၁၉၄၉ ခုနှစ်ကနေ စတင်ပြီး ကျင်းပလာခဲ့တဲ့ ကမ္ဘာ့ဆိုင်ကယ်မောင်း ပြိုင်ပွဲကြီး GP (Grand Prix) ရဲ့ ပြိုင်ပွဲမှာ အောင်မြင်မှု အများဆုံး ရယူထားပြီး သမိုင်းတလျှောက် အကောင်းဆုံး၊ အတော်ဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ ဆိုင်ကယ်မောင်း အားကစားသမားတွေ အကြောင်း ပြောပြပါမယ်။
(၁၀) Casey Stoner ။ ။ သူက သြစတြေးလျ နိုင်ငံသား တဦး ဖြစ်ပြီး၊ ပြိုင်ပွဲစုံမှာ ၄၅ ကြိမ်ထိ အနိုင်ရထားသူ ဖြစ်ပါတယ်။ ထူးခြားချက်က သူ့ အနေနဲ့ အသက် ၂၇ နှစ် အရွယ်မှာပဲ ဆိုင်ကယ်မောင်းသမား ဘဝကနေ အနားယူဖိ့ု ဆုံးဖြတ်ခဲ့တာ တွေ့ရပါ တယ်။ Jim Redman နဲ့ အတူတူ ပြိုင်ပွဲစုံ ၄၅ ပွဲထိ အနိုင်ရထားပါတယ်။ ဒါပေမယ့် ကာဆေးက ထိပ်တန်းအဆင့်ရှိ ဆိုင်ကယ်တွေနဲ့ ပြိုင်ပွဲ ၃၈ ပွဲမှာ စီးနင်းဗိုလ်စွဲထားလို့ သူ့ကို အဆင့် ၁၀ နေရာ ပေးလိုက်တာ ဖြစ်ပါတယ်။
(၉) Marc Marquez ။ ။ သူက စပိန် နိုင်ငံသား တဦး ဖြစ်ပြီး အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ ဒီတော့ နောက်ထပ် နိုင်ပွဲတွေ အများကြီး ရနိုင်သေးသလို အခုလည်း အနားမယူသေးတဲ့ ဆိုင်ကယ်မောင်းသမားပါ။ ပြိုင်ပွဲစုံ ပွဲ ၅၀ ထိ နိုင်ထား ပါတယ်။ ဒီထဲက ၂၄ ပွဲကပဲ Moto GP လို ပြိုင်ပွဲကြီးမှာ အနိုင်ရထားတာ ဖြစ်လို့ သူ့ အနေနဲ့ ပြိုင်ပွဲကြီးတွေ ထပ်တိုးဖို့ ရှိနေပါ သေးတယ်။ GP ပြိုင်ပွဲမှာတော့ သူက အဆင့် ၉ ဆင့်မြောက် အအောင်မြင်ဆုံး ဖြစ်နေပေမယ့် Moto GP ပြိုင်ပွဲမှာတော့ သူ့ရဲ့ အောင်မြင်မှုက အဆင့် ၁၁ ပဲ ရှိပါသေးတယ်။
(၈) Dani Pedrosa ။ ။ သူကလည်း စပိန် နိုင်ငံသား တဦး၊ ဂျပန် အခြေစိုက် Honda ကုမ္ပဏီရဲ့ လက်စွဲတော် ဆိုင်ကယ် မောင်းသမားပါ။ ကုမ္ပဏီရဲ့ မော်ဒယ်တွေကို မောင်းနှင်ပြိုင်ပွဲ ဝင်သူတွေထဲမှာလည်း သမိုင်းတလျှောက် ဒုတိယ အောင်မြင်မှု အများဆုံး မောင်းနှင်သူ အဖြစ် မှတ်တမ်း ဝင်နေပါတယ်။ အသက် ၂၆ နှစ်ပဲ ရှိသေးပြီး လက်ရှိလည်း အနား မယူသေးတာ ကြောင့် နောက်ထပ် အောင်မြင်မှုတွေ ရဖို့ ရှိနေသေးပါတယ်။
(၇) Phil Read ။ ။ ဗြိတိန်နိုင်ငံသား တဦး ဖြစ်ပြီး ဗြိတိန်ရဲ့ အအောင်မြင်ဆုံး ဆိုင်ကယ် မောင်းသမားလို့ ဆိုရမှာပါ။ ပြိုင်ပွဲစုံ ၅၂ ပွဲထိ အနိုင်ရထားပါတယ်။ GP ပြိုင်ပွဲတွေထဲက ၁၂၅ စီစီသုံး အင်ဂျင်တပ် ပြိုင်ပွဲ၊ ၂၅၀ စီစီသုံး လေးလုံးထိုး အင်ဂျင်တပ် ပြိုင်ပွဲ၊ ၅၀၀ စီစီသုံး နှစ်လုံးထိုး အင်ဂျင်တပ် ပြိုင်ပွဲတွေမှာ အနိုင်ရထားတာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်မှာ တင် ၅၀၀ စီစီသုံး အင်ဂျင်တပ် ပြိုင်ပွဲမှာ ၁၁ ကြိမ်ထိအောင် အနိုင်ရ စံချိန်တင်ထားတာ ဖြစ်ပါတယ်။
(၆) Mick Doohan ။ ။ သူက သြစတြေးလျ နိုင်ငံသား တဦး ဖြစ်ပြီး ပြိုင်ပွဲစုံ ၅၄ ပွဲထိအောင် အနိုင်ရထားတာ ဖြစ်ပါတယ်။ ကံ မကောင်းချင်တော့ ဆိုင်ကယ်သမားဘ၀ တလျှောက် သူ့ အနေနဲ့ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး အဆိုပါ ဒဏ်ရာ ပြသနာတွေသာ မရှိရင် Rainy နဲ့ Schwantz တို့လို ပိုမို များပြားတဲ့ နိုင်ပွဲတွေ ရဖို့ ရှိခဲ့တာပါ။ အထူးသဖြင့်တော့ ၅၀၀ စီစီသုံး အင်ဂျင်တပ် ပြိုင်ပွဲတွေမှာ သူ့ရဲ့ နိုင်ပွဲတွေ အများဆုံး တွေ့ရပါတယ်။
(၅) Jorge Lorenzo ။ ။ သူက စပိန်နိုင်ငံသား တဦး ဖြစ်ပါတယ်။ အခုချိန်ထိ ပြိုင်ပွဲ ဝင်နေသေးသူ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ လိုရန်ဇို တယောက် အဆင့် ၄ နေရာ ရောက်လာမယ် လို့ ထင်မိပါတယ်။ Stoner, Rossi နဲ့ Marquez တို့လို တော်တဲ့ ဆိုင်ကယ် မောင်းသမားပါ။ နိုင်ပွဲ စုစုပေါင်း ၆၀ ရထားပြီး ဒီထဲက ၃၈ ပွဲက Moto GP လို ပြိင်ပွဲတွေမှာ အနိုင်ရထားတာလည်း ဖြစ်ပါတယ်။
(၄) Mike Hailwood ။ ။ သူ အင်္ဂလန်နိုင်ငံသားပါ။ ပြိုင်ပွဲရဲ့ အဆင့် ၅ နေရာက လိုရန်ဇို အနေနဲ့ ကျော်ဖြတ်ရမယ့် အနားယူ သွားပြီ ဖြစ်တဲ့ ဆိုင်ကယ်မောင်းသမား မိုက်ရဲ့ စံချိန်က နိုင်ပွဲ စုစုပေါင်း ၇၆ ပွဲထိအောင် ရထားတာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲတွေထဲက ၃၇ ပွဲက ၅၀၀ စီစီသုံး အင်ဂျင်တပ် ပြိုင်ပွဲတွေမှာ အနိုင်ရထားတာ ဖြစ်ပါတယ်။
(၃) Angel Nieto ။ ။ သူကတော့ စပိန်နိုင်ငံကပါ။ နောက်ထပ် နှစ်တွေ ကြာသည့်တိုင်အောင် အဆင့် ၃ နေရာက ဖယ်ပေးဖို့ မရှိသေးပါဘူး။ နိုင်ပွဲ စုစုပေါင်း ၉၀ ထိအောင် ရထားလို့ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အန်ဂဲလ်တယောက် ၅၀၀ စီစီသုံး အင်ဂျင်တပ် ပြိုင်ပွဲတွေမှာ နိုင်ပွဲတွေ အများအပြား ရခဲ့ပေမယ့် ၂၅၀ စီစီသုံး ပြိုင်ပွဲမှာတော့ တကြိမ်မှ အနိုင်မရဖူးခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းသမား အဖြစ် ၂၂ နှစ်တာ ဖြတ်သန်းခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ၁၃ ကြိမ်ထိ ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။
(၂) Valentino Rossi ။ ။ အီတလီနိုင်ငံသား ဖြစ်ပြီး သူဟာ ပြိုင်ပွဲစုံ ၁၁၂ ပွဲ အနိုင်ရထားသလို လက်ရှိလည်း ပြိုင်ပွဲဝင်နေဆဲ ဆိုင်ကယ် သမားပါ။ အခုလို အောင်မြင်မှုတွေ ဆက်လက် ရယူနိုင်မယ် ဆိုရင် အဆင့် ၁ နေရာကိုတောင် စိန်ခေါ်နိုင်လာဖို့ ရှိနေ ပါတယ်။ အနိုင်ရခဲ့တဲ့ ပြိုင်ပွဲတွေထဲက ၈၆ ပွဲက ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတွေမှာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
(၁) Giacomo Agostini ။ ။ ပြိုင်ပွဲစုံ ၁၂၂ ပွဲထိအောင် အနိုင်ရပြီး ကမ္ဘာ့ အကောင်းဆုံး ဆိုင်ကယ်မောင်းသမား အမည်ကို ရယူထားနိုင်သူပါ။ သူလည်း အီတလီနိုင်ငံသားပါပဲ။ ရော့စီကတော့ ဂီယာကိုမိုရဲ့ အောင်မြင်မှုကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ၁၉၆၆ ကနေ ၁၉၇၅ ခုနှစ် အတွင်း ကမ္ဘာ့ချန်ပီယံ ၁၅ ကြိမ် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ ၃၅၀ စီစီသုံးနဲ့ ၅၀၀ စီစီသုံး အင်ဂျင်တပ် ပြိုင်ပွဲတွေမှာ အများဆုံး နိုင်ပွဲရထားပါတယ်။ Moto GP လို ပြိုင်ပွဲမှာတော့ သူက ၆၈ ပွဲပဲ နိုင်ထားတာ တွေ့ရ ပါတယ်။
Ref: www.visordown.com