အားကစား

ဖြတ်မျဉ်းအသင်းတွေ မွေးထုတ်ပေးနေတဲ့ နယ်သာလန်က အာရီဒီဗိုက်စီ

Want create site? Find Free WordPress Themes and plugins.

အင်္ဂလိပ်လို Honor Division လို့ ခေါ်တဲ့ နယ်သာလန် ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ အာရီဒီဗိုက်စီ (Eredivisie) က နယ်သာလန် ပြည်တွင်းမှာ အဆင့် အမြင့်ဆုံး ဖြစ်ပါတယ်။ မြန်မာလိုတော့ “တိုင်းဂုဏ်ရောင်” လို့ ခေါ်ရင် ရမယ် ထင်ပါတယ်။ အာရီဒီဗိုက်စီ ကို ၁၉၅၆ ခုနှစ်ကမှ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ၁၉၅၈ ခုနှစ်ကနေ စတင်ပြီး ဘောလုံးပွဲတွေ ယှဉ်ပြိုင်လာခဲ့တာပါ။

အင်္ဂလန် ပရီးမီးယားလိဂ်လောက် သက်တမ်း မရင့်ပေမယ့် ဥရောပမှာတော့ ပရိတ်သတ် အခိုင်အမာရှိပါတယ်။ ပြီးတော့ ဥရောပအဆင့် ဘောလုံးပြိုင်ပွဲ ဝင်ခွင့်လည်း ရနေပါတယ်။ အထူးသဖြင့် နယ်သာလန် ကလပ် အသင်းတွေက ဖြတ်မျဉ်းတွေ အဖြစ် နာမည်ကြီးပြီး အသင်းကြီးတွေကို အကောင်းဆုံး ဒုက္ခပေးနိုင်ကြတာလည်း တွေ့ရပါတယ်။

၂၀၁၅-၁၆ ခုနှစ် ဘောလုံးရာသီ အကုန်ကနေ စတင်ပြီး နယ်သာလန် အမှတ်ပေးပြိုင်ပွဲဟာ ဥရောပမှာ အဆင့် ၁၃ ထိ အကောင်းဆုံး ပွဲစဉ် အဖြစ် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က သတ်မှတ်ပါတယ်။ သက်တမ်းက ၆၁ နှစ် ရှိပြီ ဖြစ်တဲ့ အာရီဒီဗိုက်စီ ဘောလုံးပြိုင်ပွဲဟာ UEFA ရဲ့ လက်အောက်ခံ အသိအမှတ်ပြု ပွဲစဉ် တခုအဖြစ် ယှဉ်ပြိုင်နေတာ ဖြစ်ပြီး သူ့အောက်မှာ တဆင့်နိမ့် အမှတ်ပေးဘောလုံးပြိုင်ပွဲ Ereste Divisie ရှိနေပါတယ်။

ဆိုလိုတာက တဆင့်နိမ့် အမှတ်ပေးပြိုင်ပွဲ ရှိသေးတဲ့ အတွက် တန်းဆင်း၊ တန်းတက် စနစ် ရှိမယ်၊ ပြိုင်ဆိုင်မှု ပြင်းထန်မယ် ပေါ့။ အမှတ်ပေးချန်ပီယံက ဥရောပ ဝင်ခွင့်ရမယ်၊ ဇယားအောက်ဆုံးက အသင်းတွေက သတ်မှတ်ချက် အတိုင်း တန်းဆင်း ရမယ်၊ ဒီတော့ ဥရောပ ဝင်ခွင့် အတွက်၊ တန်းမဆင်းရရေး အတွက် ယှဉ်ပြိုင်မှု ပြင်းထန်လာကြပါတယ်။ ဒါအပြင် အခြား ပြည်တွင်းဖလားပွဲစဉ်တွေ ဖြစ်တဲ့ KNVB Cup နဲ့ Johan Cruyff Shield တွေကိုလည်း ဝင်ခွင့် ရပါသေးတယ်။

UEFA ကနေ အသိတ်အမှတ်ပြုထားလို့ UEFA ကကျင်းပတဲ့ ချန်ပီယံလိဂ်ကိုလည်း တိုက်ရိုက် ဝင်ခွင့်ရတယ်၊ နောက်ပြီး သူ့ထက် တဆင့်နိမ့် ယူရိုပါလိဂ်ကိုလည်း ဝင်ခွင့်ရတယ်၊ လက်ရှိ နယ်သာလန် အာရီဒီဗိုက်စီရဲ့ ချန်ပီယံက ဖီယင်နု (Feyenoord) အသင်း ဖြစ်ပြီး ဒီ အသင်းက အခုတကြိမ် အပါအဝင် ချန်ပီယံဆုဖလား ၁၅ ကြိမ်ထိ ရယူထားနိုင်တာတွေ့ရ ပါတယ်။ ဒါပေမယ့် ချန်ပီယံ အများဆုံး ဖြစ်ထားတဲ့ အသင်းတော့ မဟုတ်ပါ။

ဥရောပအဆ့င်မှာလည်း အောင်မြင်သလို ကမ္ဘာမှာပါ လူသိများတဲ့ အေဂျက် (Ajax) အသင်းက နယ်သာလန် အာရီဒီဗိုက်စီ မှာ အောင်မြင်မှု အများဆုံး ရထားတဲ့ အသင်း ဖြစ်ပြီး ဆုဖလား ၃၃ ကြိမ်ထိ အများဆုံးရထားတာ ဖြစ်ပါတယ်။

အာရီဒီဗိုက်စီ မှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ အသင်းပေါင်း ၁၈ သင်း ရှိပါတယ်။ ပုံမှန် အတိုင်း အသင်းတသင်းက ဘောလုံး ရာသီ တခုမှာ အိမ်ကွင်း၊ အဝေးကွင်း လက်ခံ ကစားရတယ်၊ ၂ ကြိမ် တွေ့ဆုံမှု ရှိတယ်။ ရာသီသိမ်းချိန် ဇယား အောက်ဆုံးက အသင်းအနေနဲ့ တိုက်ရိုက် တန်းဆင်းတယ်၊ အောက်က ပြိုင်ပွဲ Ereste Divisie က ချန်ပီယံအသင်း ကလည်း တိုက်ရိုက် တန်းတက်ခွင့် ရတယ်။

အာရီဒီဗိုက်စီ က အဆင့် ၁၆ နဲ့ ၁၇ နေရာ ရပ်တည်သူ ၂ သင်းက တဆင့်နိမ့် Ereste Divisie က အဆင့် ၂ နဲ့ ၃ နေရာက အသင်း ၂ သင်းနဲ့ စုစုပေါင်း ၄ သင်း ရှုံးထွက် ကန်ပြီး ရှုံးသူက တန်းဆင်း၊ နိုင်သူက တန်းတက်ခွင့် ရမှာပါ။ ဒီတချက်ကတော့ လူသိများတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ မတူတဲ့ အချက်ပါ။ ပရီးမီးယားလိဂ်မှာတော့ အောက်ဆုံး ၃ သင်းက တန်းဆင်းသလို၊ ချန်ပီယံရှစ်က ၃ သင်းက တန်းတက်ပါတယ်။ ပရီးမီးယားလိဂ်က ၂ သင်း၊ ချန်ပီယံရှစ်က ၂ သင်း၊ စုစုပေါင်း ၄ သင်း စုပြီး ရှုံးထွက် မကန်ကြပါဘူး။

နယ်သာလန် ကလပ်တွေထဲမှာ အောင်မြင်မှု အများဆုံး အသင်းတွေက ကြီး ၃ ကြီး အဖြစ် သတ်မှတ်တဲ့ အေဂျက်၊ ဖီယင်နု နဲ့ PSV တွေပဲ ဖြစ်ပါတယ်။ ဒီအသင်း ၃ သင်းပဲ ချန်ပီယံဆုကို အများဆုံး ရယူထားနိုင်ကြပါတယ်။ ၁၉၈၁ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်မှာ AZ အသင်းက ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးတာနဲ့ FC Twente က ၂၀၁၀ ခုနှစ်မှာ ချန်ပီယံ ဖြစ်ဖူးတဲ့ ၃ နှစ်ပဲ ရှိပြီး ကျန်တဲ့ ပွဲစဉ် သက်တမ်း တလျှောက်မှာတော့ ကြီး ၃ ကြီးကပဲ ဆုဖလားတွေ ရယူထားခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပစဉ် သက်တမ်းအတွင်း အာရီဒီဗိုက်စီကို နာမည်ပြောင်းလဲ ခေါ်ဆိုတာလည်း ရှိခဲ့ပါတယ်။ ၁၉၉၀ ကနေ ၁၉၉၉ ခုနှစ်ထိ PTT Telecom က စပွန်ဆာပေးလို့ PTT Telecompetitie လို့ ခေါ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် KPN က စပွန်ဆာပြောင်းတော့ KPN အာရီဒီဗိုက်စီ ဖြစ်လာပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ Holland Casino က စပွန်ဆာပေးလို့ Holland Casino အာရီဒီဗိုက်စီ ဖြစ်ပြန်ပါတယ်။

အဲဒီမှာ လောင်းကစားလုပ်ငန်း အမည်ကို ပြိုင်ပွဲအမည်မှာ ထည့်သွင်း ခေါ်ဝေါ်မှုကို နယ်သာလန် အစိုးရက ကန့်ကွက်လာ လို့ နောက်တော့ အာရီဒီဗိုက်စီ လို့ပဲ ပြန်ခေါ်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အာရီဒီဗိုက်စီအဖွဲ့ချုပ်နဲ့ Rupert Murdoch တို့ သဘောတူညီချက် ရပြီး၊ ကုမ္ပဏီက ၂၀၁၃-၁၄ ဘောလုံးရာသီကနေ ၁၂ တာ စာချုပ်နဲ့ အာရီဒီဗိုက်စီကို စပွန်ဆာပေး သလို စပွန်ဆာကြေးက ၁၂ နှစ်စာ ယူရို ၁ ဘီလီယံ ရှိပါတယ်။ ထူးခြားချက်ကတော့ အဆိုပါ ကုမ္ပဏီက ပြိုင်ပွဲကိုတင် ၁ ဘီလီယံ စပွန်ဆာပေးရုံတင် မဟုတ်ပဲ နှစ်စဉ် အမှတ်ပေးဇယား ထိပ်ဆုံး အသင်း ၅ သင်းကိုလည်း ယူရို ၅ သန်းစီ ဆုကြေး ပေးသေးတာ ဖြစ်ပါတယ်။

ဘောလုံးကွင်းတွေ အနေနဲ့တော့ နာမည်ကြီး အသင်းတွေမှာပဲ အိမ်ကွင်း အကြီးစားတွေ ရှိပြီး အေဂျက်ရဲ့ အိမ်ကွင်းက ပရိတ်သတ် ၅၂၅၀၂ ဦးဆံ့တယ်၊ ဖီယင်နုကွင်းက ၅၁၁၃၇ ဦးဆံ့တယ်၊ PSV ရဲ့ ကွင်းက ၃၆၅၀၀ ဦးဆံ့တယ်၊ တွမ်းတီး ကွင်းက ၃၀၂၀၅ ဦးဆံ့ပါတယ်။ အခြား အသင်းတွေရဲ့ ကွင်းတွေကတော့ ပရိတ်သတ် ၁ သောင်းကျော် ၂ သောင်းပဲ ဆံ့ကြပါတယ်။

ပရိတ်သတ် အများဆုံး ရှိနေတဲ့ အသင်းတွေမှာလည်း အေဂျက်၊ ဖီယင်နုနဲ့ PSV တွေ အစဉ်လိုက် ရှိနေတာပါ။ ပြိုင်ပွဲ တလျှောက် ပွဲအများဆုံး ကစားထားသူက Pim Doesburg ဖြစ်ပြီး အဆိုပါ ဂိုးသမားက ပွဲပေါင်း ၆၈၇ ပွဲ ဖမ်းထားပါတယ်၊ ဂိုး အများဆုံး သွင်းထားသူက ပွဲပေါင်း ၅၄၅ ပွဲ ကစားထားတဲ့ Willy van der Kuijlen က ၃၁၁ ဂိုးထိ သွင်းထားတာ တွေ့ရ ပါတယ်။

Ref: www.em.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading