ပြည်တွင်းမှာတော့ အခုအသင်း PFC CSKA Moscow ကို အတိုကောက် အသံထွက် CSKA အနေနဲ့ပဲ လူသိများပါတယ်။ နာမည် အရှည်ကောက်ကတော့ Professional Football Club Central Sport Club of the Army, Moscow ဖြစ်ပါတယ်။ ရုရှ အခြေစိုက် အမှတ်ပေး ပြိုင်ပွဲဝင် အဆင့်မြင့် ဘောလုံးအသင်း တသင်းပါ။
ရုရှနိုင်ငံ၊ မော်စကိုမြို့ အခြေစိုက် ဘောလုံးအသင်း တသင်း ဖြစ်ပြီး အိမ်ကွင်း အဖြစ် ပရိတ်သတ် ၃ သောင်းဆံ့တဲ့ Arena CSKA ကွင်းမှာ လက်ခံကစားပါတယ်။ နာမည်ပြောင် အနေနဲ့ Horsesလို့ အဓိပ္ပာယ်ရတဲ့ Koni အဖြစ်ရောလူသိများသလို အနီ-အပြာများ လို့ အဓိပ္ပာယ်ရတဲ့ Krasno-sinie လို့လည်း လူသိများ ပါတယ်။ အသင်းက ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ကတည်းက တည်ထောင်ထားတာ ဖြစ်လို့ အခုဆိုရင် သက်တမ်း ၁၀၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။
CSKA အသင်းကို VadimGiner က ပိုင်ဆိုင်ထားပါတယ်။ အသင်းနည်းပြ အဖြစ် Viktor Goncharenko က တာဝန်ယူ နေပါတယ်။ ရုရှ ပြည်တွင်း အမြင့်ဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲ ရုရှ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ဘောလုံးရာသီမှာ အဆင့် ၂ နဲ့ ရာသီသိမ်းထားပါတယ်။ ရုရှ အခြေစိုက် ကလပ်အသင်းတွေထဲမှာ အောင်မြင်မှု အများဆုံး အသင်းတွေထဲက တသင်းဖြစ်သလို ရုရှ ကလပ် အသင်း ကြီး ၃ ကြီး စာရင်းဝင်လည်း ဖြစ်ပါတယ်။
UEFA က ကျင်းပတဲ့ ချန်ပီယံလိဂ်ရော၊ ယူရိုပါလိဂ်မှာပါ အမြဲလိုလို ဝင်ခွင့်ရနေလို့ ပြည်တွင်းက ပရိတ်သတ်တွေနဲ့လည်း မစိမ်းပါဘူး။ အထူးသဖြင့်တော့ ဒုတိယကမ္ဘာစစ်မှာ ဂျာမနီကို ကောင်းကောင်းဒုက္ခ ပေးသွားတဲ့ ရုရှရဲ့ ရာသီဥတုအနေအထားက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရဲ့ ရှုံးထွက်နဲ့ အဆင့်မြင့် ပြိုင်ပွဲတွေ ကစားရတဲ့ ဒီဇင်ဘာလို ကာလတွေမှာ ရုရှ ကလပ်တွေက အိမ်ကွင်းမှာ ဥရောပထိပ်တန်း အသင်းကြီးတွေကို အေးခဲတဲ့ ဒဏ်နဲ့ ကောင်းကောင်းအသာစီး ရယူကစားနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလို အသင်းကြီးတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်တဲ့ အသင်းတွေထဲက CSKA ကို ထိပ်ဆုံးနေရာက ထားရင်တောင် ရနိုင်လောက်အောင် ခြေစွမ်းက အိမ်ကွင်းမှာ ပိုမာပါတယ်။
အသင်းက အိမ်ကွင်းမှာအကျႌကိုအပြာပေါ်မှာ အနက်ရောင် အစင်းသေးတွေနဲ့ ဝတ်တယ်၊ ဘောင်းဘီနဲ့ ခြေအိတ်က အနီ၊ အဝေးကွင်းမှာတော့ ဝတ်စုံပြည့် အနီ ဝတ်ဆင်ပြီး အပြာရောင် အနားကွပ်လေးတွေ ပါရှိပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ အခုခေတ် ဘောလုံးလောကမှာတော့ CSKA အနေနဲ့ နှစ်တိုင်း ချန်ပီယံ မဖြစ်ပေမယ့် သမိုင်းတလျှောက် အောင်မြင်မှု အများဆုံး အချိန်ကတော့ ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ပြီးဘောလုံး ၆ ရာသီမှာ ချန်ပီယံ ၅ ကြိမ် ဖြစ်သည်ထိ အောင်မြင်ခဲ့ပါတယ်။ လက်ရှိရုရှ ပရီးမီးယားလိဂ် မဖြစ်ခင် Soviet Top League မှာလည်းချန်ပီယံ ၇ ကြိမ် ဖြစ်ဖူးတယ်၊ အခုရုရှ ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံ ၆ ကြိမ် ဖြစ်ထားတယ်၊ နောက်ပြီး ၂၀၀၄-၀၅ ဘောလုံး ရာသီ UEFACup ကိုရယူနိုင်သည်ထိ အောင်မြင်မှု ရှိခဲ့ပါတယ်။
အသင်းက လက်ရှိပိုင်ရှင်ဆီ မရောက်ခင် ရုရှမှာ ကွန်မြူနစ်တွေ စတင်ထွန်းကားချိန် CSKA ဆိုတာ စစ်တပ်ရဲ့ တရားဝင် ဘောလုံး အသင်း ဖြစ်ပါတယ်။ ရုရှ ကာကွယ်ရေး ဝန်ကြီးဌာနက ရှယ်ယာပိုင်ဆိုင်သူ သဘောမျိုးနဲ့ အသင်းကို ပိုင်ဆိုင်ထားတာ ပါ။ မူလက အသင်းရဲ့ ပထမဆုံး အိမ်ကွင်း Light Athletic Football Complex CSKA ဆိုတာ ပရိတ်သတ် ၄၆၀၀ ပဲ ဆံ့ပါတယ်။ နောက်တော့ ကြားထဲမှာ အိမ်ကွင်းတွေ ပြောင်းလဲ ကစားရင်း အခုလက်ရှိ အိမ်ကွင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ကမှ တရားဝင် ဖွင့်လှစ် လက်ခံကစားနေတာ ဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီ ၂၈ မှာတော့ အိမ်ကွင်းအမည်ကို VEB ကုမ္ပဏီထံ တရားဝင် ရောင်းချကြောင်း ကြေငြာခဲ့ပြီး ဘောလုံးကွင်း အမည်ကိုလည်း VEB Arena အမည် တရားဝင် စာတန်းထိုး ပါတယ်။
အသင်းရဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင်တော့ ရုရှပြည်တွင်း အမှတ်ပေးပြိုင်ပွဲ ပရီးမီးယားလိဂ်မှာ ၁၃ ကြိမ်တိုင် ဗိုလ်စွဲ ထားပါတယ်။ ဒါက အရင် Soviet Top League မှာ အနိုင်ရဗိုစ်စွဲခဲ့တဲ့ ၇ ကြိမ်ပါ ပေါင်းထည့်ထားတာ ဖြစ်ပါတယ်။ ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာ ၃ နှစ်ဆက်တိုက် နောက်ဆုံး ဖလားရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ တန်းဆင်းရချိန် Soviet First League မှာ ကစားချိန် ချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးတာ တွေ့ရပါတယ်။ Soviet Cup အဖြစ် အရင်က ခေါ်ခဲ့ပြီး အခု Russian Cup ကို ၁၂ ကြိမ် ရယူဖူးတယ်၊ Russian Super Cup ကိုလည်း ၂၀၁၄ ခုနှစ်က နောက်ဆုံးရခဲ့ပြီး စုစုပေါင်း ၆ ကြိမ် ရထားပါတယ်။ ဥရောပ အဆင့်မှာတော့ အထက်မှာ ပြောခဲ့သလို ၂၀၀၅ ခုနှစ်က UEFA Cup ရဖူးပါတယ်။
အသင်းအတွက် ပွဲအများဆုံး ကစားထားသူက Vladimir Fedotov ဖြစ်ပြီး ပွဲပေါင်း ၃၈၂ ပွဲထိအောင် ပါဝင် ကစားပေး ထားသလို အသင်း အတွက် ဂိုးအများဆုံး သွင်းထားသူအဖြစ် Grigory Fedotov က ၁၂၆ ဂိုးထိအောင် သွင်းယူပေးထားတာ တွေ့ရပါတယ်။
Ref: www.en.m.wikipedia.org