ဥရောပ အခြေစိုက် အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲမှာ လူကြည့်အများဆုံး ဘောလုံး ပြိုင်ပွဲက ဂျာမနီ ဘွန်ဒက်လီဂါ ဆိုပေမယ့် တကယ်တော့ ပြည်တွင်းမှာ သိပ်မကြိုက်လှ။ အကြောင်းကတော့ ဘွန်ဒက်လီဂါမှာ တကောင်တည်းပြေးတဲ့ မြင်းပဲ ရှိလို့ လူသိပ်မကြိုက်တာပါ။ ဥပမာ စပိန်မှာဆိုရင် ရီးရဲမက်ဒရစ် ရှိပေမယ့် သူနဲ့ အပြိုင် ဘာစီလိုနာ ရှိတယ်၊ ဘယ်သူ ဗိုလ်စွဲမလဲ သိချင် စိတ်ဝင်စားကြတယ်။ ပြည်တွင်းမှာ လူကြိုက် အများဆုံးက အင်္ဂလန် ပရီးမီးယားလ်ဂ်ဆိုရင် အသင်းကြီး တွေက မန်ယူ၊ မန်းစီးတီး၊ ချယ်ဆီး၊ အာဆင်နယ်၊ လီဗာပူးနဲ့ အခု နောက်ပိုင်း စပါးလို အသင်းတွေကပါ ခြေစွမ်း ကောင်းလာလို့ ပွဲစဉ်တိုင်းကိုတောင် လူကြိုက်များကြပါတယ်။
ဒါပေမယ့် အခု ဘွန်ဒက်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်ဟာ အင်အားအကြီးဆုံးနဲ့ ဘယ်အသင်းနဲ့ ကန်ကန်၊ နိုင်နေတဲ့ အသင်းဖြစ်လို့ နှစ်တိုင်း ဘွန်ဒက်လီဂါဆုကို ဘယ်သူရသလဲ ဆိုရင် ဘိုင်ယန်ပါပဲ။ ဒါကြောင့် လူစိတ်ဝင်စားမှု နည်းတာပါ။ ဒါပေမယ့် အခု ပြောမယ့် ဒေ့ါမန်ကတော့ ဘိုင်ယန်အတွက် ဖြတ်မျဉ်းပါပဲ။ လူငယ်တွေကို မွေးထုတ်ပြီး ကြိုးစားခဲ့လို့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းက ဘိုင်ယန်မြူးနစ် ရယူနေကြ ဘွန်ဒက်လီဂါ ကိုတောင် ရယူလာနိုင်တဲ့ အထိ ခြေသွက် အောင်မြင်လာ ပါတယ်။ အခုနှစ်ရော တကျော့ပြန် ကျား အဖြစ်နဲ့ ဘိုင်ယန်ကို ကောင်းကောင်း ကျော်ဖြတ်နိုင်ပါ့ မလားတော့ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ အခု ဂျာမနီ အသင်းတွေထဲက အသင်းကောင်း တသင်းဖြစ်တဲ့ ဒေါ့မန်အကြောင်း နည်းနည်း ကြည့်ရအောင်ပါ။
အသင်းရဲ့ နာမည် အပြည့်အစုံက Ballspielverein Borussia 09 e.V. Dortmund ဖြစ်ပါတယ်။ အများစုကတော့ ဒေါ့မန်လို့ပဲ သိကြပါတယ်။ ရိုင်းမြစ် မြောက်ပိုင်းဒေသမှာ ရှိတဲ့ ဒေါ့မန်မြို့မှာ အခြေစိုက်ပါတယ်။ အသင်းမှာ အမာခံ ပရိတ်သတ် အသင်းဝင် ၁၄၅၀၀၀ ထိအောင် ရှိပြီး ဂျာမနီမှာတော့ ဒုတိယ လူကြိုက် အများဆုံး အသင်းပါ။ လက်ရှိမှာတော့ ဂျာမနီ အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ ဘွန်ဒက်လီဂါမှာ ကစားနေပါတယ်။ ဂျာမနီ ကလပ် အသင်းတွေထဲမှာတော့ အောင်မြင်မှု အများဆုံး ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
နာမည်ပြောင် အနေနဲ့တော့ The Black and Yellows (အနက်၊ အဝါကြားများ)လို့ ခေါ်ပါတယ်။ BVB အဖြစ်လည်း အတိုကောက် ခေါ်ပါတယ်။ အသင်းကို လွန်ခဲ့တဲ့ ၁၀၇ နှစ်၊ ၁၉၀၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင် ဖွဲ့စည်း တည်ထောင်ပါတယ်။ အိမ်ကွင်း အနေနဲ့ Westfalenstadion ကို အသုံးပြု လက်ခံ ကစားပြီး သူက ပရိတ်သတ် ၈၁၃၉၅ ယောက် ဆံ့ပါတယ်။ လက်ရှိ နည်းပြ အဖြစ် Peter Bosz က တာဝန်ယူထားပါတယ်။ အရင်နှစ် ဘွန်ဒက်လီဂါမှာ ရာသီသိမ်း အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ထားပြီး အခုနှစ် ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ရရှိအောင် စွမ်းဆောင်ထား နိုင်တာလည်း ဖြစ်ပါတယ်။
အသင်းဟာ အိမ်ကွင်းမှာ အကျႌ အဝါခံပေါ်မှာ အနက်ရောက် ကန့်လန့်ဖြတ် အစင်း၊ ဘောင်းဘီအနက်နဲ့ ခြေအိတ်၊ အဝါနဲ့ အနက်စင်းကို ဝတ်ဆင် ကစားပါတယ်။ အဝေးကွင်းမှာတော့ အကျႌအနက်ရောင် ဝတ်ဆင်ပါတယ်၊ လက်မောင်းပေါ်မှာ အဝါရောင် အစင်းငယ် ပါရှိပါတယ်။ ဘောင်းဘီကတော့ အနက်ရောင် ဖြစ်ပြီး၊ ခြေအိတ်ကတော့ လည်ပင်းသားမှာပဲ အဝါရောင် ထည့်ထားပြီး ကျန်အနက်သားနဲ့ ခြေအိတ်ကို ဝင်ဆင် ကစားပါတယ်။ ကြားကွင်းမှာတော့ ဝတ်စုံတခုလုံး မီးခိုးရောင် ဆင်တူ ဝတ်ဆင် ကစားပါတယ်။
အသင်း အနေနဲ့ ဂျာမနီ ဘောလုံး အသင်းတွေထဲမှာ စံချိန်တင်ထားနိုင်မှု အနေနဲ့ ဆိုရင် ၁၉၆၆ ခုနှစ်က Cup Winner’s Cup ကို ပထမဆုံး ရယူနိုင်ခဲ့ပြီး ဥရောပ အဆင့် ဖလားကို ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဂျာမနီ ဘောလုံး အသင်း ဖြစ်လာ ပါတယ်။ နောက်ထပ် ထူးခြားချက်က အခု ဒေါ့မန်ရဲ့ အိမ်ကွင်းဟာ ဂျာမနီမှာ အကြီးဆုံး ဘောလုံးကွင်းလည်း ဖြစ်ပါတယ်။ ဥရောပမှာတော့ ၇ ခုမြောက် အကြီးဆုံး ဘောလုံးကွင်းပါ။ ပျမ်းမျှ ပွဲကြည့်ပရိတ် ဝင်ရောက်နှုန်းမှာလည်း ကမ္ဘာ့ ဘောလုံး ကွင်းတွေထဲမှာ လူဝင်မှု အများဆုံး ကွင်း အဖြစ် မှတ်တမ်း ဝင်နေပါတယ်။
အသင်း အနေနဲ့ အဓိက ပြိုင်ဘက်ကတော့ Schalke 04 ရှိနေပြီး သူတို့ရဲ့ ဒါဘီပွဲစဉ်ကို Revierderby အဖြစ် ခေါ်ဆိုတာ တွေ့ရပါတယ်။ Football Money League ရဲ့ ဖော်ပြချက် အရဆိုရင် ဝင်ငွေ၊ ပရိတ်သတ်နှုန်းတွေ အရ ဒေါ့မန်ဟာ ဂျာမနီမှာ ဒုတိယမြောက် အကြီးဆုံး ဘောလုံး အသင်းဖြစ်ပြီး ကမ္ဘာမှာ ၁၁ ခုမြောက် အကြီးဆုံး အသင်း အဖြစ် ရပ်တည် နေတာလည်း ဖြစ်ပါတယ်။
အသင်းနဲ့ ပတ်သတ်ပြီး စံချိန်တင် ထားနိုင်မှုတွေကို ကြည့်မယ် ဆိုရင် ဒေါ့မန်ကစားသမား Michael Zorc က ကစားပွဲပေါင်း ၄၆၃ ပွဲ ကစားထားပြီး အသင်း အတွက် ပွဲအများဆုံး ကစားထားသူ အဖြစ် ရှိနေတယ်၊ ပွဲစဉ် အတွင်း သွင်းဂိုး အများဆုံး အဖြစ် ၂၀၁၆-၁၇ ဘောလုံးရာသီ၊ UEFA ချန်ပီယံလိ၈်မှာ ဝါဆောကို ၈ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး စုစုပေါင်း တပွဲတည်း ၁၂ ဂိုးထိ သွင်းခဲ့ဖူးတယ်၊ ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ ဂိုးအများဆုံး သွင်းယူနိုင်မှု အဖြစ် ၂၀၁၆-၁၇ ဘောလုံး ရာသီ ချန်ပီယံလိဂ် အုပ်စုပွဲတွေမှာ စုစုပေါင်း ၂၁ ဂိုးထိအောင် သွင်းနိုင်ခဲ့ဖူးတယ်။
အသင်း အတွက် ဂိုး အများဆုံး သွင်းယူပေးထားသူ အဖြစ် Alfred Preissler ဖြစ်ပြီး ၁၆၈ ဂိုးထိအောင် သွင်းထားတယ်၊ ဒေါ့မန်အသင်းမှာ အသက်အငယ်ဆုံး ကစားသမား အဖြစ် ပါဝင်ကစားနိုင်သူက ၁၆ နှစ် ၃၃၅ ရက်ပဲ ရှိသေးတဲ့ Nuri Sahin ပါဝင်ကစားထားနိုင်ခဲ့တယ်။ အသက်ငယ်ဆုံး ဂိုးသွင်းသူ အဖြစ်လည်း သူကပဲ ၁၇ နှစ်နဲ့ ၈၂ ရက်မှာ ဂိုးသွင်းယူနိုင်ခဲ့တယ်။
အဆိုးဆုံး ရလဒ် အဖြစ် ၁၉၇၈ ခုနှစ် ဧပြီ ၂၉ ရက်မှာ ကစားခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ ပွဲမှာ ၁၂ ဂိုး ဂိုး မရှိနဲ့ ရှုံးဖူးတယ်၊ ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ဒိုင်နာမိုနဲ့ ကစားတဲ့ ပွဲမှာ တပွဲတည်း အနီကတ် ၅ ကတ်ထိအောင် ပြသ ထုတ်ပယ် ခံရဖူးတယ်၊ ၂၀၀၁ ခုနှစ် ဧပြီ ၇ ရက်နေ့က ကစားတဲ့ ဘိုင်ယန်နဲ့ ပွဲမှာ နှစ်ဖက် အသင်းသားတွေ အတွက် တပွဲတည်း အဝါ၊ အနီကတ် ပြသခံရမှု ၁၅ ကြိမ်ရှိခဲ့ပြီး ဒေါ့မန်အတွက် ၃ ကတ်နဲ့ ဘိုင်ယန်အတွက် ၁၂ ကတ် ထိအောင် ပြသခံခဲ့ရဖူးတယ်။ ၁၉၆၅ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က မိုချန်ဂလာဘတ်နဲ့ ပွဲမှာ တပွဲတည်း ပင်နယ်တီ ၅ ကြိမ်ထိအောင် ပေးခဲ့ရဖူးတယ်။
အသင်းက ဆုဖလား ရရှိမှု အပိုင်းမှာတော့ ဂျာမန်ချန်ပီယံလို့ ဆိုနိုင်မယ့် ဘွန်ဒက်လီဂါ ဆုကို ၈ ကြိမ်ထိအောင် ရဖူးတယ်၊ နောက်ဆုံး ရယူထားနိုင်မှုကတော့ ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၆ တွေမှာ ဖြစ်ပါတယ်။ ဒုတိယတန်းလို့ ဆိုနိုင်မယ့် 2.Bundesliga North ကိုတော့ ဒုတိယ တခါရဖူးတယ်၊ German Cup ကို ၄ ကြိမ် ရဖူးတယ်၊ ဒုတိယ ၅ ကြိမ် ရဖူးတယ်၊ DFB Supercup ကို ၅ ကြိမ်နဲ့ ဒုတိယ ၄ ကြိမ် ယူထားနိုင်တယ်၊ DFB Ligapokal ကို ဒုတိယ ၁ ကြိမ် ရဖူးပါတယ်။ ဥရောပ အဆင့်မှာ ချိန်ပီယံလိဂ် ဖလားကိုတောင် ရယူထားနိုင်ဖူးပြီး ၁၉၉၇ခ ုနှစ်က ၁ ကြိမ် ရဖူးတယ်၊ ၂၀၁၃ မှာလည်း ဒုတိယ ရဖူးတယ်၊ Cup Winner’s Cup ၁ ကြိမ်၊ UEFA Cup ကို ဒုတိယ ၂ ကြိမ် ရထားတယ်၊ UEFA Super Cup မှာ ၁၉၉၇ က ဒုတိယ ရဖူးတယ်။ နိုင်ငံတကာ အနေအထားမှာလည်း Intercontinental Cup ကို ၁၉၉၇ က ရဖူးပါတယ်။ တနှစ်တည်း ဖလား ၂ လုံး ရယူနိုင်မှုတော့ ၁ ကြိမ် တွေ့ရပြီး ၂၀၁၁-၁၂ ဘောလုံး ရာသီမှာ ဘွန်ဒက်လီဂါနဲ့ German Cup ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ အတွင်း UEFAရဲ့ ထုတ်ပြန်ချက်မှာ ဒေါ့မန်က ဥရောပ အကောင်းဆုံး ဘောလုံး အသင်းတွေ စာရင်းမှာ အဆင့် ၈ ထိအောင် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ သူ့အထက်မှာ အဆင့် ၃ ဘာစီလိုနာကနေ ဘိုင်ယန်၊ ဂျူဗင်၊ ဆီဗီလာ၊ PSG တွေ အစဉ်လိုက် ရှိနေသလို ဒေါ့မန်ရဲ့ အောက်မှာ အဆင့် ၉ အဖြစ် မန်စီးတီးနဲ့ အဆင့် ၁၀ အဖြစ် ဘင်ဖီကာတွေ ရှိနေတာ တွေ့ရပါတယ်။
Ref: www.en.m.wikipedia.org