ကမ္ဘာ့ ကိုယ်ခံပညာ ဘက်စုံသုံး ပြိုင်ပွဲ (Mixed Martial Art – MMA) ၏ ပူပူနွေးနွေး မစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်း အတွက် အခက်အခဲများစွာ ပြည့်နှက်နေသည့် စိန်ခေါ်ပွဲစဉ်တပွဲ ပေါ်ပေါက်လာပြီ ဖြစ်သည်။
ယင်းမှာ ပူးမားခေါ် အမေရိကန် တောင်ခြေင်္သ့ တကောင်လို ပြိုင်ဘက်များအား လျင်မြန်ကြမ်းတမ်းစွာ တိုက်ခိုက် အနိုင်ယူလေ့ရှိသည့် ဟဲဗီးဝိတ် ကစားသမား အလိန်း နာ့ဂလာနီ (Alain Ngalani) နှင့် အလွတ်တန်း စိန်ခေါ်ပွဲအဖြစ် မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ရန် အောင်လအန်ဆန်းက လက်ခံခဲ့သောကြောင့် ဖြစ်သည်။
အောင်လအန်ဆန်းသည် ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်လာသည့် One Championship ၏ မစ်ဒယ်ဝိတ် ချန်ပီယံ ရုရှား နိုင်ငံ သား ဘစ်တာလီ ဘစ်ဒက်ရှ်ကို ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြန်မာ့မြေပေါ်တွင် အနိုင်ယူ ထိုးသတ်ကာ MMA ပြိုင်ပွဲ တွင် ပထမဆုံးသော မြန်မာပြည်ဖွား ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။
ထို့နောက်ပိုင်း ယှဉ်ပြိုင်ထိုး သတ်မှုများကို ရပ်နားထားခဲ့ပြီးနောက် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ နာ့ဂလာနီနှင့် အထူး စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။
နာ့ဂလာနီဆိုသူက ကင်မရွန်း နွယ်ဖွားဖြစ်ပြီး ဟောင်ကောင် နိုင်ငံသား ခံယူထားသူ ဖိုက်တာ တယောက် ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် အရပ် ၅ ပေ ၁၁ လက္မရှိပြီး ကိုယ်အလေးချိန် ၂၂၉ ပေါင် ရှိသည့် ဟဲဗီးဝိတ် ဖိုက်တာတဦး ဖြစ် သည်။
ကိုယ်ခံပညာတွင် ဘရာဇီး ဂျူဂျစ်ဆုကို ခါးပတ်ပြာအဆင့်၊ ကရာတေးနှင့် ဂျူဒို ခါးပတ်နက်အဆင့်အထိ ကျွမ်းကျင် တတ်မြောက် ထားသူဖြစ်ပြီး အာဖရိက ကစ်ဘောက်ဆင် ချန်ပီယံ ၃ ကြိမ်၊ ကမ္ဘာ့မွေ့ထိုင်း ချန်ပီယံဆုကို ၄ ကြိမ်တိုင် ရရှိထားသူ ဖြစ်သည်။
ကရာတေး၊ ဂျူဒို၊ ကစ်ဘောက်ဆင်နှင့် မွေ့ထိုင်း ပြိုင်ပွဲလောကတွင် ဆယ်စုနှစ်တခုကြာ ကျင်လည်ခဲ့ပြီး ချန်ပီယံဆု များစွာ ရရှိထားသူ နာ့ဂလာနီသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ One Championship ၏ ကိုယ်ခံပညာ ဘက်စုံသုံး MMA ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
၄ နှစ်တာ ကာလအတွင်း MMA ပြိုင်ပွဲ ၇ ပွဲ ထိုးသတ်ခဲ့ရာ ၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားပြီး ပွဲစဉ်တပွဲမှာတော့ မတော်တဆ ထိခိုက်မှု တခုကြောင့် သရေဖြစ်ခဲ့သည်။
နာ့ဂလာနီမှာ ပြီးခဲ့သည့် စက်တင်ဘာလက ယှဉ်ပြိုင်ခဲ့သည့် MMA ဟဲဗီးဝိတ်တန်း ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သူ ဂျပန် နိုင်ငံ သား ဟီဒီကီ ဆာကိုင်းအား ပထမအချီ ၁၁ စက္ကန့်မှာပင် လက်သီး တချက်တည်းဖြင့် ပွဲသိမ်းခဲ့သည့် အတွက် One Championship ၏ ဟဲဗီးဝိတ်ပြိုင်ပွဲ သက်တမ်းတလျှောက် အမြန်ဆုံး အနိုင်ရသည့်စံချိန်ကို ရေးထိုးထားသူ ဖြစ် သည်။
ကြီးမားတုတ်ခိုင်သည့် ခန္ဓာကိုယ်၊ ကာယဗလမောင် ကဲ့သို့ အဖုဖု အထစ်ထစ် ဖြစ်နေသည့် ကြွက်သားစိုင်ကြီးများကို ပိုင်ဆိုင် ထားသည့် နာ့ဂလာနီ၏ ဟန်ပန်သွင်ပြင်သည် သာမန်လူတို့အတွက် မြင်သည်နှင့် ထိတ်လန့်ဖွယ်ရာ ဖြစ် သည်။
တိုက်ခိုက်ရာတွင်လည်း ပြင်းထန်သည့် လက်သီးထိုးချက်၊ ဒူးတိုက်ချက်နှင့် နောက်ပြန် ကန်ချက်များဖြင့် လျင်မြန် ကြမ်းတမ်းစွာ တိုက်ခိုက်လေ့ရှိသည့် အတွက် ပူးမားဟုခေါ်သည့် အမေရိကန် တောင်ခြေင်္သ့ အမည် ခံယူထားသူ ဖြစ် သည်။
အနက်ရောင် တောင်ခြေင်္သ့ ပူးမား အမည်ဖြင့် လိုက်ဖက်စွာပင် ၎င်းအနိုင်ရခဲ့သည့် ပွဲစဉ် ၃ ခုစလုံး၌ ပထမ အချီမှာပင် ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူခဲ့သည်ချည်း ဖြစ်သည်။
အောင်လအန်ဆန်း ကိုယ်တိုင်ပင် နာ့ဂလာနီသည် တိုက်ခိုက်ရာတွင် ကြမ်းတမ်းသည့် ဖိုက်တာတဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
“ဒီတခေါက် ကျနော်နဲ့ ယှဉ်ပြိုင် ထိုးသတ်မယ့် အလိန်း နာ့ဂလာနီက နည်းနည်းတော့ ကြမ်းတယ်ဗျို့။ သူက လျင် လည်း လျင်မြန်တယ်။ ပြီးတော့ သူရဲ့ခြေကန်ချက်ကလည်း တော်တော်ပြင်းထန်တယ်။ ခြေကန်ချက် တချက်လောက် မိသွားတာ နဲ့ လောကကြီးနဲ့ပါ အဆက်အသွယ် ပြတ်သွားလောက်တဲ့ အထိပဲ။ နောက်တချက်က သူက ပြိုင်ဘက်တွေ ကို အချိန်မဆွဲဘဲ ခပ်မြန်မြန်ပဲ အနိုင်ယူတတ်တယ်”ဟု အောင်လအန်ဆန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြိုင်ဘက် နာ့ဂလာနီနှင့် ပတ်သက်၍ မှတ်ချက်ပြု ရေးသားထားသည်။
အမေရိကန် တောင်ခြေင်္သ့လို သန်မာဖြတ်လတ်သည့် နာ့ဂလာနီလို ဖိုက်တာတယောက်ကို မြန်မာပြည်သားတို့၏ အသည်းစွဲ အောင်လအန်ဆန်းအနေဖြင့် လက်သီးချင်းယှဉ်ထိုးပြီး တိုက်ခိုက်သွားမလား၊ ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ကိုင်ပြီး တိုက်ခိုက် သွားမလားဆိုတာ အလွန် စိတ်ဝင်စားဖို့ ကောင်းသလို၊ ရင်ခုန် စိတ်လှုပ်ရှားဖို့လည်း ကောင်းနေသည်။
အောင်လအန်ဆန်း အနေဖြင့် လက်သီးချင်း ယှဉ်ထိုးမည်ဆိုလျှင်လည်း နာ့ဂလာနီက အာဖရိကတိုက်၏ ကစ်ဘောက် ဆင် ချန်ပီယံဆု ၃ ကြိမ် ရထားဖူးသူ၊ ကမ္ဘာ့မွေ့ထိုင်း ချန်ပီယံဆု ၄ ကြိမ် ရရှိထားသူဆိုတော့ အကြိတ်အနယ် ထိုးကြိတ် တိုက်ခိုက် ရမည်ဖြစ်ပြီး ဂျူဂျစ်ဆုနည်းဖြင့် ချုပ်မည်ဆိုလျှင်လည်း ဂျပန်နိုင်ငံသား ဟီဒီကီ ဆာကိုင်းလို လိုက်ချုပ်ဖို့ ကြိုးစားရင်း ချက်ကောင်းအထိုးခံရပြီး အချိန်တိုအတွင်း ပွဲသိမ်းသွားမှာလည်း စိုးရိမ်စရာ ရှိနေသည်။
သို့သော် အားသာချက် တခုအနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သား အောင်လအန်ဆန်းက နာ့ဂလာနီထက် MMA အတွေ့အကြုံပိုင်းမှာ ပိုမိုကြွယ်၀ သာလွန်နေသည်။
၂၀၀၅ ခုနှစ် မေလကတည်းက One Championship ၏ MMA ပြိုင်ပွဲကို ဝင်ရောက်ခဲ့သူ အောင်လအန်ဆန်း အတွက် ယခုဆိုလျှင် MMA လောကတွင် ကျင်လည်ဖြတ်သန်းခဲ့သည်မှာ သက်တမ်း ၁၂ နှစ် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ ကာလအတွင်း ပွဲပေါင်း ၃၀ ယှဉ်ပြိုင် ထိုးသတ်ထားပြီး ပွဲ ၂၀ နိုင် ၁၀ ပွဲရှုံး ရလဒ်ဖြင့် ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံဆုကို သိမ်းပိုက်ခဲ့သူ ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ်ရှိပြီး ကိုယ်အလေးချိန် ၁၈၅ ပေါင် အရပ် ၆ ပေ ၁ လက္မအမြင့် ပိုင်ဆိုင်ထားသည့် အောင်လ အန်ဆန်းမှာ မွေ့ထိုင်းပညာ၊ ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်သည့် ဘရာဇီး ဂျူဂျစ်ဆုပညာကို ပညာရှင်အဆင့် ကျွမ်းကျင် တတ်မြောက်ထားသူ တဦးဖြစ်ပြီး ပြိုင်ဘက်ကို ချုပ်ကိုင်ရာတွင် ကျစ်လျစ်မြဲမြံ လွန်း သည့် အတွက် MMA လောကတွင် မြန်မာ့စပါးအုံးမြွေ – Burmese Python ဟူသော အမည်ဖြင့် လူသိများ ထင်ရှားလာခဲ့သူ ဖြစ်သည်။
MMA ပြိုင်ပွဲ အတွေ့အကြုံအရ အောင်လအန်ဆန်းက သာလွန်နေသော်လည်း နာ့ဂလာနီဆိုသည့် ဟဲဗီးဝိတ်ဖိုက်တာ ကင်မရွန်းနွယ်ဖွား လူသန်ကြီးက ကိုယ်ခန္ဓာ ထွားကျိုင်းမှုအပိုင်းမှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်း ထက် ပိုမိုကြီးမားနေသည့်အချက်က အောင်လအတွက် ကြီးမားသည့် အခက်အခဲ တရပ် ဖြစ်နေသည်။
“သူက ကျနော့်ထက် လူကောင်လည်း ပိုကြီးတော့ သူ့ကို အနိုင်ထိုးသတ်ဖို့ဆို တော်တော်လေးကို ကြိုးစား ယှဉ်ပြိုင် ထိုးသတ်ရမှာပါ။ ဒါပေမယ့် အင်အားဘယ်လောက် များများ၊ လူကောင် ဘယ်လောက်ကြီးကြီး လောကကြီးမှာ ကြိုးစားရင် မဖြစ်နိုင်ဘူး ဆိုတဲ့အရာ မရှိပါဘူး။ ဒါကြောင့် ကျနော့်ကို ချစ်ခင်ပြီး အားပေးတဲ့ ပရိသတ်ကြီးရဲ့ အားပေး ဆုတောင်းမှုတွေ အောက်မှာ အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်သွားပါ့မယ်”ဟု အောင်လအန်ဆန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပရိသတ်များကို ပြောဆိုထားသည်။
နာ့ဂလာနီ၏ ပြိုင်ပွဲမှတ်တမ်းများက ပြသနေသည့် အထူးခြားဆုံး အချက်မှာ ၎င်းယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် ပွဲစဉ် ၇ ပွဲ စလုံး တွင် တတိယအချီအထိ ထိုးသတ်ခဲ့ရခြင်း မရှိဘဲ ပထမအချီနှင့် ဒုတိယအချီများတွင် အနိုင်အရှုံး အဖြေများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
၎င်းအနိုင်ရသည့် ပွဲစဉ် ၃ ပွဲစလုံးသည် ပထမအချီမှာပင် ပြိုင်ဘက်များကို အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ရှုံးနိမ့်ခဲ့သည့် ပွဲစဉ် ၃ ပွဲသည်လည်း ပထမအချီတွင် ၂ ပွဲ၊ ဒုတိယအချီတွင် ၁ ပွဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် နာ့ဂလာနီဆိုသူက နိုင်လျှင်လည်း မြန်မြန်နိုင်လေ့ရှိပြီး ရှုံးလျှင်လည်း မြန်မြန်ဆန်ဆန် ရှုံးနိမ့်လေ့ ရှိသူ ဖြစ် ကြောင်း ပြိုင်ပွဲ မှတ်တမ်းများက ဖော်ပြနေသည်။
အောင်လအန်ဆန်းနှင့် နာ့ဂလာနီတို့ ထိုးသတ်မည့် Hero’s Dream အမည်ရှိ ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေ လုံ အားကစားရုံ၌ နိုဝင်ဘာလ ၃ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်တွင် ကျင်းပမည်ဖြစ်ပြီး အလွတ် စိန်ခေါ်ပွဲဖြစ်သည်။
အနိုင်အရှုံး မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ အောင်လအန်ဆန်း ရရှိထားသည့် ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ရွှေခါးပတ် နှင့် ပတ်သက်မှု မရှိကြောင်း သိရသည်။
အောင်လအန်ဆန်း အနေဖြင့် မြန်မာ့မြေပေါ်တွင် ၂၀၁၆ ခုနှစ်က ၂ ပွဲ၊ ယခုနှစ် ဇွန်လတွင် ၁ ပွဲ၊ စုစုပေါင်း ၃ ပွဲ ယှဉ်ပြိုင် ထိုးသတ်ထားရာ ၃ ပွဲစလုံး အနိုင်ရရှိထားသည့် အတွက် မြန်မာ့မြေက အောင်လအန်ဆန်း အတွက် ရာနှုန်း ပြည့် အောင်ပွဲ ဆင်နေသည့် အောင်မြေအဖြစ် တည်ရှိနေသည်။
၎င်း၏ အောင်မြေဖြစ်သည့် မြန်မာ့မြေ၊ မြန်မာ ပရိသတ်ရှေ့တွင် အောင်လအန်ဆန်း အနေဖြင့် ကမ္ဘာ့မွေ့ထိုင်း ချန်ပီယံ ဆု ၄ ကြိမ်ရရှိထားသူ အလိန်း နာ့ဂလာနီကို အနိုင်ယူကာ နိုင်ပွဲမှတ်တမ်းသစ် ဆက်လက်ရေးထိုး သွားမလား၊ ဧည့်သည် နာ့ဂလာနီ ကပဲ အောင်လအန်ဆန်းကို အနိုင်ယူပြီး မြန်မာပြည်သား မစ်ဒယ်ဝိတ် ချန်ပီယံကို မြန်မာ့မြေပေါ် တွင် ပထမဆုံး အနိုင်ရသူ အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားမလား ဆိုတာကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့၌ ကျင်းပ မည့် Hero’s Dream ပြိုင်ပွဲတွင် ဆက်လက် စောင့်ကြည့်သွားရမည် ဖြစ်ပါသည်။ ။