အမေရိကန်အိုးပင်း (US Open) တင်းနစ်ပြိုင်ပွဲဟာ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲတွေထဲက အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပြီး ကမ္ဘာမှာလည်း သက်တမ်းအရှည်ကြာဆုံး ပြိုင်ပွဲတွေထဲက တခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲရဲ့ အမည် အရှည်ကောက်ကတော့ United States Open Tennis Championships လို့ သိကြတာပါ။
အစောပိုင်း ပိုင်းကာလတွေမှာ U.S National Championship အဖြစ် အမျိုးသား တဦးချင်းစီ ပြိုင်ပွဲတွေကို ၁၈၈၁ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ အမေရိကန်အိုးပင်း တင်းနစ် ပြိုင်ပွဲဟာ Grand Slam ပြိုင်ပွဲတွေထဲမှာ လေးခုမြောက်နဲ့ အစဉ်လိုက်ဆိုရင် နောက်ဆုံးကျင်းပတဲ့ တင်းနစ် ပြိုင်ပွဲ ဖြစ်လာပါတယ်။ အခြား Grand Slam ပေးအပ်တဲ့ ပြိုင်ပွဲကြီးတွေကတော့ သြစတြေးလျ အိုးပင်း၊ ပြင်သစ် အိုးပင်းနဲ့ ဝင်ဘယ်လ်ဒန် အိုးပင်း ပြိုင်ပဲွဲတွေပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲ သက်တမ်းကို ပြန်ကြည့်မယ် ဆိုရင် နှစ်ပေါင်း ၁၃၆ နှစ်ထိအောင် ရှိနေပြီ ဖြစ်ပြီး ပြိုင်ပွဲများကို အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ ကျင်းပတာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပရာ နေရာကတော့ USTA Billie Jean King National Tennis Center ဖြစ်ပြီးတော့ ပြိုင်ပွဲ ကွင်းပြင်ကိုတော့ ၁၈၈၁ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ထိ မြက်ခင်းကွင်းအဖြစ်နဲ့ ဖန်တီးကစားကြပြီး ၁၉၇၅ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်ထိအောင် မြေသားကွင်း အဖြစ် ကစားကြကာ ၁၉၇၈ ခုနှစ်ကနေ ယခုနောက်ပိုင်းကာလ အချိန်ထိ မြေအမာကွင်း အဖြစ် ဖန်တီး ကစားတာ တွေ့ရပါတယ်။ အခုနှစ်မှာဆိုရင် အမေရိကန်အိုးပင်း (အမေရိကန် ဖိတ်ခေါ်) ပြိုင်ပွဲကနေ ဆုကြေး အဖြစ် စုုစုပေါင်းအမေရိကန် ဒေါ်လာ ၅၀ ဒသမ ၄ သန်းထိ ပေးအပ်မှာလည်း ဖြစ်ပါတယ်။
အမေရိကန်အိုးပင်းရဲ့လက်ရှိ ချန်ပီယံတွေကတော့ အမျိုးသားတဦးချင်းမှာ Rafael Nadal၊ အမျိုးသား နှစ်ယောက်တွဲမှာ Jean-Julien Rojer နဲ့ HoriaTacau တို့ ဗိုလ်စွဲထားတာ တွေ့ရပါတယ်။ သမိုင်းတလျှောက် အမျိုးသားတဦးချင်း ပြိုင်ပွဲမှာ အများဆုံး ဗိုလ်စွဲထားသူတွေကတော့ Richard Sears, Bill Larned နဲ့ Bill Tilden တို့က ၇ ကြိမ်စီ ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။
အမျိုးသား အတွဲလိုက်မှာလည်း အများဆုံး ဗိုလ်စွဲထားသူတွေက Richard Sears နဲ့ Holcombe Ward တို့က ၆ ကြိမ်စီ ဗိုလ်စွဲ ထားတာပါ။
အမျိုးသမီး ပြိုင်ပွဲတွေမှာတော့ တဦးချင်း လက်ရှိချန်ပီယံ အဖြစ် Sloane Stephens ဖြစ်ကာ အတွဲလိုက် အမျိုးသမီး ချန်ပီယံတွေ ကတော့ Chan Yung-jan နဲ့ Martina Hingis တို့ ဖြစ်ပါတယ်။ ဒီ ပွဲစဉ်တွေမှာလည်း အမျိုးသမီးတဦးချင်း အများဆုံး ဗိုလ်စွဲထားသူကတော့ Molla Bjurstedt Mallory က ၈ ကြိမ်ထိအောင် အနိုင် ရထားသလို အတွဲလိုက် ပြိုင်ပွဲတွေမှာတော့ Margaret Osborne dy Pont က သူ တဦးတည်းနဲ့ အခြားသူများနဲ့ တွဲဖက်ပြီး ၁၃ ကြိမ်ထိအောင် အနိုင်ရထားတာလည်း တွေ့ရပါတယ်။
အမျိုးသား၊ အမျိုးသမီး စုံတွဲပြိုင်ပွဲမှာတော့ လက်ရှိမှာ Martina Hingis နဲ့ Jamie Murray တို့ အတွဲက အနိုင်ရထားပြီး အဆိုပါ စုံတွဲပြိုင်ပွဲအတွင်း အမျိုးသားအနေနဲ့ အများဆုံးအနိုင်ရထားသူတွေအဖြစ် Bill Tilden၊ Bill Talbert နဲ့ Bob Bryan တို့က ၄ ကြိမ်စီ ဗိုလ်စွဲထားသလို အမျိုးသမီးကစားသမားတွေထဲမှာတော့ Margaret Osborne duPontနဲ့ Margaret Court တို့က ၈ ကြိမ်စီ အနိုင်ရထားတာတွေ့ရပါတယ်။
ပြိုင်ပွဲကို နှစ်စဉ် သြဂုတ်လရဲ့ နောက်ဆုံး တနင်္လာနေ့မှာ စတင်ကျင်းပလေ့ရှိပြီး စက်တင်ဘာလ နောက်ဆုံး ၂ ပတ်ထိ ကြာမြင့်ပါတယ်။ Labor Day အားလပ်ရက်အတွင်း အချိန်ကိုက် ကျင်းပတဲ့ သဘောလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲကို ကဏ္ဍ ၅ ခု အဓိက ခွဲခြားယှဉ်ပြိုင်စေတာ တွေ့ရပါတယ်။ အမျိုးသား၊ အမျိုးသမီးတဦးချင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးကျား၊မ ၂ ယောက်တွဲပြိုင်ပွဲ၊ စီနီယာအဆင့်၊ ဂျူနီယာအဆင့် ပြိုင်ပွဲနဲ့ ဘီးတပ်ကုလားထိုင်သုံး ကစားသမားပြိုင်ပွဲ တွေထိအောင် ထည့်သွင်းယှဉ်ပြိုင်တာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန် တင်းနစ်အဖွဲ့ချုပ်ရဲ့လမ်းညွှန်မှုနဲ့ ကျင်းပနေတာလည်း ဖြစ်ပါတယ်။
ပွဲလက်မှတ်ရောင်းချမှု၊ စပွန်ဆာပေးမှုနဲ့ ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်တွေကနေ ဝင်ငွေတွေ အများဆုံး ရရှိနေပြီး တင်းနစ်အားကစားကိုလည်း လူသိများလာနေတာတွေ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ ပြိုင်ပွဲကိုတက်ရောက် ကြည့်ရှုနှုန်းကို ကြည့်မယ်ဆိုရင်လည်း ၂ဝ၁၂ ခုနှစ်နဲ့ နောက်ပိုင်း နှစ်စဉ် ပရိတ်သတ် ၇ သိန်းကျော် လာရောက် အားပေးတာ တွေ့ရပါတယ်။
ဆုကြေးပေးအပ်မှု အပိုင်းမှာလည်း အခုနှစ် ဆိုရင် ဆုကြေးဒေါ်လာ ၅ဝ ဒသမ ၄ သန်းထိ ပေးအပ်ခဲ့တာ တွေ့ရပြီး တဦးချင်း ပြိုင်ပွဲတွေမှာ ဗိုလ်စွဲသူတွေက အမျိုးသား၊ အမျိုးသမီးမခွဲဘဲ ဆုကြေး တန်းတူနှုန်းနဲ့ ဒေါ်လာ ၃ ဒသမ ၇ သန်း၊ ဒုတိယရသူက ၁ ဒသမ ၈၂၅ သန်း၊ ဆီးမီးဖိုင်နယ် ရောက်မယ် ဆိုရင် ၉၂၀၀၀၀ ရရှိမှာဖြစ်ပြီး အနည်းဆုံး Q1 အဆင့်အထိ တက်လာနိုင်သူအနေနဲ့ပါ ၅၆ဝ၆ ဒေါ်လာ ဆုကြေးရရှိမှာ ဖြစ်ပါတယ်။
နှစ်ယောက်တွဲ ပွဲစဉ်တွေမှာ ဗိုလ်စွဲသူက ဒေါ်လာ ၆ ဒသမ ၇၅ သိန်း၊ ဒုတိယသမားက ၃ ဒသမ ၄ သိန်း၊ ဆီမီးဖိုင်နယ် ရောက်ရင်တော့ ၁ ဒသမ ၆ သိန်းလောက် ဆုကြေးရရှိမှာပါ။ ကျား၊ မ ၂ ယောက်တွဲ ပြိုင်ပွဲမှာ အနိုင်ရရင်တော့ ဒေါ်လာ ၁ သိန်းခွဲ၊ ဒုတိယအတွဲက ၇ သောင်း၊ ဆီမီးဖိုင်နယ် ရောက်မယ ်ဆိုရင် ဒေါ်လာ ၃ သောင်း ဆုကြေး ရရှိတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့သတ်မှတ်ချက်တခုက ၅ နှစ် တကြိမ် ဆုကြေး တိုးမြှင့်သတ်မှတ်ပေးအပ်ခြင်း ဖြစ်ပြီး ယခုနှစ်မှ စတင်ပြီး ၅ဝ ဒသမ ၄ သန်း ပေးအပ်မှာ ဖြစ်ပါတယ်။
Ref: www.en.m.wikipedia.org