ဆွစ်ဇာလန်အခြေစိုက် ဘဏ်လုပ်ငန်း UBS နဲ့ PwC တို့ရဲ့ နောက်ဆုံး လေ့လာချက်စစ်တမ်းအရ ပြီးခဲ့တဲ့ နှစ်အတွင်းက ကမ္ဘာမှာ ဘီလျှံနာသူဌေး ဦးရေ ၁၇ ရာခိုင်နှုန်းအထိ တိုးလာပြီး သူတို့အားလုံးရဲ့ ချမ်းသာမှု စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၆ ထရီလီယံ အထိရှိလာတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်တမ်းအရ နောက်ပိုင်း ချမ်းသာလာတဲ့ ဘီလျှံနာတွေဟာ အားကစားအသင်း ဝယ်ယူမှုတွေဘက်ကို ဦးတည်လာတယ်လို့လည်း ဆိုပါတယ်။
စစ်တမ်းကို ပူးပေါင်း လေ့လာတင်ပြသူ ဂျွန်မက်သရူး က Business Insider ကို ပြောကြားရာမှာ ဒီနေ့ခေတ် ဘီလျှံနာသူဌေးမှန်ရင် အားကစားအသင်း တသင်းတော့ ပိုင်ဆိုင်ထားမှဖြစ်တော့မယ်ပုံမျိုး ခေတ်စားလာ နေတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်း ချမ်းသာသူတွေ အကြားမှာ ခေတ်စားနေတာကတော့ အနုပညာနဲ့အားကစားလှုပ်ရှားမှု တွေပါပဲ။
ဘယ်သူက ဘယ်လိုပန်းချီကားကို ပိုင်တယ်၊ ဘယ်လို ရှေးဟောင်းလက်ရာကို ပိုင်တယ်ဆိုတာနဲ့ ဘယ်သူက ဘယ်အားကစားအသင်းကို ပိုင်တယ်၊ သူပိုင်တဲ့အသင်းက ဘယ်လောက်အောင်မြင်မှုရှိတယ် ဆိုတာ ပိုပြီး စိတ်ဝင်စားနေကြတယ်လို့ စစ်တမ်းအရ သိရပါတယ်။
ဘယ်သူဌေးက ဘယ်လောက်တန်တဲ့ အသင်းကိုတောင် ဝယ်ထားနိုင်တယ်ဆိုတာကို လိုချင်တယ်၊ ပြီးတော့ ဒီ အသင်းကို စီးပွားရေးအရ အောင်မြင်မှုထက် ငွေကြေးရင်းနှီးထည့်ဝင်မှုတွေလုပ်ဆောင်ပြီး အောင်မြင်မှုကိုပဲ ရချင်နေကြတယ်၊ ပြောရရင် ချမ်းသာသူတွေဖြစ်တဲ့အတွက် ငွေကြေးဆုံးရှုံးမှုရှိရင်တောင် မမှုပဲ အောင်မြင်မှုကို ပိုလိုချင်တယ်၊ ဘယ်သူ့လက်ထက်မှာ အသင်းကို ဘယ်လောက်တောင် အောင်မြင်ခဲ့တယ်ဆိုတဲ့ သမိုင်းကို ရေးချင်နေကြတယ်လို့ စစ်တမ်းအရ သိရပါတယ်။
ဒါဟာ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာမှ စိတ်ဝင်စားတာမဟုတ်ဘဲ အာရှသူဌေးတွေ ကိုယ်တိုင်လည်း အား ကစားအသင်းတွေ အပိုင်လိုချင်လာကြတယ်၊ အောင်မြင်ချင်ကြတယ်လို့ ဆိုပါတယ်။
Alibaba နဲ့အတူ အောင်မြင်မှု ရနေတဲ့ လက်သစ် တရုတ်သူဌေး ဂျက်မာ ဆိုရင်လည်း ဘောလုံးလေ့ကျင့်ရေးသင်တန်း ကျောင်းကို တည်ထောင်ပြီးတော့ လေ့ကျင့်သင်ကြားပေးမှုတွေတောင် လုပ်ခိုင်းထားတာ တွေ့ရတယ်လို့ စစ်တမ်းက ဆိုပါတယ်။
မက်သရူးကပဲ ဆက်ပြီးတော့ ကျနော်ပြောသလိုပဲ သူဌေးတွေက ဘယ်အသင်းပိုင်တယ်။ ဘယ်လောက် စိုက်ထည့်ရင်းနှီးမှု လုပ်တယ်၊ အောင်မြင်မှုကို ရှာတယ်၊ အသင်းက အောင်မြင်မှု မရရင်တောင် ဘယ်သူဌေးက အားကစား စိတ်ဝင်စားတယ်၊ အားပေးတယ်၊ အသင်းကို ဘယ်လိုပြုစုခဲ့တယ်ဆိုတဲ့ သမိုင်းကောင်းတော့ ကျန်အောင် လုပ်နိုင်လာတာဖြစ်ပါတယ်လို့ ရှင်းပြပါတယ်။
ပြီးတော့ မက်သရူးကိုယ်တိုင်ကလည်း ဘဏ်လုပ်ငန်းနဲ့ အကြံပေးလုပ်ငန်းမှာ တာဝန်ရှိသူတဦးပီပီ သူ့အနေနဲ့ မီလျှံနာ သူဌေးတွေကို မီလျှံနာဘဝကနေ ဘီလျှံနာဘဝကို အမြန်ဆုံုးရောက်ချင်ရင် အားကစားအသင်းကိုဝယ်ပြီး ရင်းနှီး လုပ်ကိုင်ပါလို့ အမြဲအကြံပေးတတ်တယ်လို့ ဆိုပါတယ်။
ဒီနေ့ခေတ်ကလည်း တကမ္ဘာလုံးအနေနဲ့ အားကစားကို စိတ်ဝင်စားကြသလို ကြည့်ရှုသူအခိုင်အမာ ရှိနေတယ်။
အခြားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံပြီး အမြတ်အစွန်းရမှ လှူဒါန်းမှုလုပ်မယ်ဆိုရင် နာမည်ကောင်းရမှာ ဖြစ်ပေမယ့် အခုလို အားကစားအသင်း ဝယ်ယူရင်းနှီးမှုက နာမည်ကောင်းလည်းရသလို အမြတ်အစွန်းလည်း ကျန်နိုင်နေတာကြောင့် သူဌေးတွေရဲ့ စိတ်ဝင်စားမှုရလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ဥရောပနဲ့ အမေရိကမှာရှိတဲ့ အားကစားအသင်းပိုင်ဆိုင်သူ အများစုက စီးပွားရေးအရလည်း တွက်ချေ ကိုက်နေသလို လူမှုပတ်ဝန်းကျင်မှာလည်း အများက လက်ခံသဘောကျနေသူတွေအဖြစ် ရပ်တည်လာနိုင်ကြတာလည်း ဖြစ်ပါတယ်။
မက်သရူးနဲ့ စကားပြောဖူးတဲ့ သူဌေးတယောက်ကတော့ အားကစားအသင်းတသင်းကို အမြတ်အစွန်းရချင်လို့ ရည်ရွယ်ချက်နဲ့ ဘယ်တော့မှမဝယ်နဲ့၊ ဒီအသင်းရဲ့ပွဲတွေမှာ ရှေ့ဆုံးက ထိုင်ခွင့်ရမယ်၊ လိုအပ်ချက်တွေ ဖြည့်ပေးမယ်၊ နာမည်ကျော် ကစားသမားတွေနဲ့ ရင်းနှီးမှုရမယ်၊ ဒီလိုနဲ့ အမြတ်အစွန်းက ပြန်ရလာတယ်လို့ ပြောဖူးကြောင်း မက်သရူးက ပြောပါတယ်။
စစ်တမ်းအရတော့ လက်ရှိ ကမ္ဘာမှာဘီလျှံနာ ၁၅၀၀ ကျော် ရှိနေပြီး ၁၀၉ ဦးက ကမ္ဘာတဝှမ်းက နာမည်ကျော် အားကစားအသင်းပေါင်း ၁၄၀ ထိအောင် ဝယ်ယူထားတယ်လို့ သိရပါတယ်။
သူဌေးတယောက် အားကစား အသင်းတသင်း ပိုင်ဆိုင်တဲ့ ပျမ်းမျှသက်တမ်းကတော့ ၆၈ နှစ်ဖြစ်တယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားတာတွေရပြီး နောက်ပိုင်းမှာ အားကစားအသင်းတွေအနေနဲ့ ဘီလျှံနာတွေလက်ထဲကို ပိုမို ရောက်ရှိ ပိုင်ဆိုင်သွားဖိ့ု ရှိနေတယ်လို့လည်း စစ်တမ်းက သုံးသပ်ထားတာ တွေ့ရပါတယ်။
အမေရိကန်အခြေစိုက် Business Insider သတင်းတွင် ဖော်ပြထားသည့် Billionaires are buying sports teams for different reasons than they used to ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။