French Open ဆိုတဲ့ ပြင်သစ် ဖိတ်ခေါ် တင်းနစ်ပြိုင်ပွဲ အကြောင်း ပြောပြပါမယ်။ ပြည်တွင်းမှာ တင်းနစ် ပရိသတ်ရော ဝါသနာရှင်ပါ နည်းပေမယ့် ကမ္ဘာမှာတော့ တင်းနစ် ပရိသတ် အများဆုံး အားကစားနည်းတွေ ထဲက တခုပါ။ တင်းနစ် ကစားသမားတွေရဲ့ ဝင်ငွေကလည်း ဘောလုံးသမားတွေကို ယှဉ်နိုင်လောက်တဲ့ ဆုကြေးနဲ့ အတူ အခြားစပွန်ဆာ၊ ကြော်ငြာတွေ ကနေ ရတဲ့ ဝင်ငွေတွေက များပြားလှပါတယ်။ အထူးသဖြင့် ဘောလုံးမှာ အမျျိုးသား တွေပဲ နာမည်ရ ကျော်ကြားပေမယ့် တင်းနစ်မှာတော့ အမျိုးသမီး တင်းနစ်မယ်တွေရဲ့ နာမည်နဲ့ အတူလူသိများ ပါတယ်။
တင်းနစ်ပွဲတွေကို ပရိသတ် မကြည့်ပေမယ့် ရှာရာပိုဗာ၊ အိုင်ဗန်နိုဗစ် စတဲ့ တင်းနစ်နတ်သမီးတွေကိုတော့ လူတိုင်းသိ နေပါတယ်။ ဒီလို အလှနတ်သမီးတွေ ဝင်ပြိုင်နေတဲ့ တင်းနစ်ပြိုင်ပွဲကြီး ဆိုလို့ ကမ္ဘာမှာ အကြီးဆုံးအနေနဲ့ ပြိုင်ပွဲ ၄ ခုပဲ ရှိပါတယ်။ အမေရိကန်ဖိတ်ခေါ်၊ သြစတြေးလျဖိတ်ခေါ်၊ ဝင်ဘယ်ဒန်နဲ့ အခု ပြင်သစ် ဖိတ်ခေါ်ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ အခု ပြောပြမှာက ပြင်သစ် ဖိတ်ခေါ်ပြိုင်ပွဲ အကြောင်းပါ။
ပြိုင်ပွဲကို Roland-Garros လို့လည်း ခေါ်ပါတယ်။ မေလ နောက်ဆုံး သတင်းပတ် ဒါမှ မဟုတ် ဇွန်လ ပထမပတ် ထဲမှာ ယှဉ်ပြိုင်လေ့ ရှိပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီက StadeRoland-Garros မှာ ကျင်းပတာ ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့ Grand Slam ဆိုတဲ့ အထက်မှာ ပြောခဲ့တဲ့ ပြိုင်ပွဲကြီး ၄ ခုထဲမှာ အစဉ်လိုက် အတိုင်းဆိုရင် ဒုတိယ မြောက် ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
လက်ရှိ တင်းနစ်ကွင်းတွေထဲမှာ မြေစေးကွင်း အဖြစ် ဖန်တီးယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတခု ဖြစ်ပြီးတော့ အခြား ပြိုင်ပွဲတွေ ထက် ကွင်းရဲ့ မြေသား အနေအထားအပေါ် အာရုံစိုက်ရမှု အမြင့်ဆုံး ထားရတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲ အစကနေ နောက်ဆုံးဗိုလ်လုပွဲထိ ပြိုင်ပွဲအမျိုးအစား တခုချင်းစီ အတွက် ပွဲပေါင်း ၇ ပွဲ ကစားရပါတယ်၊ အဆိုပါ ၇ ပွဲ၊ ၇ ဆင့်လုံး ကျော်ဖြတ်နိုင်မှ ချန်ပီယံ ဖြစ်မှာပါ။
French Open ပြိုင်ပွဲကို ၁၈၉၁ ခုနှစ် ကတည်းက တည်ထောင် ကျင်းပခဲ့တာ ဖြစ်ပြီး သက်တမ်းအနေနဲ့ ဆိုရင် ၁၂၆ နှစ် ရှိနေပါပြီ။ ဒါပေမယ့် အဆိုပါ အချိန်ကနေ နှစ်တိုင်းကျင်းပနေခဲ့တာတော့ မဟုတ်ပါ။ ရှေ့ပိုင်း နှစ်တွေမှာ မကျင်းပဖြစ်တဲ့ နှစ်တွေလည်း ရှိတာကြောင့် အခုချိန်ထိ ပြိုင်ပွဲကျင်းပတဲ့ အကြိမ်ရေကတော့ ၁၁၆ နှစ်ပဲ ရှိပါသေးတယ်။
၁၈၉၁ ခုနှစ်ကနေ ၁၉၀၈ ခုနှစ်ထိ ပြိုင်ပွဲကျင်းပတဲ့ မြေက သဲ ဖြစ်ပေမယ့် ၁၉၀၈ ခုနှစ်နဲ့ နောက်ပိုင်းမှာတော့ ပြေးလွှား ယှဉ်ပြိုင်ဖို့ ခက်တဲ့ မြေစေး ဖြစ်လာပါတယ်။ ဆုကြေးအနေနဲ့လည်း တနှစ်နဲ့ တနှစ် ပိုမိုတိုးမြှင့် ပေးအပ်တာ နဲ့ အတူအခုနှစ်မှာ ဆိုရင် ဆုကြေးငွေ စုစုပေါင်း ယူရို ၃၆ သန်း ပေးအပ်ခဲ့တာ တွေ့ရပါတယ်။
လက်ရှိ ပြင်သစ်ဖိတ်ခေါ်ပြိုင်ပွဲရဲ့ ချန်ပီယံတွေကို ကြည့်မယ် ဆိုရင် အမျိုးသား တဦးချင်းမှာ ရာဖေးနာဒယ် (Rafael Nadal)၊ နှစ်ယောက်တွဲ ပွဲစဉ်မှာ ရိုင်ယန် ဟာရီဆင်နဲ့ မိုက်ကယ် ဗီးနပ်တို့က ဗိုလ်စွဲထားတာ တွေ့ရပါတယ်။ ပြင်သစ် ဖိတ်ခေါ် ပြိုင်ပွဲ သမိုင်းတလျှောက် ချန်ပီယံ အများဆုံး ဖြစ်ထားသူက ရာဖေးနာဒယ် ဖြစ်ပြီးသူက ချန်ပီယံ ၁၀ ကြိမ် ဖြစ်ထား တာပါ။ နှစ်ယောက်တွဲ ချန်ပီယံ အများဆုံး ဖြစ်ထားသူကတော့ ရွိုင်းအီမာဆန် ဖြစ်ပြီး ၆ ကြိမ် အနိုင်ရဗိုလ်စွဲထား ပါတယ်။
အမျိုးသမီး ပွဲစဉ်တွေမှာတော့ လက်ရှိ တဦးချင်း ချန်ပီယံက ဂျလီနာအော့စတာပန်ကို (Jeļena Ostapenko) ရှိနေတယ်၊ နှစ်ယောက်တွဲ ပွဲစဉ်မှာတော့ ဘီသာနီမာတစ်ဆန်းနဲ့ လူစီဆာဖာရိုဗာတို့ အတွဲက ချန်ပီယံ ဖြစ်ထားပါတယ်။ အမျိုးသမီး တဦးချင်း ပွဲစဉ်တွေမှာ အများဆုံးချန်ပီယံ ဖြစ်ထားသူက ခရစ်အီဗာ့ဖြစ်ပြီး ချန်ပီယံ ၇ ကြိမ် ရထားသလို အတွဲလိုက် ချန်ပီယံဆုကို အများဆုံးရယူထားနိုင်သူက မာတီနာနာဗရာတီလိုဗာ ဖြစ်ပြီး သူလည်း ၇ ကြိမ် ဗိုလ်စွဲထားဖူးသူပါ။
နှစ်ယောက်တွဲ ကျား၊ မ ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ အဖြစ် ဂါဘရီလာဒါဘရော့စကီးနဲ့ ရိုဟန်ဘိုပန်နာ (Gabriela Dabrowski and Rohan Bopanna) တို့က ချန်ပီယံ ဖြစ်နေပြီး ကျား အတွဲလိုက် အနေနဲ့ ချန်ပီယံ အများဆုံး ဖြစ်ထားသူတွေကတော့ ကန်ဖလက်ချာနဲ့ ဂျိန်းကလူဒီဘာကလေ တို့ ဖြစ်ပြီး ၃ကြိမ်စီ အနိုင်ရထားတာ ဖြစ်ပါတယ်။ ကျား၊မ အတွဲလိုက် အမျိုးသမီးအနေနဲ့ ချန်ပီယံ အများဆုံး ဖြစ်ထားသူကတော့ မာဂရက်စမစ်ကော့ ဖြစ်ပြီး ၄ ကြိမ်ထိ ချန်ပီယံ ရထားပါတယ်။
ဆုကြေးရရှိမှု အနေနဲ့ အခုနောက်ဆုံး နှစ်မှာ တဦးချင်း အမျိုးသား၊ အမျိုးသမီး ဗိုလ်စွဲသူ အနေနဲ့ ယူရို ၁ ဒသမ ၈ သန်းထိ ဆုကြေးရတယ်၊ ပြိုင်ပွဲ ၇ ဆင့်အတွင်း အနိမ့်ဆုံး ၇ ဆင့်ပွဲမှာ ရှုံးနိမ့်သူအနေနဲ့တောင် ဆုကြေးယူရို ၅ သောင်း ပေးအပ်တာ တွေ့ရပါတယ်။
နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဗိုလ်စွဲသူတွေကတော့ ဆုကြေးယူရို ၄ ဒသမ ၅ သိန်း ရတယ်၊ အဆင့် ၇ အနိမ့်ဆုံး ပြိုင်ပွဲမှာ ရှုံးသူက ယူရို ၉ ထောင် ရမှာ ဖြစ်ပါတယ်။ နှစ်ယောက်တွဲကျား၊မ အတွဲလိုက် ပြိုင်ပွဲမှာ ဗိုလ်စွဲသူတွေ ကတော့ ဆုကြေးယူရို ၁ ဒသမ ၁၄ သိန်း ရမယ်၊
အဆင့် ၅ မှာ ရှုံးတဲ့ အတွဲက ယူရို ၄၀၀၀ ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေ အနေနဲ့ အဆင့် ၇ ကနေ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁ ပုံစံနဲ့ တဆင့်စီ တက်ရောက် လာပြီး ဗိုလ်လုပွဲမှာ ယှဉ်ပြိုင် အနိုင်ရအောင် ကြိုးစားရတာ ဖြစ်ပါတယ်။
Ref: www.en.m.wikipedia.org