၁၉၅၈ ခုနှစ်နှစ် နောက်ပိုင်း နှစ်ပေါင်း ၆၀ အတွင်း နာမည်ကျော် ဘောလုံးအသင်း အီတလီဟာ ၂ဝ၁၈ မှာပြုလုပ်မယ့် ကမ္ဘာ့ဖလား ဝင်ခွင့်ကနေ လွဲချော်ခဲ့ရပါပြီ။ ကမ္ဘာ့ဖလားကို ၄ ကြိမ်ထိအောင် ရယူထားနိုင်သူ ဥရောပရဲ့ အင်အားကြီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ကပဲ ဆွီဒင် အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးလို့ ကမ္ဘာ့ဖလား ဝင်ခွင့် ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို အီတလီကို ပြိုင်ပွဲကနေ ထွက်သွားရစေဖို့ အဓိက ဒုက္ခပေးသွားတဲ့ အသင်းအနေနဲ့ ဆွီဒင်လ့ို သတ်မှတ်နိုင်ပြီး အီတလီရဲ့ နောက်ဆုံး ပွဲစဉ် ရလဒ်တွေကို ကြည့်မယ်ဆိုရင်လည်း ဥရုဂွေး၊ အစ္စရေးနဲ့ အယ်လ်ဘေးနီးယားလို အသင်းတွေကိုတောင် အနိုင်ရထားခဲ့ပြီး မက်ဆီဒိုးနီးယားကို မထင်မှတ်ဘဲ သရေကျမှုနဲ့ နာမည်ကြီး စပိန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာတွေကလွဲရင် အခြားပွဲတွေမှာ ရလဒ်ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။
သို့ပေမယ့် ဆွီဒင်နဲ့ ပွဲစဉ်များမှာတော့ အီတလီအတွက် အဝေးကွင်း၊ ဆွီဒင်ရဲ့အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ရပြီး အခု ပြီးခဲ့တဲ့ တနင်္လာနေ့က ပွဲစဉ်မှာတော့ အီတလီအသင်းဟာ ဆွီဒင်ကို ကိုယ့်အိမ်ကွင်းမှာ လက်ခံ ကစားခဲ့သည့်တိုင်အောင် အနိုင်ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိဘဲ ဂိုးမရှိ သရေ ရလဒ်ပဲ ရယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဝင်ခွင့် အနေနဲ့ဆိုရင် အီတလီအသင်းဟာ ၁၉၅၈ ခုနှစ်က ဆုံးရှုံးခဲ့ဖူးကာ ယခုအကြိမ်ဆုံရှုံးရခြင်းကတော့ ၁၉၅၈ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးအဖြစ် ဝင်ခွင့်ဆုံးရှုံးရခြင်းဖြစ်ပါတယ်။
နာမည်ကျော် အီတလီအသင်းဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ဆုဖလား ရယူနိုင်မှု အနေအထားအရ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်းစာရင်းမှာ ရှိနေပေမယ့် အခု နောက်ပိုင်း ဆယ်စုနှစ်တွေမှာတော့ ခြေစွမ်းပိုင်း ကျဆင်းလာပြီး အောင်မြင်မှု ဝေးကွာလာတယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အီတလီအနေနဲ့ ၁၉၈၄ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တွေမှာ ဥရောပဖလား ဝင်ခွင့်တွေလည်း မရထားခဲ့လို့ပါ။
အီတလီအသင်းရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၆ ခုနှစ်အတွင်းက ၄ ကြိမ်မြောက် ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တာ တွေ့ရပြီး နောက်ထပ် ၂ဝ၁ဝ၊ ၂ဝ၁၄ တွေမှာတော့ အုပ်စု အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာ တွေ့ရပါတယ်။ ဥရောပဖလားမှာတော့ ၂ဝ၁၂ ခုနှစ်က ဖိုင်နယ်ထိအောင် ရောက်ခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒုတိယနဲ့ပဲ အိမ်ပြန်လာခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တွေက ဆီးမီးဖိုင်နယ်ထိအောင် ရောက်ရှိထားသလို အစဉ်အလာကြီးမားတဲ့ အီတလီကို အခုလို ကမ္ဘာ့ဖလားဝင်ခွင့် ဆုံးရှုံးသွားမယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်မှု အနေအထားကို ကြည့်မယ်ဆိုရင်လည်း အီတလီဟာ ဥရောပမှာ ဂျာမနီ ပြီးရင် အကြိမ်ရေ အများဆုံး ဝင်ရောက်ခွင့် ရထားခဲ့သူဖြစ်ပြီး အခုထိအောင် ၁၈ ကြိမ်တိုင် ဝင်ပြိုင်ခွင့်ရထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ၂၀၁၈ ကမ္ဘာ့ဖလား ဝင်ခွင့်လွဲသွားခြင်းကတော့ အကြိမ်ရေ အများဆုံး ဝင်ခွင့် ရထားသူ ဘရာဇီး(၂၁ ကြိမ်)နဲ့ ဂျာမနီ(၁၉ ကြိမ်)တို့ကို လိုက်မီဖို့ နောက်ကျသွားစေပါတယ်။ ဒါ့အပြင် အာဂျင်တီးနား(၁၇ ကြိမ်)၊ မက္ကဆီကို (၁၆ ကြိမ်)၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်(၁၅ ကြိမ်)တို့ကလည်း အနီးကပ် ဖိအားပေးလာနိုင်သွားပါတယ်။ ဒါက ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိမှု အကြိမ်ရေအတွက် အပိုင်း ဖြစ်ပြီး ကမ္ဘာ့ဖလား ရယူနိုင်မှုအပိုင်းမှာ ဆိုရင်လည်း ဘရာဇီးအသင်းက အခုချိန်ထိအောင် ၅ ကြိမ်ထိတိုင် တသင်းတည်းသော အများဆုံး ဆုဖလားရယူထားနိုင်သူ အဖြစ် ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ ဂျာမနီနဲ့ အီတလီတို့က ၄ ကြိမ်စီနဲ့ ပူးတွဲ ဒုတိယ၊ အာဂျင်တီးနား၊ ဥရုဂွေးတို့က ၂ ကြိမ်စီနဲ့ တတိယနေရာတွေမှာရှိနေပြီး အင်္ဂလန်၊ ပြင်သစ်၊ စပိန်တို့က ၁ ကြိမ်စီနဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရထားတာ ဖြစ်ပါတယ်။
နောက်ဆုံး ပွဲစဉ်ရလဒ်တွေအရ အီတလီရဲ့ ခြေစွမ်းဟာ ကမ္ဘာ့ဖလားကို စိန်ခေါ်နိုင်လောက်အောင် ကောင်းမွန်မှု မရှိသေးဘူး ဆိုပေမယ့် ဝင်ခွင့်ရထားမယ် ဆိုရင်တော့ ချန်ပီယံ မျှော်လင့်ချက် အနည်းနဲ့အများ ရှိနေဦးမှာဖြစ်သော်လည်း အခုလို ဝင်ခွင့် ဆုံးရှုံးသွားခြင်းက ချန်ပီယံ ၅ ကြိမ်မြောက်ဆိုတဲ့ အိပ်မက်ကို အဆုံးသတ်သွားစေနိုင်ပါတယ်။
အခုနှစ်ပိုင်းတွေအတွင်းမှာ ဘရာဇီးရဲ့ ဘောလုံးခြေစွမ်း ဒီလောက် မဟုတ်ပေမယ့် အဓိကက ၄ ကြိမ်စီ ဖလားရယူထားတဲ့ ဂျာမနီရဲ့ ခြေစွမ်းကိုတော့ စောင့်ကြည့်ရဖို့ ရှိနေပြီး စပိန်၊ အာဂျင်တီးနားတို့လည်း ကမ္ဘာ့ဖလားအတွက် မျှော်လင့်ချက် ကောင်းကောင်း ရှိနေကြတာဖြစ်ပါတယ်။
လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားကိုတော့ အီတလီသားတွေ မိမိအသင်းကို အားပေးစရာ မရှိတော့လို့ အခြား အသင်းတွေရဲ့ ပွဲတွေကိုပဲ ရင်ခုန်ရဖို့ ကျန်ရှိတော့တာပဲ ဖြစ်ပါတယ်။
www.globalnews.com တွင်ဖော်ပြထားတဲ့ Italy fails to qualify for World Cup for first time since 1958 ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။