အားကစား

အာဆီယံယူ ၁၈ ချန်ပီယံ အတွက် မလေးရှားကို မြန်မာ ကျော်ဖြတ်နိုင်မလား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံယူ ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ မြန်မာယူ ၁၈ အသင်းဟာ အကြိုဗိုလ်လုပွဲ တက်ဖို့ ဖြစ်နိုင်ခြေနည်းပါးနေတဲ့ အနေအထားကနေ ဗီယက်နမ်အသင်းကို အနိုင်ကစားပြီး အကြို ဗိုလ်လုပွဲ တက်ရောက်လာခဲ့တဲ့ အတွက် အကြိုဗိုလ်လုပွဲမှာတော့ ၂၀၁၇ ခုနှစ် အတွင်း ခြေစွာ နေတဲ့ မလေးရှား အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ ၁၈ အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က အချိန်ပေးပြီး ပြင်ဆင်မှု များစွာ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ မြန်မာယူ ၁၈ အသင်းသား တွေကို ဖီးနစ် (မီးလျှံငှက်) အသင်းနာမည်နဲ့ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲမှာ တရာသီလုံး ဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပြီး အာဆီယံယူ ၁၈ ပြိုင်ပွဲ မတိုင်မီမှာလည်း ပွဲကြို ခြေစမ်းပွဲ အဖြစ် ကမ္ဘာ့ထိပ်တန်းကလပ် အင်တာမီလန် ယူ ၁၈ အသင်း၊ အာဆီယံပြိုင်ဘက် ထိုင်းယူ ၁၈ အသင်းတို့နဲ့ ခြေစမ်းယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ မြန်မာယူ ၁၈ အသင်းဟာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ပြုလုပ်တဲ့ အာဆီယံ ယူ ၁၈ ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ဧည့်သည် အင်ဒိုနီးရှားကို ကိုယ့်မြေပေါ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် မြန်မာဘောလုံး ပရိသတ်တွေရဲ့ ပြစ်တင်ရှုတ်ချ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ လူငယ် အသင်းဟာ ခြေစွမ်းကောင်းကောင်းနဲ့ ဘရူနိုင်းကို ၇ ဂိုးပြတ်၊ ဖိလစ်ပိုင်ကို ၇ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ ပါတယ်။

အုပ်စု နောက်ဆုံးပွဲစဉ်မှာ အုပ်စု (ခ) အတွင်း မြန်မာအသင်းကို နှိပ်ကွပ်ခဲ့တဲ့ အင်ဒိုနီးရှား အသင်းကိုတောင် ၃ ဂိုးပြတ်သွင်းပြခဲ့တဲ့ ခြေစွာနေတဲ့ ဗီယက်နမ်ကို အနိုင်ကန်နိုင်မှ အုပ်စုကျွတ်ပြီး အကြိုဗိုလ်လုပွဲ တက်နိုင်မယ့် အခြေအနေ ရောက်ရှိခဲ့တဲ့ အတွက် မြန်မာပရိတ်သတ်တွေ အနေနဲ့ မြန်မာယူ ၁၈ အသင်း အကြိုဗိုလ်လုပွဲ တက်နိုင်ပါ့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

တကယ်တမ်း ယှဉ်ပြိုင်ချိန်မှာ ပွဲအစ ၁ မိနစ်မှာတင် ဗီယက်နမ်က ဦးဆောင်ဂိုး သွင်းသွားလို့ မြန်မာအသင်း အကြိုဗိုလ်လုပွဲ တက်နိုင်ရေး အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာယူ ၁၈ အသင်းဟာ ကစားအား ကျမသွားဘဲ ဒုတိယပိုင်း ၇၄ မိနစ်နဲ့ ၈၆ မိနစ်မှာချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီးဗီယက်နမ်ကို ဖြုတ်ချကာ အကြိုဗိုလ်လုပွဲကို ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့တဲ့ အတွက် မြန်မာပရိတ်သတ်တွေ အားရကျေနပ် ခဲ့ကြပါတယ်။

အကြိုဗိုလ်လုပွဲမှာ မြန်မာနဲ့ ယှဉ်ပြိုင်ရမယ့် မလေးရှားယူ ၁၈ အသင်းကတော့ အုပ်စုအတွင်းမှာ လာအိုကို ၄ ဂိုး ၁ ဂိုး၊ စင်္ကာပူကို ၃ ဂိုး ၁ ဂိုး၊ အရှေ့တီမောကို ၃ ဂိုးဂိုးမရှိ၊ ကမ္ဘောဒီယားကို ၂ ဂိုး ဂိုးမရှိ၊ ထိုင်းအသင်းကို ၁ ဂိုးစီ သရေကန်ပြီး အုပ်စုပထမနဲ့ အကြိုဗိုလ်လုပွဲ တက်ရောက်လာတာ ဖြစ်ပါတယ်။ မလေးရှား အသင်းဟာ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ရာမှာ ၄ ပွဲနိုင် ၁ ပွဲ သရေ၊ ရဂိုး ၁၃ ဂိုး၊ ပေးဂိုး ၃ ဂိုး ရရှိခဲ့ပြီး မြန်မာအသင်းဟာ ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ရာမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး၊ ရဂိုး ၁၇ ဂိုး၊ ပေးဂိုး ၃ ဂိုး ရရှိခဲ့ပါတယ်။ဒါကြောင့် အုပ်စုတွင်း ယှဉ်ပြိုင်မှု ရလာဒ်တွေ အရ မြန်မာအသင်းဟာ မလေးရှားထက် ၁ ပွဲ လျော့ကန်ထားပေမယ့် သွင်းဂိုး ၄ ဂိုး ပိုသွင်းနိုင် ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က စတင်ပြီး အမည်ပြောင်းလဲ ကျင်းပတဲ့ အာဆီယံယူ ၁၉ ပြိုင်ပွဲ သမိုင်း တလျှောက် အောင်မြင်မှု ရလာဒ်တွေ ဖော်ပြရမယ် ဆိုရင် မြန်မာအသင်းဟာ ချန်ပီယံ ၂ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ စတုတ္ထ ၃ ကြိမ် ရရှိ ထားပြီး ထိုင်းနဲ့ သြစတြေးလျပြီးရင် တတိယမြောက် အအောင်မြင်ဆုံး အသင်း ဖြစ်ပါတယ်။ မလေးရှား အသင်းကတော့ တကြိမ်မှ ဗိုလ်စွဲဖူးခြင်း မရှိဘဲ ဒုတိယ ၄ ကြိမ်၊ တတိယ ၁ ကြိမ်၊ စတုတ္ထ ၂ ကြိမ် ရရှိကာ အောင်မြင်မှု အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ မနက်ဖြန် စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်မယ့် အကြို ဗိုလ်လုပွဲမှာ မြန်မာအသင်းအနေနဲ့ မလေးရှားကို ကျော်ဖြတ်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ ကြံ့ခိုင်မှုနဲ့ ပွဲအပေါ် အာရုံစူးစိုက်မှုတွေ ဖြစ်တယ်လို့ အားကစားကလောင်ရှင် ဦးရဲနိုင်ဝင်း က သုံးသပ်ပါတယ်။

“ပြိုင်ပွဲ အနေအထားအရ တရက်ခြား တပွဲ ကန်နေရတော့ ကလေးတွေ အမြန်ဆုံး ပြန်လည် ကြံ့ခိုင်ဖို့ လိုအပ်တယ်။ မြန်မာအသင်းထက် မလေးရှားက နားချိန်ပိုရထားတော့ အမြန်ဆုံး ပြန်လည် ကြံ့ခိုင်တဲ့ အသင်းက အခြေအနေ ပိုကောင်းနိုင်တယ်။ ပြီးတော့ မြန်မာကစားသမားတွေမှာ တပွဲလုံးကို အာရုံစူးစိုက် ကစားနိုင်မှုမှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဒါတွေ ပြုပြင်နိုင်ဖို့ လိုတယ်။ ဒါပေမယ့် အားလုံး ခြုံကြည့်လိုက်ရင် ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းနဲ့ အိမ်ရှင်အားသာချက် ရှိနေတဲ့ မြန်မာအသင်းက ဒီပွဲမှာ အသာစီးရနေပါတယ်” လို့ သူက ပြောပါတယ်။

ဧည့်သည် မလေးရှား အသင်းအနေနဲ့ ခံစစ်လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်ကနေ မြန်မာအသင်းအမှားကို စောင့်ကစားမယ့် အခြေအနေ ရှိနေပြီး တိုက်စစ်ကစား အားကောင်းတဲ့ အိမ်ရှင် မြန်မာအသင်းအနေနဲ့ ပွဲချိန် မိနစ် ၉၀ အတွင်း ၁ ဂိုး၊ ဂိုးမရှိ အနေအထားလောက်နဲ့ ကပ်ပြီးအနိုင်ရသွားနိုင်သလို မလေးရှားအသင်း အနေနဲ့ ခံစစ်ကို ပိုအားစိုက် ကစားခဲ့မယ် ဆိုရင် မိနစ် ၉၀ အတွင်း အနိုင်အရှုံး မပေါ်ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့ အထိလည်း ယှဉ်ပြိုင်သွား ရနိုင်တယ် လို့လည်း ဦးရဲနိုင်ဝင်း က ခန့်မှန်းပါတယ်။

မြန်မာယူ ၁၈ အသင်းနည်းပြချုပ် ပြင်သစ်လူမျိုး ဘန်လာဘီကတော့ မလေးရှားနဲ့ ထိုင်းအသင်း ၁ ဂိုးစီ သရေကျတဲ့ပွဲကို ကြည့်ရှုထားပြီး မလေးရှားကို အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ဖို့ နည်းဗျူဟာတွေ ပြင်ဆင်ထားကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“မလေးရှားနဲ့ ထိုင်း ၁ ဂိုးစီသရေကျတဲ့ပွဲကို ကြည့်ခဲ့ပါတယ်။ မလေးရှားအသင်းက လူကောင်လည်း ကြီးတယ်။ မြန်လည်း မြန်တယ်။ ကျနော့်မှာ သူတို့ကို အကောင်းဆုံး ကစားသွားနိုင်ဖို့ နည်းဗျူဟာတွေ ရှိပါတယ်။ ကြံ့ခိုင်မှု အပိုင်းကိုတော့ အဓိက ပြင်ဆင်သွားမှာပါ။ အဲဒီ အတွက် ဘယ်လို လုပ်သွားရမလဲ ဆိုတာ သိပါတယ်။ ကျနော့်မှာ ယူအေအီး၊ ဂျပန်နဲ့ တရုတ်တို့မှာ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေ အများကြီးရှိပါတယ်” လို့ မြန်မာယူ ၁၈ အသင်းနည်းပြချုပ် ဘန်လာဘီက ပြောပါတယ်။

အာဆီယံယူ ၁၉ ပြိုင်ပွဲ တလျှောက် မြန်မာအသင်းနဲ့ မလေးရှား အသင်းတို့ဟာ ဗိုလ်လုပွဲမှာ ၂ ကြိမ် တတိယ နေရာ လုပွဲမှာ ၁ ကြိမ် တွေ့ဆုံဖူးခဲ့ပါတယ်။ မြန်မာနဲ့ ဗီယက်နမ် အိမ်ရှင် အဖြစ် ပူးတွဲ ကျင်းပတဲ့ ၂၀၀၂ ခုနှစ် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာက မလေးရှားကို ၄ ဂိုးဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သလို ၂၀၀၅ ခုနှစ် အင်ဒိုနီးရှားမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း မြန်မာက မလေးရှားကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ ပါတယ်။

ထူးခြားချက်အနေနဲ့ မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ရာမှာ ၂ ကြိမ် စလုံးမလေးရှားကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြိုင်ပွဲမှာတော့ တတိယ နေရာလုပွဲမှာ မြန်မာနဲ့ မလေးရှား ဂိုး မရှိသရေဖြစ်တဲ့ အတွက် အချိန်ပို ဆက်ကစားပြီး သရေကျနေလို့ ပယ်နယ်တီ အဆုံးအဖြတ်ကန်ရာမှာ မြန်မာအသင်းက ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

ဗီယက်နမ်နဲ့ ကန်တဲ့ပွဲလို စိတ်ဓာတ်နဲ့ ကြိုးစား အားထုတ်မှု အတိုင်းမလေးရှားကို ကစားရင် မြန်မာ အသင်း အနိုင်ရလိမ့်မယ် လို့ မြန်မာ့ရွှေခေတ် ဘောလုံးသမားဟောင်းကြီး ဦးတင်အောင် (ဂိုး) က သုံးသပ် ပြောဆိုပါတယ်။

“ဗီယက်နမ်နဲ့ပွဲမှာ ပထမပိုင်းခြေ အတိုင်း ကစားရင် မနိုင်ဘူး။ ဒါပေမယ့် သူတို့ စိတ်ဓာတ် ကောင်းကောင်းနဲ့ ကြိုးစားလို့ ရှုံးနေရာကနေ ဒုတိယပိုင်းမှာ ပြန်နိုင်ခဲ့တာ အရမ်းအားရ ကျေနပ်ဖို့ ကောင်းတယ်။ မလေးရှား ကလည်း အသင်းကောင်း တသင်းပါ။ ဒါပေမယ့် မြန်မာအသင်းက ဗီယက်နမ်နဲ့ပွဲလို ကစားမယ်ဆို ကျိန်းသေနိုင်ပါတယ်။ တခုတော့ရှိတယ်။ နောက်တန်းက အမှားမလုပ်မိဖို့ လိုတယ်။ တဖက်အသင်းကို အခွင့်အရေး မပေးမိဖို့ လိုတယ်။ ဒီအဆင့်မှာ မှားတဲ့ အသင်းခံရမှာပဲ” လို့ သူက ပြောပါတယ်။

အကြိုဗိုလ်လုပွဲမှာ ဧည့်သည်မလေးရှား အသင်းကပဲ အိမ်ရှင်မြန်မာကို ဖြုတ်ချပြီး သူတို့ မရဖူးသေးတဲ့ ချန်ပီယံ ဆုဖလား လမ်းကြောင်းပေါ် ဆက်လျှောက်နိုင်မလား၊ အိမ်ရှင်မြန်မာအသင်းကပဲ မလေးရှားကို အနိုင်ယူပြီး တတိယမြောက် ချန်ပီယံ ဆုဖလား အတွက် ဗိုလ်လုပွဲကို တက်လှမ်းသွားမလား ဆိုတာ မနက်ဖြန် စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ သုဝဏ္ဏအားကစားကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး အကောင်းဆုံး အဖြေ ထုတ်ကြတော့မှာ ဖြစ်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading