၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားကတော့ ၄ နှစ်မှ တကြိမ် ကြည့်ရ၊ ရင်ခုန်ရတဲ့ ပြိုင်ပွဲကြီးပီပီ ပြိုင်ပွဲကာလလည်း နီးလာပြီ၊ ရင်ခုန်သံတွေလည်း စလာပြီပေါ့။ ပြိုင်ပွဲတလျှောက် နိုင်ငံအသင်းတွေဟာ အသင်းလိုက်ရော တဦးချင်းရော အကောင်းဆုံး ပုံစံတွေနဲ့ နိုင်ငံ့ ဂုဏ်ဆောင်နိုင်အောင် ကြိုးစား ကစားကြတာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် တိုက်စစ်မှုးနေရာ ယူရတဲ့ ကစားသမားတွေဟာ အသင်းအတွက် အားအထားရဆုံး ဂိုးသွင်းစက်တွေ အဖြစ် တာဝန်ရှိပါတယ်။
၂၀ ရာစုအတွင်းမှာတော့ ဘရာဇီးရဲ့ အကောင်းဆုံး ဂန္ထဝင် ကစားသမားတွေ ဖြစ်တဲ့ ပီလီနဲ့ မာရာဒိုနာတို့က အတောက်ပ ဆုံး၊ အကောင်းဆုံး ကစားသမားတွေ အဖြစ် ရှိခဲ့ကြတာပါ။ အခု ၂၁ ရာစုမှာရော ဘယ်သူတွေက အကောင်းဆုံးပါလဲ၊ လာမယ့် ၂၀၁၈ မှာ ဘယ်သူတွေက ကြောက်စရာကောင်းလောက်အောင် ပြိုင်ဖက် အသင်းကို အကောင်းဆုံး ကစားသွားနိုင်မှာပါလဲ။ အခု လာမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ သတိထား စောင့်ကြည့်ရမယ့် ခြေစွမ်းကောင်း ကစားသမား ၁၀ ဦး အကြောင်း ပြောပြချင်ပါတယ်။
(၁၀) Timo Werner ။ ။ တီမိုဝါးနားက အသက် ၂၁ နှစ်ပဲရှိသေးပေမယ့် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဂျာမနီကို ကွန်ဖက်ဒရေးရှင်း ဖလား ရနိုင်အောင် အဓိက ကူညီစွမ်းဆောင်ခဲ့တဲ့ ကစားသမားတွေထဲက တဦးပါ။ ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို စိန်ခေါ်လာနိုင် တဲ့ ဂျာမနီသားအဖြစ် ထင်ကြေးပေး ခံထားရသူလည်း ဖြစ်ပါတယ်။ အခုနှစ် ဂျာမနီဘွန်ဒက်လီဂါမှာ ၆ ပွဲ ဝင်ကစားပြီး ၅ ဂိုး သွင်းပေးထားနိုင်သူ ခြေတက် လူငယ်ကစားသမား ဖြစ်ပါတယ်။
(၉) Paulo Dybala ။ ။ ပေါ်လိုဒိုင်ဘာလာက အသက် ၂၃ နှစ်ပဲ ရှိသေးပေမယ့် ပြိုင်ပွဲကြီးတွေကို ငယ်စဉ် ကတည်းက နိုင်ငံ ကိုယ်စားပြု ကစားပေးလာခဲ့လို့ အတွေ့အကြုံ ရင့်ကျက်သူ တဦး ဖြစ်နေပါပြီ။ လက်ရှိမှာ အီတလီကလပ် ဂျူဗင်မှာ ကစားနေပြီး ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ အခုနှစ် အီတလီစီးရီးအေ ပွဲစဉ် ၇ ပွဲမှာ ၁၀ ဂိုးထိအောင် သွင်းထားတဲ့ အာဂျင်တီးနားသားက မက်ဆီနဲ့ တွဲဖက် ညီမယ့် တိုက်စစ် အတွဲ ဖြစ်လာနိုင်ပါတယ်။
(၈) KylianMbappe ။ ။ ကိုင်လီယန် အမ်ဘက်ပီးက ပြင်သစ်အသင်းအတွက် အားထားရမယ့် ဂိုးသွင်းစက်ပါ။ အရင်နှစ်က အသက် ၁၈ နှစ်ပဲရှိသေးပေမယ့် UEFA ချန်ပီယံလိ၈်မှာ မိုနာကိုနဲ့ အတူ ၆ ဂိုးထိအောင် သွင်းခဲ့သူပါ။ ပြင်သစ် လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ဒုတိယအကြိမ် ထပ်ရအောင် ကူညီနိုင် မလားစောင့်ကြည့်ရမှာပါ။ အရင်နှစ်က ခြေစွမ်းကြောင့် အခုနှစ် PSG ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၈၀ နဲ့ရောက်သွားပြီး ဘောလုံးသမိုင်း တလျှောက် ဒုတိယမြောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားခဲ့သူလည်း ဖြစ်ပါတယ်။
(၇) Gabriel Jesus ။ ။ ဂါဘရီယယ်ဂျီးဆပ်က နောက်တက် လူငယ်တွေထဲမှာ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ရမယ့် သူပါ။ အသက် ၂၀ အရွယ် ဂျီဆပ်က ကလပ်အသင်း အတွက်လည်း ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး နိုင်ငံအသင်း အတွက်လည်း ကမ္ဘာ့ဖလား ခြေစစစ်ပွဲ ၁၀ ပွဲမှာ ၇ ဂိုးသွင်းတယ်၊ ဂိုးဖန်တီးမှု ၃ ကြိမ် လုပ်ဆောင်ပေးထားတဲ့ ဘရာဇီးသားပါ။ ဘရာဇီးမှာ ခြေတက်လူငယ်တွေနဲ့ အတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ရယူနိုင်ဖို့ အားခဲထားတာလည်း တွေ့ရပါတယ်။
(၆) Luis Suarez ။ ။ ပြီးခဲ့တဲ့ ၂ နှစ်ကနေ စတင်ပြီး ဥရုဂွေးက အရင်က အောင်မြင်မှုတွေကို ပြန်ရအောင် အားထည့်နေတဲ့ အသင်းတသင်း ဖြစ်လာပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဆီးမီးဖိုင်နယ်ထိ ရောက်ထားတဲ့ ဒီအသင်းမှာ ခြေစွမ်းပြမယ့်သူက လူးဝစ်ဇ်ဆွာရက် ရှိနေပါတယ်။ အသက် ၃၀ ရှိနေပြီ ဖြစ်ပမယ့် အသင်း အတွက် ၉၄ ပွဲ ကစားပေးထား သလို ၄၇ ဂိုး သွင်းယူထားသူ ဖြစ်ပြီး အခုအကြိမ် သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မှု ဖြစ်လာနိုင်လို့ ပိုပြီးအားထည့် လာနိုင်နေတာလည်း ဖြစ်ပါတယ်။
(၅) Cristiano Ronaldo ။ ။ ခရစ်စတီယာနို ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့ ဆယ်နှစ် အတွင်းဘောလုံးလောကမှာလွှမ်းမိုးမှု အရှိဆုံးကစားသမားလို့ ဆိုရင် ရနိုင်ပါတယ်။ ၂၀၁၆ မှာ ပေါ်တူဂီကEuro ဖလားရပြီး အခုတော့ ကမ္ဘာ့ဖလားကို ရယူဖို့ ခြေလှမ်း ပြင်လာပါပြီ။ Ballond’Or ဆုကို ၄ ကြိမ်ရထားသူက အကောင်းဆုံး ခြေစွမ်းကို အခုချိန်ထိ ပိုင်ဆိုင်ထားဆဲဆိုတာ ငြင်းလို့ မရပါဘူး။ လာမယ့် ပြိုင်ပွဲမှာ အသင်းခေါင်းဆောင် အဖြစ်လည်း ပွဲထွက်လာနိုင်ပါတယ်။
(၄) Isco ။ ။ စပိန်ရဲ့ နောက်ဆုံး ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်ရလဒ်တွေက ရှက်စရာပါ။ ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလားမှာ ဘရာဇီးကို ၃ ဂိုးပြတ်နဲ့ ရှုံးတယ်၊ ၂၀၁၄ ကမ္ဘာ့ဖလားမှာ နယ်သာလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးတယ်၊ ၂၀၁၆ ခုနှစ် ယူရိုမှာလည်း အီတလီကို ရှုံးလို့ ထွက်ခဲ့ရပါတယ်။ အဓိက အနေနဲ့တော့ နောက်တက် ခြေသစ်တွေကို နေရာမပေးလို့၊ နောက်တက် လူသစ်တွေ အားနည်းလို့ပါ၊ ဒီအားနည်းချက် အတွက် ဖြည့်ဆည်း ပေးနိုင်သူကတော့ အစ္စကို ဖြစ်ပြီးအသက် ၂၅ နှစ်သားသူက လက်ရှိ အသင်းအတွက် နိုင်ငံတကာဂိုး ၆ ဂိုး သွင်းထား ပါတယ်။
(၃) Toni Kroos ။ ။ အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ တိုနီခရော့က ကလပ်နဲ့ရော နိုင်ငံအသင်းနဲ့ပါ ဆုဖလားတွေ ရယူထား ဖူးသူ၊ လာမယ့် ကမ္ဘာ့ဖလားမှာ ဂျာမနီရဲ့ ကစားကွက်ကို ပုံဖော်မယ့် ကွင်းလယ်ကစားသမားပါ။ ဘရာဇီးရဲ့ စံချိန်ကို အမီ လိုက်နိုင်ဖို့ ကြိုးစားလာမယ့် ဂျာမနီအတွက် ကွင်းလယ် ဖန်တီးရှင်ပါ။ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာကတည်းက ခြေစွမ်းပြခဲ့ သူ ဖြစ်ပြီး အတွေ့အကြုံများသူ ကစားသမားပါ။
(၂) Neymar ။ ။ လာမယ့် ကမ္ဘာ့ဖလားကတော့ ဂျာမနီနဲ့ ဘရာဇီး အားပြိုင်ရမယ့် အနေအထားပါ။ စောင့်ကြည့်ရမယ့် သူတွေထဲမှာလည်း ဘရာဇီးနဲ့ ဂျာမနီက ၂ ဦးစီ ပါရှိနေပါတယ်။ စံချိန်တွေ အတွက် အကောင်းဆုံး ပြိုင်ဆိုင်မယ့် ဘရာဇီးရဲ့ ခေတ်သစ် ပီလီလို့ တင်စားခံနေရသူပါ။ အသက် ၂၅ နှစ်ရှိ နေမာဟာ အသင်းအတွက် ပွဲပေါင်း ၈၀ မှာ ၅၂ ဂိုး သွင်းယူပေး ထားသူပါ။
(၁) Lionel Messi ။ ။ အခုစာရင်းမှာ အာဂျင်တီးနားက ၂ ဦးပါလာပေမယ့် အသင်းလိုက် အင်အားမှာတော့ ဘရာဇီးနဲ့ ဂျာမနီလောက် အာဂျင်တီးနားက သိပ်အား မကောင်းဘူး ဆိုပေမယ့် မက်ဆီလို ဂိုးသွင်းဘုရင် ရှိနေတဲ့ အသင်း ကလည်း ကမ္ဘာ့ဖလားကို စိန်ခေါ်လာနိုင်ပါတယ်။ အသက် ၃၁ နှစ် ရှိပြီ ဖြစ်လို့ နောက်ထပ် ကမ္ဘာ့ပွဲမှာ မပါနိုင်တော့ဖို့ များနေလို့ အခု နောက်ဆုံးအကြိမ် ဖြစ်နိုင်မယ့် ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ပြင်ဆင်လာနိုင်ပါတယ်။ အာဂျင်တီးနား အတွက် ၆၁ ဂိုးထိ သွင်းယူပေးထားနိင်သူလည်း ဖြစ်ပါတယ်။
Ref: www.sportskeeda.com