အာရှတိုက် ဆိုတာကလည်း အားကစားနယ်ပယ်ပိုင်းမှာ ကမ္ဘာ့အဆင့် ထိပ်တန်းကို မရောက်သေးဘူး ဆိုပေမယ့် တရုတ်နဲ့ အိန္ဒိယလို အင်အားကြီး နိုင်ငံတွေ တည်ရှိတာရယ်၊ အခု ၂၁ ရာစုမှာ ဥရောပနဲ့ အနောက်နိုင်ငံတွေထက် စီးပွားရေးရော အားကစားမှာပါ အာရှအနေနဲ့ ရှေ့တန်းကနေ ရပ်တည်လာနိုင်ဖို့ ရှိနေပါပြီ။ ဒီအနေအထားမှာ နိုင်ငံအလိုက် အားကစား အားပေးမှုနဲ့ တည်ဆောက်ထားတဲ့ အာရှတိုက် အတွင်းက အကြီးဆုံး အားကစားကွင်းတွေ အကြောင်းကို ပြောချင်ပါတယ်။
စာရင်းတွေ အရတော့ အာရှတိုက် တလွှားမှာ အားကစားကွင်းလို့ သတ်နိုင်တဲ့ ကွင်းပေါင်း ၂၂၀ လောက်ထိ ရှိပါတယ်။ ပျမ်းမျှ အနေနဲ့တော့ အားကစားကွင်း တကွင်းစီဟာ ပရိတ်သတ် ၃ သောင်းနဲ့ အထက် ဆံ့ဝင်တာ လည်း ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ အဆိုပါ အားကစားကွင်းတွေမှာဘောလုံး၊ ခရစ်ကက်၊ ဘေ့ဘောနဲ့ အခြား အားကစား နည်းစုံလက်ခံကျင်းပတာတွေ လုပ်ဆောင်နေတာပါ။
လက်ရှိမှာတော့ ပရိတ်သတ် ၁ သိန်းခွဲ ထိ ဆံ့တဲ့ မြောက်ကိုရီးယားနိုင်ငံက Rungrado 1stMay အားကစားကွင်းက အကြီးဆုံး ဖြစ်ပါတယ်။ Rungrado 1st May အားကစားကွင်းက မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမှာ ရှိပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း အကြီးဆုံး အားကစားကွင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ အားကစား အခမ်းအနားတွေနဲ့ ဘောလုံးပွဲတွေ အများဆုံး လက်ခံ ကျင်းပ ပါတယ်။ Arirang Festival လို့ လူသိများတဲ့ ကစားပွဲတွေလည်း မကြာခဏ လက်ခံကျင်းပတာ တွေ့ရပါတယ်။
၁၉၈၉ ခုနှစ် မေလ ၁ ရက်နေ့မှာ အပြီးသတ် တည်ဆောက်နိုင်ခဲ့တာဖြစ် သလို Rungrado မှာ ရှိလို့ အဆိုပါ တည်နေရာနဲ့ ပြီးစီးတဲ့ နေ့ရက်ကိုတွဲဖက် အမည်ပေးထားတာ ဖြစ်ပါတယ်။ ပင်မကွင်းရဲ့ အကျယ်က စတရန်းပေ ၂ ဒသမ ၄၂ သိန်း ကျယ်ဝန်းပြီး အားကစား အဝန်းအဝိုင်း တခုလုံးကတော့ ၂ ဒသမ ၂ စတုရန်းပေသန်း ကျယ်ဝန်းပါတယ်။
မလေးရှားနိုင်ငံရဲ့ အားကစားကွင်း National Stadium ကလည်း ပရိတ်သတ် ၁ သိန်း ၁ သောင်းထိ ဆံ့လို့ သူလည်း အကြီးဆုံးကွင်းတွေထဲက တခုပါပဲ။ ကွာလာလမ်ပူမှာ ရှိပါတယ်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ပါတယ်။ ၁၉၉၈ ခုနှစ် ဓနသဟာယနိုင်ငံများ အားကစားပွဲကို လက်ခံကျင်းပခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်း ရဲ့ အိမ်ကွင်းဆိုလည်း မမှားပါဘူး။ ကမ္ဘာမှာတော့ ၂၄ ဆင့်မြောက် အကြီးဆုံး အားကစားကွင်း အဖြစ် မှတ်တမ်းဝင်နေ ပါတယ်။ ဂီတဖျော်ဖြေပွဲတွေလည်း တခါတရံ လက်ခံကျင်းပလေ့ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ် ခရစ်ကက် အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ အသစ် တည်ဆောက်အသုံးပြုနေတဲ့ Sheikh Kamal International Stadium အမည်ရှိ ခရစ်ကက်ကွင်း ကလည်းအာရှမှာ တတိယအကြီးဆုံး အဖြစ် စာရင်း ဝင်နေပါတယ်။ Cox Bazar မှာ တည်ရှိပါတယ်။ ပရိတ်သတ် ၁ သိန်းထိ ဆံ့ပါတယ်။ ခရစ်ကက်ပွဲတွေ လက်ခံကျင်းပတယ်၊ ၂၀၁၄ ခုနှစ်က ဆိုရင် ICC Twenty 20 ပွဲကို လက်ခံကစားဖိ့ု သဘောတူညီချက်ထိ ရခဲ့ပေမယ့် ကွင်းကို အပြီးသတ် တည်ဆောက်မှု နောက်ကျနေလို့ မကစားဖြစ်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်မှာမှ Women’s One Day International ပွဲစဉ်ကို ပထမဆုံး လက်ခံကစားနိုင်ခဲ့ပြီး ဘင်္ဂလားဒေရှ်နဲ့ ပါကစ္စတန်တို့ ကစားခဲ့ကြပါတယ်။
Shah Alam Stadium ဆိုတာကလည်း မလေးရှားမှာပဲ တည်ရှိတာပါ။ ပရိတ်သတ် ၈၁၁၄၄ ထိအောင် ဆံ့ပါတယ်။ ဘောလုံးပွဲတွေ၊ အားကစား အခမ်းအနားတွေနဲ့ ပတ်လမ်း အပြေးပြိုင်ပွဲတွေ လက်ခံကျင်းပပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကွင်းကို စတင်တည်ဆောက်ပြီး ၁၉၉၄ ခုနှစ်မှာ အပြီးသတ်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် အားကစားပွဲတွေကို လက်ခံကစားနိုင် သည်ထိ တည်ဆောက်ထားတဲ့ ကွင်းပါ။ မလေးရှား အမှတ်ပေးဖလားပြိုင်ပွဲဝင် PKNS FC ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။ အာရှမှ ၄ ခုမြောက် အကြီးဆုံးကွင်းပါ။
သူ့နောက်မှာတော့ တရုတ်နိုင်ငံ၊ ဂေါင်ဒွန်းရှိတဲ့ Guangdong Olympic Stadium က ပရိတ်သတ် ၈၀၀၁၂ ဦး ဆံ့လို့ အဆင့် ၅၊ တရုတ်နိုင်ငံဘေကျင်းမှာ ရှိတဲ့ Beijing National Stadium ကပရိတ်သတ် ၈၀၀၀၀ ဆံ့လို့ အဆင့် ၆၊ အီရန်နိုင်ငံ တီဟီရန်မှာ ရှိတဲ့ Azadi Stadium က ပရိတ်သတ် ၇၈၁၁၆ ဦး ဆံ့လို့ အဆင့် ၇၊ ဆီးရီးယားနိုင်ငံ၊ အလက်ပိုမှာ ရှိတဲ့ Aleppo International Stadium က ပရိတ်သတ် ၇၅၀၀၀ ဆံ့လို့ အဆင့် ၈၊ ဆော်ဒီအာရေဗျ နိုင်ငံ၊ ရီဒက်မှာ ရှိတဲ့ King Fahd International Stadium က ပရိတ်သတ် ၇၅၀၀၀ ဆံ့ပြီးအဆင့် ၉၊ အီရန်နိုင်ငံ၊ အစ်ဖာဟန်မှာ ရှိတဲ့ Naghsh-e-JahanStadium ကလည်းပရိတ်သတ် ၇၅၀၀၀ ဆံ့ပြီးအဆင့် ၁၀ တွေမှာ အသီးသီး ရပ်တည်ပြီး အကြီးဆုံး အားကစား ကွင်းတွေ အဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
Ref: www.worlddatlas.com