သူ့ရဲ့ နာမည်အရင်းက Mansour bin Zayed bin Sultan bin Zayed bin Khalifa Al Nahyan ဖြစ်ပြီး ရှိတ်မန်ဆာ (Sheikh Mansour) အဖြစ် လူသိများပါတယ်။ လူသိများရတဲ့ အကြောင်းကလည်း ၂ချက် ရှိပါတယ်။ ပထမ တချက်က သူက UAEရဲ့ လက်ထောက် ဝန်ကြီးချုပ်ဖြစ်လို့၊ နိုင်ငံရေးနယ်ပယ်မှာ လူသိများတာ ဖြစ်ပြီး လူမှု ဝန်းကျင်မှာ နာမည်ကြီး လူသိများရတဲ့ အကြောင်းကတော့ လူကြိုက်များ အင်္ဂလန် အမှတ်ပေး ဖလားပြိုင်ပွဲဝင် ကလပ် အသင်း မန်စီးတီးကို ပိုင်ဆိုင်သူ ဖြစ်လို့ပါပဲ။
မန်ယူပရိသတ် အများအပြားရှိနေတဲ့ ဘောလုံးလောကမှာ မန်ယူနဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီးအနေနဲ့ တကူးတက ကြော်ငြာနေစရာ မလိုအောင် အတူတွဲပြီး နာမည်ကြီးလာသလို အခု နောက်ပိုင်းနှစ်တွေမှာလည်း ပရီးမီးယားလိဂ်ဖလား ရယူစိန်ခေါ်လာနိုင်မှုတွေကြောင့် အသင်းကလည်း နာမည်ကြီးသလို အသင်းပိုင်ရှင် ရှိတ်မန်ဆာလည်း လူသိများလာတာ ဖြစ်ပါတယ်။
ဖခင် Zayed bin Sultan Al Nahyanနဲ့ မိခင် Fatima bint Mubarak Al Ketbi တို့က သူ့ကို ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ အခု UAE လို့ခေါ်တဲ့ Trucial မှာ မွေးခဲ့ပါတယ်။ အခုဆို အသက် ၄၆ နှစ် ရှိပါပြီ။ အစ်ကို ၅ ယောက် ရှိပါတယ်။ အိမ်ထောင် ၂ ခါ ကျထားပြီး ပထမ အိမ်ထောင်ဖက် Alia bint Mohammed bin Butti Al Hamed ကို ၁၉၉၅ ခုနှစ်မှာ လက်ထပ်တယ်၊ နောက်အိမ်ထောင် Manal bint Mohammed Al Maktoumကို ၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့ပါတယ်။
သားသမီး ၆ ယောက် ရှိပြီး Al Nahyan အိမ်တော်မှာ နေထိုင်နေပါတယ်။ ပညာရေးပိုင်းမှာ ၁၉၈၉ ခုနှစ်အတွင်းက အင်္ဂလိပ်စာ အထူးပြုကျောင်းသား အနေနဲ့ Santa Barbara Community College မှာ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၃ခုနှစ်မှာ UAE တက္ကသိုလ်ကနေ နိုင်ငံတကာရေးရာ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူပါ။
Emirates Investment Authority နဲ့ Emirates Racing Authority ရဲ့ စီမံ အုပ်ချုပ်ရေး အဖွဲ့မှာလည်း ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားပါတယ်။ ရေနံထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေးပေါင်း များစွာ တက်ဖူးတယ်၊ International Petroleum Investment Companyနဲ့ Abu Dhabi Investment Council လို လုပ်ငန်းတွေရဲ့ ဘုတ်အဖွဲ့မှာလည်း ပါရှိခဲ့ဖူးတာ တွေ့ရပါတယ်။
လုပ်ငန်းရှင်တယောက် အနေနဲ့ပါ ရပ်တည်လုပ်ကိုင်နေတဲ့ ရှိတ်မန်ဆာကို Virgin Galacticနဲ့ Sky News Arabia လို လုပ်ငန်းတွေ တည်ထောင် လုပ်ကိုင် အောင်မြင်မှုနဲ့ အတူ နာမည်ကြီးပါတယ်။ Abu Dhabi United Group (ADUG) ကိုလည်း ပိုင်ဆိုင်ထားပြီး ဒီလုပ်ငန်းကနေပဲ ၂၀၀၈ ခုနှစ် စက်တင်ဘာလက စတင်ပြီး မန်စီးတီးကို ဝယ်ယူထားပါတယ်။
သူ့လက်ထဲ မန်းစီးတီး ရောက်ပြီဆိုတာနဲ့ ပြောင်းရွှေ့ကြေး များများနဲ့ ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်မှုတွေ လုပ်ဆောင်ခဲ့သလို ပရီးမီးယားလိဂ် ဖလား အပါအဝင် အဓိက ဖလား ၂ ခုကိုလည်း ရယူခဲ့နိုင်လာတာလည်း တွေ့ရပါတယ်။
၂၀၁၃ ခုနှစ် မေလ ၂၁ ရက်မှာလည်း အမေရိကန် အမှတ်ပေး ဘောလုံး ပြိုင်ပွဲ မေဂျာလိဂ်ရဲ့ ထုတ်ပြန်ချက် အရ New York City Metropolitan Area အနေနဲ့ New York City FC အနေနဲ့ ၂၀၁၅ ခုနှစ်ကနေ စတင်ပြီး မေဂျာလိဂ်ဘောလုံး ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားတော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့သလို ဒီအသင်းကလည်း ရှိတ်မန်ဆာအတွက် ဒုတိယမြောက် ပိုင်ဆိုင်တဲ့ အသင်း ဖြစ်လာပါတယ်။
ဒါပေမယ့် ဒီအသင်းကိုတော့ ရှိတ်မန်ဆာတယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ဘဲ သူ့ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ Hal နဲ့ Hank Steinbrenner တို့ ပေါင်းစပ် ပိုင်ဆိုင်ကြတာပါ။
လုပ်ငန်း လုပ်ကိုင်နေမှု အပိုင်းမှာ International Petroleum Investment Company (IPIC) မှာ ၇၁ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ထားတယ်၊ ၂၀၀၅ ခုနှစ်မှာ Supreme Petroleum Council မှာ အဖွဲ့ဝင် ဖြစ်လာတယ်၊ အဲဒီနှစ်မှာပဲ IPIC မှာလည်း ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ဖြစ်လာတယ်၊ Abu Dhabi Investment Authority မှာလည်း ဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ ၂၀၀၇ ခုနှစ် မှာတော့ Emirates Investment Authoruty ရဲ့ ဥက္ကဋ္ဌ ဖြစ်လာ ပါတယ်။
၂၀၀၉ ခုနှစ် ဇူလိုင်အတွင်းက Virgin Galastic မှာ ရင်းနှီးထည့်ဝင်မှု ဒေါ်လာ သန်း ၂၈၀ လုပ်ခဲ့ပြီး အဆိုပါ ကုမ္ပဏီရဲ့ ၃၂ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလန် အခြေစိုက် British Sky Brocasting နဲ့ ပေါင်းပြီး Sky News Arabia သတင်းရုပ်သံဌာနကို ထူထောင်လုပ်ကိုင် နေပြီး ဒီသတင်းဌာနက Emirate of Abu Dhabi မှာပဲ ရုံးချုပ် ထားရှိ လုပ်ကိုင်နေတဲ့ အာရဗီဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းဌာန တခုလည်း ဖြစ်ပါတယ်။
ရှိတ်မန်ဆာက မြင်းစီး ဝါသနာပါတယ်၊ မြင်းပြိုင်ပွဲတွေလည်း ကြည့်တယ်၊ မြင်းစီးသမားကောင်းတွေကို စုစည်းထားပြီး ပြိုင်ပွဲ ဝင်စေသလို အရှေ့အလယ်ပိုင်းမှာ ကျင်းပတဲ့ မြင်းစီးပြိုင်ပွဲ အများစုမှာ ရှိတ်မန်ဆာရဲ့ မြင်းအဖွဲ့ တွေက အများအပြား အနိုင်ရထားပါတယ်။ Emirates မြင်းပြိုင်ပွဲ အဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို တာဝန်ယူထားသလို Al Jazira အားကစား ကုမ္ပဏီမှာလည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဒီကုမ္ပဏီက FIFA Club War Cup ပွဲတွေကို ၂၀၀၉နဲ့ ၂၀၁၀ ခုနှစ်တွေမှာ UAE မှာ ကျင်းပဖို့ လေလံ အောင်မြင် ခဲ့သူလည်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်အောက်မှာ Al Jazira အမည်နဲ့ အားကစားအသင်းတွေ ရှိသေးပြီး ဘောလုံး၊ ဘောလီဘောနဲ့ ဘတ်စကက်ဘော အသင်းတွေ ရှိနေတာပါ။ ဘောလုံးအသင်းက ၂၀၁၀-၁၁ နဲ့ ၂၀၁၁-၁၂ ခုနှစ်တွေမှာ President’s Cup တွေကို ရယူနိုင်ခဲ့ပါတယ်။
အခြား ပြည်ပ ဘောလုံးအသင်း ဝယ်ယူ လုပ်ဆောင်မှုကိုတော့ City Football Group လို့ ခေါ်ပြီး မန်စီးတီး၊ မယ်ဘုန်းစီးတီးနဲ့ နယူးယောက် စီးတီး အသင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ City Football Group ကို ၂၀၀၉ ခုနှစ်က စတာလင်ပေါင် ၂၆၅ သန်းနဲ့ ဝယ်ယူထားတယ် လို့ ဆိုပါတယ်။
ဝယ်ယူပြီး ၁ နှစ် အကြာမှာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ပြန်ရောင်းထုတ်ခဲ့ပြီး စီးပွားရေး ကောင်းကောင်း လုပ်တတ်တဲ့ ရှိတ်မန်ဆာရဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်း ရောင်းချမှုက ပြီးခဲ့တဲ့ နှစ်က အဆိုပါ G Group တခုလုံးကို ဝယ်ခဲ့တဲ့ တန်ဖိုးလောက် ပြန်ရခဲ့တယ် လို့ သိရပါတယ်။
Ref: www.en.m.wikipedia.org
http://en.m.wikipedia.org/wiki/Mansour_bin_Zayed_Al_Nahyan