မြန်မာ့လက်ရွေးစင်နှင့် ရတနာပုံအသင်း တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ် 1မှ Police Tero ကလပ် အသင်းသို့ ပြောင်းဖို့ အပြီးသတ်သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ရတနာပုံကလပ် အသင်းမှ ထုတ်ပြန် ပါတယ်။
မီးနဂါးလို့ အမည်ပြောင်ထားတဲ့ Police Tero အသင်းဟာ ယခင် BEC တယ်ရိုဆက်ဆနာနှင့် ထိုင်းရဲတပ်ဖွဲ့ အသင်းတို့ ပူးပေါင်းထားတာဖြစ်ပြီး ၁၈သင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ ထိုင်းလိဂ် 1မှာ အဆင့် ၁၄ နေရာမှာ ရောက်နေကာ တန်းဆင်းဇုန် အထက်မှာ ရှိနေတယ်ဆိုပေမယ့် ရှုံးပွဲ ၁၅ပွဲနဲ့ ရုန်းကန်နေရတဲ့ အခြေအနေလို့ ဆိုရမှာပါ။
အသင်းရဲ့ အားထားရတဲ့ ပြင်သစ်လူမျိုး တိုက်စစ်မှူး မိုက်ကယ်အန်ဒရီနဲ့ ဝါရင့်တောင်ပံကစားသမား ဝီချန် နန်ထဆရီ တို့ အသင်းမှ ထွက်သွားပြီးနောက် အလားအလာကောင်းတဲ့ ရှေ့တန်းတိုက်စစ်မှူးနဲ့ ကစားသမားဖြည့်ဖို့ စီစဉ်နေ တာဖြစ်ပါ တယ်။
Police Tero ကို ပြောင်းရွေ့ဖို့ သဘောတူညီထားပြီဖြစ်တဲ့ မြန်မာလက်ရွေးစင် တိုက်စစ်မှူးအောင်သူ ဟာ အသက် ၂၁ နှစ် သာရှိသေးပြီး၊ ၂၀၀၉ ခုနှစ်မှာ မန္တလေးမှာ ရှိတဲ့ ဘောလုံးအကယ်ဒမီသို့ ရောက်ရှိခဲ့သူပါ။
အဲဒီနောက်မှာတော့ မြန်မာ U-16 အသင်းမှာ စတင်ကစားရာက ၂၀၁၄ ခုနှစ် AFC U-19 ချန်ပီယံရှစ်မှာ ကာတာအသင်း ကို ဂိုးသွင်းပေးခဲ့သလို သူ့ခြေစွမ်းကြောင့် မြန်မာ U-19 အသင်းဟာလည်း FIFA ရဲ့ U-20 ကမ္ဘာ့ ဖလားကို ကစားခွင့်ရရှိခဲ့ပါတယ်။
FIFA ရဲ့ U-20 ကမ္ဘာ့ ဖလားမှာ အောင်သူဟာ နယူးဇီလန်အသင်းနဲ့ ပွဲမှာ ဦးဆောင်ဂိုးသွင်း ယူပေးခဲ့ ပါတယ်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူဟာ ကစားပုံ ကျွမ်းကျင် ပါးနပ်သူအဖြစ် အသိအမှတ်ပြု ထားကြပြီး ရတနာပုံ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကြီးမှာ ပုံမှန် ကစားနေသူဖြစ်ကာ နိုင်ငံတကာပွဲစဉ်တွေမှာ ၈ဂိုးအထိ သွင်းယူထား ကာ မြန်မာအသင်းအတွက် အားထားရတဲ့ ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပူးတွဲထိပ်တန်းဂိုးသွင်းသူ အဖြစ် ထင်ရှားပြီး ဗီယက်နမ်ကစားသမား ငုယင့် ကွန်ဖုအွန်နဲ့ မလေးရှားကစားသမား အန်သန် နဘလန်းတို့နဲ့အတူ အောင်သူရဲ့ အမည်ဟာ ရေပန်းစားလျှက် ရှိပါတယ်