောင် အသုံးပြုခဲ့တာ တွေ့ရသလို အထူးသဖြင့် အိမ်ကွင်းကို ချဲ့လိုက်တာကြောင့် ၂၀၁၁ ခုနှစ်မှာ ကတည်းကဘရိုက်တန် အိမ်ကွင်းက ပရိတ်သတ် ၃၀၀၀၀ လောက် ထိအောင် ဆံ့လာတာ ဖြစ်ပါတယ်။