အားကစား

အဲဗာတန်ရဲ့ ပဲ့ကိုင်သူ ဖာဟက် မိုရှီရီ

Want create site? Find Free WordPress Themes and plugins.

ပဲ့ကိုင်သူဆိုလို့ နည်းပြကို ဆိုလိုတာတော့ မဟုတ်ဘူးဗျ၊ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ ပရီးမီးယားလိဂ်က အလယ်အလတ် အသင်းတသင်းဖြစ်တဲ့ မန်ယူရဲ့ သူရဲကောင်း ဝိန်းရူနီကို မွေးထုတ်ခဲ့တဲ့ အခုလည်း ဝိန်း ရူနီ ပြန်လည် ရောက်ရှိ ကစားနေတဲ့ အဲဗာတန် အသင်းရဲ့ ပိုင်ရှင်ကို ဆိုတာပါ။

အသင်းပိုင်ရှင်ဆိုပေမယ့် ဖာဟက် မိုရှီရီက သူ တယောက်တည်း အဲဗာတန်ကို ပိုင်ဆိုင်ထားတာတော့ မဟုတ်ပါဘူး၊ အများပိုင် အသင်းပုံစံ ရှိနေတဲ့ အသင်းမှာ ရှယ်ယာ အများဆုံး ကိုင်ထားတာ၊ ဒါကြောင့် ပဲ့ကိုင်သူလို့ ဆိုလိုက်တာပါ။

သူ့ နာမည် အပြည့်အစုံက အာဒါဗင် ဖာဟက် မိုရှီရီ ပါ။ ၁၉၅၅ခုနှစ် မေလ ၁၈ ရက်မှာ မွေးပြီး စီးပွားရေး သမား တယောက်၊ အခုတော့ ပြင်သစ်မှာ နေတယ်ပေါ့။

သူက ကုမ္ပဏီ၊ လုပ်ငန်းတွေမှာ ရှယ်ယာတွေ လိုက်ဝင်ထားတာ၊ အထူးသဖြင့်တော့ ကမ္ဘာ့ဝယ်လိုအား အများဆုံးဖြစ်နေတဲ့ သံမဏိထုတ်လုပ်မှု ကုမ္ပဏီတွေနဲ့ စွမ်းအင်ကုမ္ပဏီတွေမှာ ရှယ်ယာတွေ အများကြီး ပိုင်ဆိုင်ထားတယ်၊ သူ့ရဲ့ လုပ်ငန်း အများဆုံးလည်ပတ် လုပ်ကိုင်ရာက အင်္ဂလန်နဲ့ ရုရှ၊ ပြီးတော့ အထက်မှာ ပြောခဲ့သလို အဲဗာတန်ရဲ့ ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းထိအောင် ပိုင်ဆိုင်ထားပြီး အသင်းရဲ့ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်နေပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဖာဟက်ကို အီရန်မှာ မွေးတယ်၊ နောက်တော့ အင်္ဂလန်ရောက်လာပြီး ဗြိတိန်လူမျိုးအဖြစ် လက်ရှိခံယူထားတယ်၊ ဒါပေမယ့် နေတော့ ပြင်သစ်က မိုနာကိုမှာ သွားနေတာတွေ့ရပါတယ်။ လန်ဒန်တက္ကသိုလ်ကနေ ကျောင်းပြီးတယ်၊။ အဲဗာတန်ရဲ့ ရှယ်ယာဝင်၊ USM Holdings ရဲ့ ရှယ်ယာဝင်၊ MegaFon ရဲ့ ရှယ်ယာဝင်၊ Metalloinvest ရဲ့ ရှယ်ယာဝင်၊ သူက ဘယ်လုပ်ငန်းမှာမှ ဥက္ကဋ္ဌ ရယ်၊ မန်းနေးဂျင်း ဒါရိုက်တာရယ်လို့ တာဝန်မယူဘူး၊ ရှယ်ယာတွေ ထည့် ထားပြီး ရင်းနှှီးထားပြီး အမြတ်ထိုင်ထုတ်နေတယ်လို့ အလွယ်ပြောရမယ့်သူ၊ ဒါလည်ကောင်းတယ်၊ ဆုံးဖြတ်ချက် မှန်ကန် ဖို့သာ အဓိက၊ လူကတော့ သက်သာတယ်။

ဖာဟက်ရဲ့ ပိုုင်ဆိုင်မှုက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီအတွင်းက နောက်ဆုံး စာရင်းတွေအရဆိုရင် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံလောက်ထိအောင် ပိုင်ဆိုင်ထားတယ်၊ ဒါဆိုရင် သူလည်း ခေသူမဟုတ်၊ ကမ္ဘာပေါ်က ဘီလီယံနာ ၁၅၀၀ ကျော် အထဲက တယောက်ပေါ့။ ဇနီးသည် နဇီနင် အန်စာရီနဲ့ ကလေး နှစ်ယောက် ရှိတာလည်း တွေ့ရပါတယ်။

ဖာဟက်ကို အီရန်မှာ မွေးပေမယ့် ၁၉၇၉ မှာ သူ့မိဘတွေက အီရန်တော်လှန်ရေးနဲ့ အတူ အဲဒီကနေ ထွက်လာတယ်၊ ဖာဟက်ပြောတာကတော့ သူ့ဖခင်က စစ်တပ်က ဆရာဝန်၊ နောက်တော့ စစ်ခုံရုံးမှာ တရားသူကြီး ဖြစ်ဖူးတယ်ဆိုပဲ၊ သူ့ရဲ့ မိခင်က အရင် အီရန်ရဲ့ အကြီးဆုံးထုတ်ဝေသူတွေထဲက တဦး၊ Kayhan ဆိုတာ အခုတော့ လန်ဒန်မှာ အခြေစိုက်ထားတဲ့ ထုတ်ဝေရေးလုပ်ငန်းကြီးကို လုပ်ကိုင်ခဲ့သူပေါ့။ ဒီလိုနဲ့ အီရန်ကနေ မိသားစုလိုက် အင်္ဂလန်ရောက်၊ လန်ဒန်တက္ကသိုလ် ကနေ ကျောင်းပြီး၊ ကျွမ်းကျင်စာရင်းကိုင် တဦးအဖြစ် သင်ယူလေ့လာထားခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးအသင်းနဲ့ ပတ်သက်လို့လည်း ဖာဟက်က လက်ရှိမှာသာ အဲဗာတန်ရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် အခြား နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ရှယ်ယာတွေကိုလည်း ဝယ်ထားခဲ့ဖူးသေးတယ်။ Red & White Holdingsနဲ့ ဖာဟက်လက်တွဲ လုပ်ကိုင်နေချိန်မှာ ၂၀၀၇ ခုနှစ်အတွင်း ကနဦး အာဆင်နယ်အသင်းရဲ့ ရှယ်ယာ ၁၄.၆၅ ကိုဝယ်တယ်။

အဆိုပါနှစ် စက်တင်ဘာ ၂၈ မှာ ရှယ်ယာ ၂၁ ရာခိုင်နှုန်းအထိ ဝယ်လိုက်တယ်၊ နောက်တပတ်အကြာမှာ ၂၃ ရာခိုင်နှုန်းနဲ့ ဘယ်လောက်မှ ထပ်မကြာလိုက်ဘူး၊ ဖာဟက်က အာဆင်နယ်ရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်း လောက်ထိအောင် ပိုင်ချင်တယ်၊ ဝယ်ချင်တယ်လို့ ပြောလာပါတယ်၊ ၂၀၁၂ ခုနှစ် ဇွန်မှာ Red & White နဲ့ဖာဟက်ရဲ့ ပူးပေါင်းဝယ်ယူမှုက အာဆင်နယ်အသင်းရဲ့ ရှယ်ယာ ၂၉.၇၂ ရာခိုင်နှုန်းထိအောင် ပိုင်ဆိုင်ထားပြီလို့ BBC ရေဒီယိုအစီအစဉ် 5 Live မှာ ပြောခဲ့တာလည်း တွေ့ရပါတယ်။

ဒီလိုနဲ့ နှစ်အတော်ကြာ အာဆင်နယ်ရဲ့ရှယ်ယာတွေကို အမဲလိုက်နေတဲ့ ဖာဟက်တစ်ယောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ မှာတော့ သူပိုင်တဲ့ အာဆင်နယ်ကရှယ်ယာတွေကို ချက်ချင်းရောင်းထုတ်လိုက်ပါတယ်။ အကြောင်းကတော့ အဲဗာတန်မှာ အရင်းအနှီးထည့်မလို့ပါတဲ့။

ဖေဖော်ဝါရီ ၂၇ ရက်မှာပဲ အဲဗာတန်အသင်းကိုယ်တိုင်က အသင်းရဲ့ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို ဖာဟက် ပိုင်ဆိုင်ပြီ ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်တာလည်း တွေ့ရပါတယ်။

အဲဗာတန်ဆိုတာက ပြည်တွင်းက လူအများစုသိတဲ့ အသင်းဖြစ်ပေမယ့် သူ့အကြောင်းလည်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ The Blues လို့ နာမည်ပြောင်အခေါ်ခံရတဲ့ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ ပရီးမီးယားလိဂ်ရဲ့ အလယ် အလတ်အသင်း တသင်းပါ။

၁၈၇၈ ခုနှစ်က တည်ထောင်ထားလို့ သက်တမ်း ၁၃၉ နှစ်ရှိနေပြီဖြစ်တဲ့ သက်တမ်းရင့်အသင်းပါ၊ အိမ်ကွင်း အဖြစ် ဂွဒ်ဒီဆင် ပတ်ခ် ကိုသုံးပါတယ်။ ဒီကွင်းက ပရိတ်သတ် ၃၉၅၇၂ ဦးဆံ့ပါတယ်။

ဖာဟက်က ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်း ပိုင်ထားတယ်၊ ဘီလ် ကန်းရိုက် က ၁၂.၂ ရာခိုင်နှုန်း၊ ဂျွန်ဝုဒ် က ၈.၉ ရာခိုင်နှုန်းနဲ့ အခြား ရှယ်ယာရှင်တွေက စုစုပေါင်း ၂၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၆-၁၇ ဘောလုံး ရာသီမှာ အဆင့် ၇ နဲ့ ရာသီသိမ်းထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါကတော့ ဖာဟက်နဲ့ သူ့ရဲ့အသင်း အဲဗာတန်အကြောင်း သိကောင်းစရာလေးတချို့ ဖြစ်ပါတယ်။

Ref: https://en.m.wikipedia.org/wiki/Farhad_Moshiri

Did you find apk for android? You can find new Free Android Games and apps.
Loading