အခုပြောမှာကတော့ ကနေဒါနိုင်ငံသား အားကစားသမားတွေထဲက အားကစားနည်းနယ်ပယ်စုံကနေ ထူးချွန် ကောင်းမွန်တဲ့ အားကစားသမားတွေကို ထုတ်ပြချင်ပါတယ်။ အမေရိကန်ရဲ့ လွှမ်းမိုးမှု ရှိနေပေမယ့် အားကစား ကဏ္ဍမှာ တော့ ကမ္ဘာ့အဆင့်ထိအောင် ထူးချွန်တဲ့ ကစားသမားတွေ ရှိနေမှုကတော့ ကနေဒါ အတွက်လည်း အားရစရာပါ။
(၁၀) Andrew Wiggins – သူကတော့ NBA လို့ ခေါ်တဲ့ အမေရိကန်ရဲ့ အကြီးဆုံး အမှတ်ပေး ဘတ်စကတ်ဘော ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ အသင်း Minnesota Timberwolves က ကစားသမားပါ။ တိုက်စစ်ပိုင်းထက် ထောက်ပံ့ပေးမှုနဲ့ ဆွဲယူ အပေးအယူ ကောင်းကောင်း ကစားနိုင်တာကြောင့် နာမည်ကြီးပါတယ်။ သူ့ရဲ့ ပထမဆုံး ကစားသမား ရာသီမှာပဲ Rookie of the Year ဆု ရခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က FIBA Americas Championship မှာ ကြေးတံဆိပ်ရရှိခဲ့ပြီး အကောင်းဆုံး ဘတ်စကတ်ဘော ကစားသမား အဖြစ် ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။
(၉) Connor McDavid – Wiggins နဲ့ အတူတူ Connor ကလည်း သက်ငယ်ပိုင်း ကစားသမားကောင်း တယောက် ဖြစ်သလို အခု အသက် ၂၀ ကတည်းက NHL ပြိုင်ပွဲဝင် Edmonton Oilers အသင်းမှာ အသင်းခေါင်းဆောင် အဖြစ် ကစားနေတာပါ။ ဟော်ကီကစားတာကို အသက် ၁၈ နှစ် ကတည်းက အချိန်ပြည့် လေ့ကျင့် ကစားလာသူ ဖြစ်ပြီး ပါရမီနဲ့ စွမ်းရည်က အခုလို၂ နှစ်အတွင်းမှာတင် အမှတ်ပေးပြိုင်ပွဲဝင် အသင်းမှာ အသင်းခေါင်းဆောင် ဖြစ်လာတာပါ။ ကွင်းလယ် ဗဟိုမှာ အများဆုံး ကစားပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ဟော်ကီ ကစားသမား အဖြစ်လည်း လျာထားခံရသူ ဖြစ်နေသလို ၂၀၁၅ မှာ ဂျူနီယာအဆင့်၊ ၂၀၁၆ မှာ ကျွမ်းကျင် စီနီယာ အဆင့်တွေမှာပါ ကနေဒါ အသင်းနဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ရထားသူပါ။’
(၈) Christine Sinclair – လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး ဘောလုံး သမားတွေထဲက တဦးပါ။ ကနေဒါ အသင်းအတွက်လည်း အချိန်အကြာကြီး ကစားပေးထားခဲ့တယ်၊ လက်ရှိမှာလည်း နိုင်ငံပွဲစဉ်တွေမှာ ဒုတိယမြောက် အများဆုံး ဂိုးသွင်းထားသူ အဖြစ်လည်း စံချိန်ဝင်နေတယ်၊ FIFA အမျိုးသမီး ကမ္ဘာ့ဖလားကို ၄ ကြိမ်၊ နွေရာသီ အိုလံပစ် ၃ ကြိမ်၊ ၂၀၁၂ နဲ့ ၂၀၁၆ တွေမှာ အိုလံပစ် ကြေးတံဆိပ်တွေ ရရှိအောင် ကူညီပေးထားနိုင်သူပါ။ သူမရဲ့ ကစားသမား သက်တမ်း တလျှောက် ကနေဒါ အကောင်းဆုံး ကစားသမားဆုကို ၁၂ ကြိမ် ရဖူးတယ်၊ FIFA ကနေ ထုတ်ပြန်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၆ ကြိမ် ရထားသူပါ။
(၇) Brooke Henderson – LPGA လို တန်းမြင့် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ Herderson လို လူငယ်လေး တောက်ပ အောင်မြင်လာမယ် လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပေမယ့် အခုတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ဂေါက်သီး ကြယ်ပွင့် တပွင့် ဖြစ်နေပါပြီ။ LPGA မှာ ၃ ကြိမ် အနိုင်ရထားပြီး ၁ ကြိမ်က Major အဆင့်မှာ နိုင်ထားတာပါ။ အကြီးမားဆုံး နိုင်ပွဲကတော့ ၂၀၁၆ ခုနှစ် KPMG ကမ္ဘာ့ အမျိုးသမီး LPGA ချန်ပီယံရှစ်မှာ နိုင်ပွဲရရှိခဲ့တာပါ။ လက်ရှိမှာလည်း သူ့ကို ဂေါက်သီး အားကစားမှာ ကမ္ဘာ့ အကောင်းဆုံး အဆင့် ၈ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၁၆ ခုနှစ် အိုလံပစ်မှာလည်း ကနေဒါ ကိုယ်စားပြု အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။
(၆) Derek Drouin – အရပ်အမောင်း ကောင်းကောင်းနဲ့ အမြင့်ခုန်သမား Drouin က အိုလံပစ်နဲ့ ကမ္ဘာ့ အမျိုးသား အမြင့်ခုန်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတယ်၊ ၂၀၁၅ ကမ္ဘာ့ချန်ပီယံရှစ်မှာ ရွှေရတယ်၊ ၂၀၁၆ အိုလံပစ်မှာလည်း ရွှေတံဆိပ် ရထားသူပါ။ ၂၀၁၂ အိုလံပစ်နဲ့ ၂၀၁၃ ကမ္ဘာ့ချန်ပီယံပွဲ တွေမှာလည်း ကြေးတံဆိပ် ရထားပါတယ်။ ကနေဒါ အမြင့်ခုန် သမားတွေထဲမှာ အမြင့်ဆုံး စံချိန်ကို ရယူထားပြီး ၂၀၁၄ ခုနှစ် အတွင်းက အမြင့် ၂ ဒသမ ၄၀ မီတာထိအောင် ခုန်ပြီး စံချိန် တင်ထားတာပါ။ ၂၀၁၅ ခုနှစ် တိုရန်တိုမှာ ကျင်းပတဲ့ Pan American Games မှာလည်း ဗိုလ်စွဲထားတယ်၊ NCAA ပြိုင်ပွဲ မှာလည်း ၅ ကြိမ်ထိအောင် အနိုင်ရထားပါတယ်။
(၅) Damian Warner – ၂၀၁၆ ခုနှစ် Rio အိုလံပစ်မှာ သူ့ရဲ့ ပထမဆုံး အိုလံပစ်ဆု ငွေတံဆိပ်ကို ရယူခဲ့တယ်၊ ကမ္ဘာ့ ချန်ပီယံရှစ်မှာတော့ ၂၀၁၅ မှာ ငွေရတယ်၊ ၂၀၁၃ မှာ ကြေးတံဆိပ် ရဖူးတယ်၊ သူက ပြေးခုန်ပစ် အားကစားသမား၊ တခြား အားကစား သမားတွေလို တမျိုးတည်း တော်နေရုံနဲ့ မရသူ၊ လက်ရှိ ကနေဒါ ပြေးခုန်ပစ် ကစားသမားတွေထဲမှာ အကောင်းဆုံး အမြင့်ဆုံး စံချိန်ကို တင်ထားသူပါ။ အသက်အရွယ် အရ ကစားသမားဘ၀ ဖြတ်သန်းနိုင်မှု အချိန် ရှိနေသေးတာမို့ မကြာခင် ကမ္ဘာ့ချန်ပီယံရှစ်မှာရော အိုလံပစ်မှာပါ ရွှေတံဆိပ် ရနိုင်ဖို့ အခွင့်အလမ်း များနေတာပါ။
(၄) Milos Raonic – သူကတော့ တင်းနစ် ကစားသမား၊ တကယ်ဆို ယူဂိုဆလားဗီးယားမှား မွေးတယ်၊ ၃ နှစ် အရွယ်မှာ မိသားစုရှိတဲ့ ကနေဒါရောက်လာပြီး ကနေဒါသူ ဖြစ်လာတာပါ။ လက်ရှိမှာ သူက ကမ္ဘာ့ အဆင့် ၄ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ၊ ၂၀၁၆ မှာ အဆင့် ၃ ထိ ရောက်ဖူးတယ်၊ ATP ဆု ၈ ကြိမ်ရဖူးတယ်၊ ဆုကြေး ဒေါ်လာ ၁၄ သန်းလောက် ရထားတယ်၊ ၂၀၁၆ ခုနှစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲထိအောင် ရောက်ပေမယ့် Grand Slam ဆုရဖို့ ကြိုးစားနေရသေးသူ တဦးပါ။ ဒီနေ့ ကနေဒါ တင်းနစ် သမားထဲမှာတော့ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရသူပါ။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ Raonic က ATP မှာတော့ စံချိန်ကောင်းကောင်း မှတ်တမ်းတင်ထားနိုင်နေပြီ ဖြစ်ပါတယ်။
(၃) Andre De Grasse – အထက်တန်းကျောင်းသားဘ၀ ထိ အားကစားသမား မဟုတ်ဘဲ တက္ကသိုလ်တက်မှ အားကစား လောကထဲ ဝင်လာသူပါ။ ၂၀၁၅ ခုနှစ် အတွင်းက NCAA ချန်ပီယံရှစ်မှာ မီတာ ၁၀၀ မှာရော ၂၀၀ မှာပါ တာတိုပြေး အနိုင်ရပြီး နာမည်ကြီးလာပါတယ်။ အဲဒီ နှစ်မှာပဲ Pan American Games မှာလည်း မီတာ ၁၀၀၊ ၂၀၀ တွေ ၂ ခုလုံးမှာ ရွှေ ထပ်ရတယ်။ ၂၀၁၅ ကမ္ဘာ့ချန်ပီယံရှစ်မှာ မီတာ ၁၀၀ မှာရော မီတာ ၁၀၀ လက်ဆင့်ကမ်း ၄ ယောက်တွဲမှာပါ ကြေးရတယ်၊ ပထမဆုံး သူ့ရဲ့ အိုလံပစ် ပြိုင်ပွဲ ဝင်မှု မီတာ ၁၀၀ မှာ ငွေ၊ မီတာ ၁၀၀ လေးယောက်တွဲ လက်ဆင့်ကမ်းမှာ ကြေး ထပ်ရပါတယ်။ အသက် ၂၂ နှစ်ပဲ ရှိသေးလို့ အားကစားလောကမှာ နောက်ထပ် အောင်မြင်မှုတွေ ရဦးမယ့် အနာဂါတ် ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။
(၂) Penny Oleksiak – နွေရာသီ အိုလံပစ်မှာ အလွတ်ကူးမှာရော လိပ်ပြာကူးမှာပါ ဆု ၄ ဆု ထိအောင် တဦးတည်း ရယူထားနိုင်သူပါ။ Rio အိုလံပစ်မှာ အလွတ်ကူး မီတာ ၁၀၀ မှာ ရွှေ၊ လိပ်ပြာကူး မီတာ ၁၀၀ မှာ ငွေ၊ မီတာ ၁၀၀ လေး ယောက်တွဲမှာ ကြေး၊ မီတာ ၂၀၀ လေးယောက်တွဲ အလွတ်ကူးတွေမှာ ကြေးတွေ ရထားပါတယ်။ ပြီးတော့ ကနေဒါ ရေကူးမယ် တွေထဲမှာ မီတာ ၁၀၀ လိပ်ပြာကူးရော အလွတ်ကူး ၂ မျိုးလုံးမှာ အမြန်ဆုံး စံချိန်တွေ တင်ထားပါတယ်။ Lous Marsh ဆိုတဲ့ ကနေဒါ အားကစားသမားတွေထဲက တနှစ် အတွင်း အကောင်းဆုံး ကစားသမားကို ရွေးချယ်ပေးအပ်တဲ့ ဆု လည်း ရဖူးပါတယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးလိ့ု နောက်ထပ် စံချိန်တွေ၊ ဆုတွေ အများကြီး ရဦးမှာ အသေအချာပါ။
(၁) Sidney Crosby – ကနေဒါမှာ လူကြိုက်များတဲ့ ဟော်ကီ အားကစားမှာ အကောင်းဆုံး အဖြစ် ရှိနေပါတယ်။ အခု နောက်ဆုံး ဆယ်စုနှစ် အတွင်းမှာ သူ့ရဲ့ စွမ်းရည်နဲ့ အောင်မြင်မှုတွေက အံ့မခန်းပါပဲ။ NHL လို အမှတ်ပေး ဟော်ကီပွဲစဉ်မှာ Pittsburgh Penguins အသင်းမှာ ကစားနေပါတယ်။ နိုင်ငံတကာ ပွဲတွေမှာလည်း ကနေဒါ အသင်းတွက် ကစားပေးနေ တာပါ။ ၂၀၀၅ ခုနှစ်ကတည်းက NHL မှာ ခြေချခဲ့သူပါ။ Standley ဖလား ၂ ကြိမ်၊ Hart ဆု ၂ ကြိမ်၊ Art Ross မှာ ၂ ကြိမ်၊ Conn Smythee မှာ ၁ ကြိမ်၊ အသင်းနဲ့ အတူ ဗိုလ်စွဲထားပါတယ်။ အိုလံပစ် ရွှေတံဆိပ်လည်း ၂ ဆုရထားတယ်၊ ကမ္ဘာ့ချန်ပီယံရှစ်မှာ ၁ ကြိမ်၊ ကနေဒါနဲ့ အတူ ကမ္ဘာ့ဖလားလည်း ၁ ကြိမ်ရထားသူပါ။
Ref: www.wonderlist.com