အားကစား

အောင်လအန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ်ချန်ပီယံ ရန်ကုန်တွင် ထိုးသတ်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့စပါးအုံးမြွေအမည်ဖြင့် ထင်ရှားသည့် MMA ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်နှင့် မွေထိုင်း ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အယ်လိန် နာလာနီ (Alain Ngalani)တို့ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ နိုဝင်ဘာ ၃ ရက်နေ့တွင် ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ကြောင်း ONE Championship အဖွဲ့က ကြေညာလိုက်သည်။

ထိုပွဲသည် ONE Championship ကိုယ်ခံပညာ ဘက်စုံသုံး သိုင်းပြိုင်ပွဲ Mixed Martial Arts (MMA) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အတွက် ရွှေခါးပတ်ကာကွယ်ပွဲ မဟုတ်ဘဲ MMA မှ စီစဉ်သည့် ယှဉ်ပြိုင်ဘက် နှစ်ဦး၏ နည်းလမ်းစုံ တိုက်ခိုက်မှု စွမ်းရည်ယှဉ်ပြိုင်ပွဲသာဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန် က “ဒီပွဲကြီးက ခက်ခဲမယ်ဆိုပေမယ့်လည်း မြန်မာပရိသတ်တွေရဲ့ရှေ့မှာ ယှဉ်ပြိုင်ခွင့်ရတာကိုပဲ ကျနော့်အတွက် တကယ့်ကို အားတက်စေပါတယ်။ မြန်မာ့ဂုဏ်ဆောင် တယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ်လို့ကတိပေးပါတယ်” ဟု သူ၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသား ဖော်ပြထားသည်။

ကျားသစ်နက် ဟုလူသိများသည့် ကင်မရွန်းနိုင်ငံဖွား အယ်လိန် နာလာနီ (Alain Ngalani)နှင့် မြန်မာ့စပါးအုံးမြွေဟု လူသိများသည့် အောင်လအန်ဆန် တို့၏ ပွဲသည် ၅ ချီ စိန်ခေါ်ပွဲဖြစ်ကြောင်း ONE Championship ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာ ချက်ထရီ စစ်ယုဒ်တောင် (Chatri Sityodtong) က ပြောသည်။

အောင်လအင်ဆန်းသည် ၉၃ ကီလို ရှိပြီး အယ်လိန် နာလာနီမှာ ၁၂၀.၂ ကီလို ရှိသဖြင့် ဝိတ်တန်း မတူသော အလွတ်တန်း ယှဉ်ပြိုင်ပွဲ ဖြစ်ကြောင်းလည်းသိရသည်။

“သူ့ (အယ်လိန် နာလာနီ)ရဲ့ အဓိက လူသိများတဲ့ အချက်ကတော့ လျင်မြန်မှုနဲ့ သူ့ရဲ့ခြေကန်ချက်ပါပဲ။ အယ်လိန် နာလာနီ ဟာ လွယ်လွယ်နဲ့ အနိုင်ယူလို့ ရလောက်မယ့် ပြိုင်ဘက် မျိုးတော့ မဟုတ်ဘူး။ ကျနော့်ဘဝအတွက် သမိုင်းဝင်စေမယ့် ပွဲတပွဲ ဖြစ်လာမှာ အသေအချာပါပဲ” ဟု အောင်လအန်ဆန်က ဆိုသည်။

အယ်လိန် နာလာနီ သည် ONE Championship ဟဲဗီးဝိတ်တန်း စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဟိုက်ကီ စက်ကိုင် (Hideki Sekine) ခေါ် Shrek ကို ၁၁ စက္ကန့် အတွင်း အလဲထိုး အနိုင်ယူပြီး ကမ္ဘာ့ အမြန်ဆုံး အလဲထိုးနိုင်သူ အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။

ထို့အတူ ကရာတေးဒို၊ ဂျူဂျစ်ဆုအပါအဝင် ကိုယ်ခံပညာငါးမျိုးခန့် တတ်မြောက်ထားသူဖြစ်ပြီး ကမ္ဘာ့ မွေထိုင်းချန်ပီယံ ဘွဲ့ကို လေးကြိမ်ရယူထားနိုင်သူဖြစ်ကြောင်းသိရသည်။ အလားတူ MMA ပြိုင်ပွဲတွင်လည်း စုစုပေါင်း ၇ ပွဲယှဉ်ပြိုင်ထားရာတွင် ၃ ပွဲနိုင် ၃ ပွဲရှုံးထားသည်ဟုသိရသည်။

အောင်လအင်ဆန်းသည် ပြီးခဲ့သည့် ဇွန်က သက်တမ်းတလျှောက် ရှုံးပွဲမရှိသေးသည့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ် (Vitaly Bigdash) ကို မြန်မာ့မြေပေါ်တွင် ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရရှိကာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်သည်။

အသက် ၃၂ နှစ်ရှိ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ၎င်း၏ပြိုင်ဘက်ကို အလဲထိုးရာတွင် ဖမ်းချုပ်ရစ်ပတ်သည့် နည်းစနစ်ကြောင့် MMA (Mixed Martial Arts) လောကတွင် “မြန်မာ့စပါးအုံးမြွေ” ဟု တင်စားခေါ်ဝေါ်ခြင်း ခံထားရသူ ဖြစ်သည်ပြီး MMA ပြိုင်ပွဲ တလျှောက် ပွဲ ၃၀ ထိုးသတ်ထားပြီး ပွဲ ၂၀ အနိုင်ရရှိကာ ၁၀ ပွဲရှုံးထားသူဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading