မီရှဲလ်ဝေရဲ့ နာမည်ရင်းက မီရှယ်လ် ဆန်းေ၀ (Michelle Sung Wie) ပါ။ သူမကို ၁၉၈၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှာ မွေးဖွားပါတယ်။ အခုတော့ သူမက အမေရိကန် ကြေးစား ဂေါက်သီးသမား တဦး၊ သူမရဲ့ အလှအပ၊ အားစကားမှာ ထူးချွန်မှု အပြင် ပြင်ပလူနေမှု ဘဝပုံစံကိုပါ လူအများရဲ့ အားကျချစ်ခင် ခံနေရသူပါ။
ငယ်စဉ်ကတည်းက ဂေါက်သီး ကစားတာ ဝါသနာပါသူ မီရှယ်လ်ဟာ အသက် ၁၀နှစ် အရွယ်ကတည်းက USGA ဆိုတဲ့ သက်ငယ်တန်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဝင်ပါခွင့် ရနေပြီ။ အမေရိကန် နိုင်ငံ Women’s Amateur Public Links ပြိုင်ပွဲမှာ အသက် အငယ်ဆုံး ချန်ယီယံ အဖြစ် ဗိုလ်စွဲထားသလို အသက်အငယ်ဆုံး ချန်ပီယံ အဖြစ်လည်း စံချိန်တင်ထားတယ်၊ ပြီးတော့ ကမ္ဘာမှာ နာမည်အကြီးဆုံးလို့ ဆိုနိုင်မယ့် LPGA Tour ဂေါက်သီးရိုက် ပြိုင်ပွဲမှာ အသက်ငယ်ဆုံး အနေနဲ့ ဝင်ခွင့်ရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၀၅ ခုနှစ်၊ သူမ အသက် ၁၆ နှစ် ပြည့်မွေးနေ့မှာ ကြေးစားအဆင့်မြင့် ဂေါက်သီးကစားသူ အဖြစ် ရပ်တည်တော့ မယ်လို့ ကြေငြာပြီး ပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ခဲ့ပါတယ်။ အကောင်းဆုံး လက်စွမ်းပြမှုနဲ့ အတူ ၂၀၁၄ ခုနှစ် အမေရိကန် ဖိတ်ခေါ် အမျိုးသမီးဂေါက်သီးရိုက် ပြိုင်ပွဲ (U. S Women’s Open) မှာ ဗိုလ်စွဲ ခဲ့ပါတယ်။
သူမဘ၀ အကြောင်း နည်းနည်း ပြောရရင် အခုဆိုရင် မီရှယ်လ်က အသက် ၂၇ နှစ် ရှိပြီ ဖြစ်ပြီး အရပ် ၆ ပေရှိပါတယ်။ အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီမှာ မွေးတယ်။ အခုတော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါက ဂျူမီတာမှာ နေတယ်။ ပညာရေးပိုင်းမှာ စတန်းဖို့ တက္ကသိုလ်ကို တက်ခဲ့တယ်၊ ကြေးစားဂေါက်သီးကစားသမား အဖြစ် ၂၀၀၅ ခုနှစ်မှာ ဝင်ခဲ့တယ် ဆိုပေမယ့် သြဇာကြီးမားတဲ့ LPGA Tour ကိုတော့ ၂၀၀၉ ခုနှစ်အတွင်းမှာမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ကစားသမား သက်တမ်းတလျှောက် LPGA Tour ပြိုင်ပွဲကြီး ၄ ခုမှာ ဗိုလ်စွဲထား ပါတယ်။
တကယ်ဆို မီရှယ်လ်က ကိုရီးယားသူ ပါ၊ ကိုရီးယား နာမည်က Wie Sung-Mi ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ ကိုရီးယားကနေ အမေရိကန် ရောက်လာသူ မိသားစုရဲ့ တဦးတည်းသော သမီးပါ။ သူ့ရဲ့ ဖခင် Wie Byung-wook က ဟာဝိုင်ရီ တက္ကသိုလ်က ခရီးသွားပညာရပ် ဆိုင်ရာ ပါမောက္ခ တဦးပါ။
Bo လို့လည်း ခေါ်တဲ့ သူမရဲ့ မိခင်က တောင်ကိုရီးယားမှာ နေစဉ်တုန်းကတော့ အငယ်တန်း ဂေါက်သီးရိုက် ပြိုင်ပွဲ ဝင်ခဲ့ဖူးပြီး ၁၉၈၅ ခုနှစ်မှာ ဗိုလ်စွဲခဲ့ဖူးတယ် လို့ သိရပါတယ်။ ပြီးတော့ Bo က Miss Korea လည်း ဝင်ပြိုင်ဖူးသေးတယ် လို့လည်း ဆိုပါတယ်။ ဒီလိုနဲ့ မီရှယ်လ် မိဘတွေ အမေရိကန်ရောက်၊ သူမကို မွေးတော့ သူမက Dual Citizen ဆိုတဲ့ နှစ်နိုင်ငံသား ပုံစံ၊ ဒါပေမယ့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာတော့ မီရှယ်လ်က တောင်ကိုရီးယား နိုင်ငံသား အဖြစ် ပြန်လည် ခံယူ ထားသူပါ။
သက်ငယ် ကစားသမားဘဝကိုတော့ သူမ အသက် ၄ နှစ်ကတည်းက ဂေါက်သီး စရိုက်တာ တွေ့ရတယ်၊ ၂၀၀၀ ခုနှစ် သူမ အသက် ၁၀ နှစ်မှာ အမေရိကန် အမျိုးသမီး သက်ငယ်တန်း ပြိုင်ပွဲမှာ အနိုင်ရပြီး ပထမဆုံး သက်ငယ်တန်း အောင်မြင်မှု ရတယ်။ ၂၀၀၂ ခုနှစ်အတွင်း ဟာဝိုင်ရီပြည်နယ်၊ ဖိတ်ခေါ် ဂေါက်သီးရိုက် ပြိုင်ပွဲ (အမျိုးသမီး) ပွဲစဉ်မှာ အနိုင်ထပ်ရပြန်တယ်၊ ၂၀၀၃ ခုနှစ်မှာ အမေရိကန် သက်ငယ်တန်း ဂေါက်သီးပြိုင်ပွဲမှာ အနိုင်ရပြီး USGA ရဲ့ အရွယ်ရောက် သက်ငယ်တန်း ပြိုင်ပွဲစုံမှာ ကျား၊ မ မခွဲပဲ အသက် အငယ်ဆုံးနဲ့ ဗိုလ်စွဲသူ အဖြစ် စံချန်တင်လိုက်နိုင်တာ တွေ့ရပါတယ်။
၂၀၀၅ ခုနှစ်မှာ သူမ အနေနဲ့ ကြေးစား ကစားသမားဘ၀ ခံယူလိုက်ပေမယ့် LPGA လို ပွဲတွေကိုတော့ ဝင်ခွင့် မရသေးပါဘူး။ အကြောင်းကတော့ LPGA တွေမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူပဲ ကစားခွင့် ရတာကြောင့် ဖြစ်ပြီး ဒီလို အသက် လိုအပ်ချက် အရ သူမဟာ ၂၀၀၈ ခုနှစ် ထိအောင် LPGA တွေမှာ ဝင်ပြိုင်ခွင့် မရခဲ့ပါဘူး။
၂၀၀၉မှာတော့ အသက်ပြည့်လို့ LPGA တွေမှာ ဝင်ခွင့်ရခဲ့ပြီး အခုထိအောင် LPGA ပြိုင်ပွဲစုံမှာ ဝင်ကစားနေတာ ဖြစ်ပါတယ်။ သူမက ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှာ LPGA ဝင်ခွင့်ရခါနီး အချိန်ကတည်းက အမျိုးသား ဂေါက်သီး သမား တွကိုပါ ယှဉ်နိုင်အောင် ကြိုးစားမယ် လို့ ကြေငြာခဲ့သူလည်း ဖြစ်ပါတယ်။
ဒီလို ကြိုးစားမှုတွေနဲ့ အတူ LPGA ပွဲစဉ်တွေထဲက ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ Lorena Ochoa Invitational မှာ ပထမဆုံး ဗိုလ်စွဲပြီး ဆုကြေး ဒေါ်လာ ၂ ဒသမ ၂ သိန်းရခဲ့ သလို ပြိုင်ပွဲကြီးတွေထဲမှာ အနိုင်ရဖူးလာတယ်။ နောက်တော့ ၂၀၁၀ ခုနှစ် သြဂုတ် ၂၉ ရက်နေ့မှာ CN Canadian Women’s Open မှာ ထပ်ပြီး ဗိုလ်စွဲတယ်၊ ဆုကြေး ၃ ဒသမ ၃၇၅ သိန်းရတယ်။
ပထမဆုံး LPGA ချန်ပီယံ အဖြစ် ၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက်နေ့က LPGA Lotte Championship မှာ အနိုင်ရတယ်၊ ဆုကြေး ၂ ဒသမ ၅၅ သိန်းရတယ်၊ ပြီးတော့ ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်မှာပဲ အမေရိကန် ဖိတ်ခေါ် အမျိုးသမီး ဂေါက်သီးရိုက် ပြိုင်ပွဲမှာပါ ထပ်ပြီး အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာတော့ ဆုကြေးက ဒေါ်လာ ၇ ဒသမ ၂ သိန်းထိအောင် ရခဲ့တာပါ။
ဒီလို အောင်မြင်မှုတွေ၊ လှပမှုတွေနဲ့ နာမည်ကျော်တဲ့ မီရှယ်လ်ရဲ့ အမျိုးသမီး ဂေါက်သီးမယ်တွေ ထဲမှာ ကမ္ဘာ့ အဆင့် ရပ်တည်နိုင်မှုကို ပြောပြပါမယ်။
၂၀၀၆ ခုနှစ်ကနေ စပြီး သူမ ကြေးစားဂေါက်သီးမယ် အဖြစ် ရပ်တည်ချိန်မှာ ကမ္ဘာ့ အဆင့် ၁၁၊ ၂၀၀၇ မှာ အဆင့် ၇၁ ထိအောင် ကျသွားတယ်၊ ၂၀၀၈ခုနှစ်မှာ အဆင့် ၂၃၈ ထိ ကစားသမားဘ၀ အနိမ့်ဆုံး ရောက်သွား ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ အဆင့် ၁၀ ပြန် ဖြစ်လာတယ်။
၂၀၁၀ ခုနှစ် မှာလည်း အဆင့် ၁၀ ပဲ၊ ၂၀၁၁ ခုနှစ်ရောက်တော့ အဆင့် ၁၇၊ ၂၀၁၂ ခုနှစ်မှာ အဆင့် ၆၂၊ နောက်နှစ် ၂၀၁၃ မှာ အဆင့် ၆၁၊ ၂၀၁၄ ခုနှစ်မှာ ပြိုင်ပွဲကြီးတွေ အနိုင်ရလာပြီး အဆင့် ၆၊ ၂၀၁၅ ခုနှစ်မှာ အဆင့် ၂၈၊ ပြီးခဲ့တဲ့ ၂၀၁၆ အတွင်းမှာတော့ နိုင်ပွဲကောင်းကောင်း မရလို့ အဆင့် ၁၇၃ ထိအောင် လျော့ကျသွားတာ တွေ့ရပါတယ်။
Ref: www.en.m.wikipedia.org