ပီရက်ဇ် (Florentino Perez) ရဲ့ နာမည် အပြည့်အစုံက ဖလိုရင်တီနို ပီရက်ဇ် ရိုဒရင်ဂုဇ် (Florentino Perez Rodriguez) ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး ကလပ် အသင်း တသင်း ဖြစ်တဲ့ စပိန် အခြေစိုက် ရီးရဲမက်ဒရစ်ရဲ့ အသင်း ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ပီရက်ဇ်ကို ရီးရဲအသင်းရဲ့ ဥက္ကဋ္ဌလို့လည်း ဆိုနိုင်သလို အသင်းပိုင်ရှင် အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။
အကြောင်းကတော့ ရီးရဲအကြောင်း ဖတ်ကြည့်တော့ အသင်းပိုင်ရှင် ဘယ်သူ ဆိုတာ ဖော်ပြ မထားပါ၊ နာမည်ကျော် အမေး၊ အဖြေ Website ဖြစ်တဲ့ Quora မှာ ဖော်ပြထားတာကတော့ ရီးရဲရော ဘာကာလို စပိန်အင်အားကြီး အသင်းတွေကို ပိုင်ဆိုင်သူတွေက အသင်း ပရိတ်သတ်တွေ ဖြစ်ကြောင်းနဲ့ ရှယ်ယာဝင် ပုံစံ ပရိတ်သတ် ၁ သိန်းကျော်က အသင်းကို ပိုင်ဆိုင်ထားပြီး ဒီပရိတ်သတ် (ရှယ်ယာဝင်) တွေကပဲ ဘယ်သူ့ကို ဘယ်တာဝန်ပေးမယ် ဆိုတာ ရွေးချယ် တင်မြှောက်ထားတယ် လို့ ဆိုပါတယ်။
ဒါဆိုရင်တော့ အသင်းမှာ အကြီးဆုံးတာဝန်နဲ့ ရာထူးကို ရယူထားနိုင်သူ ပီရက်ဇ်အနေနဲ့ အသင်းရဲ့ ရှယ်ယာ အများစုကို ပိုဆိုင်ထားတာကြောင့်လို့ ယူဆရပါတယ်။ ကောင်းပါပြီ၊ သူ့ အကြောင်း နည်းနည်း ဆက်ကြည့်ရအေင်ပါ။
၁၉၄၇ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မွေးပါတယ်၊ စပိန်လူမျိုး၊ စီးပွားရေးသမား၊ မြို့ပြအင်ဂျင်နီယာ တဦးပါ၊ အရင်က နိုင်ငံရေး လုပ်ပေမယ့် အခုတော့ အနားယူလိုက်ပြီလို့ ဆိုပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု တခု ဖြစ်တဲ့ Grupo ACS မှာရော ရီးရဲမက်ဒရစ်ရဲ့ ဥက္ကဋ္ဌ ရာထူးကိုပါ ရယူထားသူ ဖြစ်ပါတယ်။ သူက အသင်းကို ကစားသမားကောင်းတွေ ရဖို့ အတွက် ပြောင်းရွှေ့ကြေး အများအပြား အကုန်ခံ ခေါ်ယူသူ အဖြစ် နာမည်ရပါတယ်။
အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ပီရက်ဇ်က လက်ရှိ စပိန်နိုင်ငံ၊ မက်ဒရစ်မှာပဲ နေပါတယ်။ မက်ဒရစ်နည်းပညာ တက္ကသလိုလ်ကနေပဲ အင်ဂျင်နီယာဘွဲ့ ရခဲ့တာပါ။ ကမ္ဘာတလွှားမှာ ဘီလီယံနာ ၁၅၀၀ ကျော်ပဲ ရှိတဲ့ အထဲက တဦးဖြစ်ပြီး နောက်ဆုံး စာရင်းတွေ အရတော့ ၂၀၁၇ ခုနှစ် မေလထိ ပီရက်ဇ်ရဲ့ ချမ်းသာမှုက အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံထိ ရှိတယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ ဇနီးသည် Maria Angeles ကတော့ ၂၀၁၂ ခုနှစ် မေ ၂၂ ရက်က ဆုံးသွားခဲ့ပြီး သားသမီး ၃ ယောက် ရှိပါတယ်။
ရီးရဲအသင်းမှာ တာဝန် မယူခင် ကျောင်းသားဘဝမှာ မက်ဒရစ်နည်းပညာ တက္ကသလိုလ်မှာ ကျောင်းတက်နေတယ်၊ ၁၉၇၉ ရောက်တော့ နိုင်ငံရေး လောကထဲ ရောက်လာပြီး မက်ဒရစ်မြို့တော်ကောင်စီမှာ အလုပ်ဝင်သေးတယ်၊ အဲဒီ အချိန်မှာ ဒီမိုကရက်တစ် စင်တာမှာ နိုင်ငံရေး လေ့လာနေပြီလည်း ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်ရောက်တော့ စပိန် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တယ်၊ ဒီမိုကရက်တစ် ပြန်လည် ထူထောင်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်တယ်၊ နောက်တော့ နိုင်ငံရေး လောက ကနေ အနားယူလိုက်ပြီး ၁၉၉၃ ခုနှစ်မှာ OCP ဆောက်လုပ်ရေး လုပ်ငန်းမှာ လက်ထောက်ဥက္ကဋ္ဌ ဖြစ်လာပါတယ်၊ ၁၉၉၇ ခုနှစ်က စပြီး လက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ ACS မှာ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
ရီးရဲအသင်းနဲ့ ပတ်သတ်ရင်တော့ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသင်း ဥက္ကဋ္ဌ နေရာအတွက် ဝင်ရောက် အရွေးခံခဲ့သူ ပါ။ သူက အသင်းရဲ့ ဝင်ငွေ လျော့ကျနေမှုကို အကောင်းဆုံး ပြင်ဆင် တိုးတက်အောင် လုပ်မယ် လို့ ပြောခဲ့ပေမယ့် ပြိုင်ဘက် ရာမွန် မင်ဒိုဇာ (Ramon Mendoza) က ၆၉၉ မဲ ရလို့ ပီရက်ဇ်တစ်ယောက် အသင်း ဥက္ကဋ္ဌ ချက်ချင်း မဖြစ်ခဲ့ပါဘူး။
၂၀၀၀ ခုနှစ်မှာ လက်မလျော့ပဲ အသင်း ဥက္ကဋ္ဌ ထပ်မံ အရွေးခံပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ အောင်မြင်ပါတယ်။ လိုရင်ဇို ဆန်းဇ် (Lorenzo Sanz) ကို မဲအသာရပြီး အသင်း ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ လိုရင်ဇို ဆန်းဇ်ကလည်း ၁၉၉၈ နဲ့ ၂၀၀၀ တွေမှာ အသင်းရဲ့ ဥရောပအဆင့် ဆုဖလား ရယူနိုင်မှုတွေနဲ့ မဲဆွယ်ခဲ့ပေမယ့် ပီရက်ဇ်ရဲ့ ဘဏ္ဍာရေး တိုးတက် အောင်မြင်အောင် လုပ်ဆောင်မယ့် အစီအစဉ်ကိုတော့ အသာမရပဲ ဥက္ကဋ္ဌနေရာကို လွှဲပေးလိုက်ရပါတယ်။
အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာတာကြောင့် ပီရက်ဇ် တယောက် အသင်း ဝင်ငွေ တိုးဖို့ ပရိတ်သတ် အခိုင်အမာရဖို့ရော၊ ဝင်ငွေရဖို့ပါ လုပ်ဆောင်ပါတော့တယ်။ ငွေကို ငွေနဲ့ လိုက်မယ် ဆိုတဲ့ သူ့ အတွေးနဲ့ နာမည်ကျော် ကစားသမားတွေကို ပြောင်းရွှေ့ကြေးတွေ စံချိန်တင် ပေးပြီး ခေါ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဇီဒန်ကို ဂျူဗင်ကနေ အဆိုပါ အချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၇၃ ဒသမ ၅ သန်းနဲ့ ခေါ်တယ်၊ နောက်နှစ် ၂၀၀၂ ခုနှစ်မှာ ရော်နယ်ဒို ရောက်လာတယ်၊ ၂၀၀၃ ခုနှစ်မှာ ဒေးဗစ်ဘက်ခမ်း၊ ၂၀၀၄ ခုနှစ်မှာ မိုက်ကယ်အိုဝင်၊ ၂၀၀၅ ခုနှစ်မှာ ရော်ဘင်ဟို တို့ကို တဆက်တည်း ခေါ်ပြီး အသင်းကို လူကြိုက်လည်းများ၊ အောင်မြင်မှုလည်း ရအောင် လုပ်ဆောင်ခဲ့တာပါ။
သူ့ရဲ့ လုပ်ဆောင်မှု ကောင်းပါတယ်၊ သူ ဥက္ကဋ္ဌ တာဝန် ရယူတဲ့ နှစ်မှာပဲ အသင်းက စပိန်ပြည်တွင်း ဖလား ၂ လုံးနဲ့ ဥရောပဖလားကို ၉ ကြိမ်မြောက်ရပါတယ်။ အောင်မြင်မှုနဲ့ အတူ ဝင်ငွေကောင်းလာတဲ့ အသင်းကို အကြွေးတွေ ဆပ်တယ်၊ အရှုံးကနေ အမြတ်ပြန်ပြလာပါတယ်။ ပထမ ဥက္ကဋ္ဌ သက်တမ်း အတွင်း အသင်းရဲ့ အောင်မြင်မှုကောင်းလာတဲ့ ပီရက်ဇ် အတွက်တော့ ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်မှာလည်း နောက်ထပ် ဥက္ကဋ္ဌ သက်တမ်းမှာ အရွေးခံမယ် လို့ ဆိုလာပါတယ်။ နောက်ထပ် သက်တမ်းမှာလည်း အရွေးခံရပါတယ်။
သူ့ရဲ့ ဈေးကြီးပေးခေါ်တဲ့ အစီအစဉ် အတိုင်း ၂၀၀၉ ခုနှစ် ဇွန်လ ၈ရက်မှာ ကာကာကို စတာလင်ပေါင် သန်း ၆၀ နဲ့ ခေါ်ပြန် ပါတယ်။ ဇွန်လ ၁၁ ရက်မှာပဲ တဆက်တည်း မန်ယူကနေ ဒိုလေးကို ပေါင် သန်း ၈၀ နဲ့ စံချိန်တင် ထပ်ခေါ်ပါတယ်။ ဇွန်လ ၂၅ ရက်မှာ ဗလင်ဒီယာ အသင်းကနေ ရာအူးကို ယူရို ၁၅ သန်းနဲ့ ခေါ်ဖို့ သဘောတူညီမှု ရပြီလို့ ထပ်ကြေငြာပါတယ်။ ဇူလိုင် ၁ ရက်နေ့မှာ ဘင်ဇီမာကို အိုလံပီယာကော့စ် အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ထပ်ခေါ်ပါတယ်။ ဒါဟာ ဥက္ကဋ္ဌသစ်ရဲ့ ဒုတိယ သက်တမ်းမှာ အသုံးအကြမ်းဆုံး နှစ် ဖြစ်လာပါတယ်။
ဒါတင် မဟုတ်သေးပဲ ၂၀၀၉ခုနှစ် သြဂုတ် ၅ ရက်မှာလီဗာပူးကနေ အလွန်ဆိုကို ပေါင် သန်း ၃၀ နဲ့ ခေါ်သေးတယ်။ ၂၀၁၀ ခုနှစ် မေလ ၃၁ ရက်မှာ လက်ရှိ မန်ယူနည်းပြ မော်ရင်ဟိုကို တစ်နှစ် လစာ စတာလင်ပေါင် ၆ ဒသမ ၈ သန်းပေးပြီး ခေါ်ယူ အားဖြည့် လိုက်တာလည်း တွေ့ရပါတယ်။
နောက် ၃ နှစ် အကြာမှာလည်း နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ အိုဇေး၊ ဒီမာရီယာတို့ကို ထပ်ခေါ်ပြီး အားဖြည့်တယ်။ ၂၀၁၃ ခုနှစ် ဇွန်လ ၂ ရက်မှာ စတုတ္ထမြောက် ဥက္ကဋ္ဌ သက်တမ်း ထပ်ပြီး အရွေးခံရပါတယ်။ အခုချိန်ထိအောင် အသက်ကြီး ပေမယ့် မပျက်စီးသေးတဲ့ ပီရက်ဇ်က ချန်ပီယံလိဂ်ကို နှစ်ကြိမ် ပထမဆုံး ရယူထားနိုင်ခဲ့တဲ့ ရီးရဲရဲ့ အကောင်းဆုံး ပဲ့ကိုင်ရှင် အဖြစ် ရှိနေဆဲပါ။
Ref: www.en.m.wikipedia.org