ပြီးခဲ့တဲ့ အောက်တိုဘာလ အထိ FIFA ရဲ့ အဆင့်သတ်မှတ်ချက် အရ ရမှတ် ၁၆၃၁ မှတ်နဲ့ ကမ္ဘာ့ အဆင့် ၁ နေရာမှာ အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ အသင်းက ဂျာမနီပါ၊ လာမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာလည်း ဗိုလ်စွဲမယ် လို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း၊ ကမ္ဘာ့ဖလားကို ၅ ကြိမ်ထိအောင် အများဆုံး ရယူထားနိုင်တဲ့ ဘရာဇီးရဲ့ စံချိန်ကို အမီလိုက်ချင်နေတဲ့ စိတ်အား အထက်သန်ဆုံး အခွင့်အလမ်း အများဆုံး ရှိနေတဲ့ အသင်းဆိုရင်လည်း မမှားပါဘူး။
ဂျာမနီ အသင်းဟာ ၁၉၀၈ ခုနှစ်ကတည်းက နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ အသင်း ဖြစ်ပြီး အဖွဲ့ချုပ် အမည်ကိုတော့ Germany national football team လို့ အမည်ပေးထားပါတယ်။ German Football Association ဆိုတဲ့ ဂျာမန်ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။
၁၉၀၀ ပြည့်နှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အခု နိုင်ငံလက်ရွေးစင် အသင်းက ကနဦးမှာ ဂျာမနီ နှစ်ခြမ်းကွဲနေချိန်မှာ ကိုယ်စားပြု အသင်းက ၂ သင်းကွဲသွားခဲ့ပါသေးတယ်။ ဆားနယ်မြေကို ကိုယ်စားပြု Saarland အဖြစ်နဲ့ ၁၉၅၀ ကနေ ၁၉၅၆ နဲ့ အရှေ့ဂျာမနီကို ကိုယ်စားပြု German Democratic Republic အဖြစ်နဲ့ ၁၉၅၂ ကနေ ၁၉၉၀ ထိ ခွဲခြား ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ ရောက်တော့ ဂျာမနီ ပြန်လည် ပေါင်းစည်းမှုနဲ့ အတူ အသင်း၂ သင်းလည်း ၁ သင်းတည်း ပြန်ဖြစ်သွားပါတယ်။
အသင်းကို အမည်ပြောင် အနေနဲ့တော့ Nationaleft အဖြစ်(နိုင်ငံသူရဲကောင်း ၁၁ ယောက်) နဲ့ Die Mannschaft (The Team) အဖြစ်နဲ့ရော ခေါ်ကြပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ လက်အောက်ခံ အသင်း တသင်း ဖြစ်ပါတယ်။ လက်ရှိ အသင်း နည်းပြရာထူးကို Joachim Low က ကိုင်တွယ်နေပြီး အသင်း ခေါင်းဆောင် ရာထူးကိုတော့ မန်ညူဝယ် နူးဝါး (Manuel Neuer) က ထမ်းဆောင်နေပါတယ်။
အသင်းရဲ့ အိမ်ကွင်း ဝတ်စုံ အနေနဲ့ဆိုရင် အဖြူပေါ်မှာ လှိုင်းတွန့်အနက်စင်းပါ အင်္ကျီ၊ အနက်ရောင် ဘောင်းဘီနဲ့ အဖြူရောင် ခြေအိတ်ကို အနက်ရောင် အစင်း အကွပ်လေးတွေနဲ့ ဝတ်ဆင် ကစားပါတယ်၊ အဝေးကွင်းမှာတော့ အင်္ကျီက အနက်ရောင် ဖြစ်သွားပြီး ဘောင်းဘီးက အဖြူရောင်နဲ့ ခြေအိတ်မှာတော့ အဖြူရောင်ကို အနက်ရောင် ဘောင်ကွပ်နဲ့ ဖြစ်ပါတယ်။
လက်ရှိ နိုဝင်ဘာမှာတော့ FIFA ရဲ့ အဆင့် သတ်မှတ်ချက်မှာ ကမ္ဘာ့ အဆင့် ၂ ဖြစ်နေပြီး သမိုင်းတလျှောက် ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁ နေရာကို ၅ ကြိမ်ထိ ရောက်ရှိဖူးထားတာ ဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာ့ အဆင့် ၁ နေရာကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာမှာ ဖြစ်ခဲ့ပြီး ၉ လကြာ ထိန်းထားနိုင်ခဲ့ပြီး ၁၉၉၃ ခုနှစ် သြဂုတ်လအထိ အဆင့် ၁ ဖြစ်ခဲ့ပါတယ်။
ဒုတိယ အကြိမ် အနေနဲ့ ၁၉၉၃ ခုနှစ် ဒီဇင်ဘာမှာ ပြန်ဖြစ်လာပြီး ၄ လကြာ ဆက်ထိန်းထားနိုင်ပြီး ၁၉၉၄ ခုနှစ် မတ်လထိ ထိန်းထားနိုင်ခဲ့ပါတယ်။ တတိယ အကြိမ်မှာတော့ ၁ လပဲ ကြာပြီး ၁၉၉၄ ခုနှစ် ဇွန်လမှာ ဖြစ်ခဲ့ပါတယ်။ စတုတ္ထအကြိမ် ကတော့ ၂၀၁၄ ခုနှစ် ဇူလိုင်မှာ ပြန်ဖြစ်ခဲ့ပြီး ၁၂လကြာထိ အကြာဆုံး အဆင့် ၁ အဖြစ် ထိန်းထားနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လအထိ ဖြစ်ခဲ့ပါတယ်။ အခု နောက်ဆုံး ၅ ကြိမ်မြောက် အဆင့် ၁ ကတော့ ၂၀၁၇ ခုနှစ် ဇူလိုင်ကတည်းက ဖြစ်နေခဲ့တာ ဖြစ်ပြီး ၄ လကြာ အောက်တိုဘာ လကုန်ထိ အဆင့် ၁ ဖြစ်ထားတာ တွေ့ရပါတယ်။
သမိုင်းတလျှောက် အဆင့် အနိမ့်ဆုံး ကျဆင်းမှုကို ၂၀၀၆ ခုနှစ် မတ်လ အတွင်းက ကြုံခဲ့ရပြီး အဆင့် ၂၂ ထိအောင် အနိမ့်ဆုံး ကျဖူးတာ တွေ့ရပါတယ်။ အသင်းရဲ့ ပထမဆုံး နိုင်ငံတကာ ပွဲစဉ်ကို ၁၉၀၈ ခုနှစ် ဧပြီ ၅ ရက်နေ့က ဆွစ်ဇာလန်နဲ့ စတင် ကစားခဲ့ပြီး ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့လို့ ပွဲဦးထွက်တော့ မျက်နှာပန်း မလှခဲ့ပါဘူး။ သမိုင်း တလျှောက် အကြီးမားဆုံး နိင်ပွဲကို ၁၉၁၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ကစားတဲ့ပွဲမှာ ရခဲ့ပြီး ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရုရှအင်ပါယာ (Russian Empire) အသင်းကို ၁၆ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြီးမားဆုံး ရှုံးပွဲကို ကြည့်မယ် ဆိုရင်လည်း ၁၉၀၉ ခုနှစ်က အင်္ဂလန်နိုင်ငံ၊ အောက်ဖို့မှာ ကစားတဲ့ England Amateurs အသင်းနဲ့ပွဲမှာ ၉ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့ဖူး ပါတယ်။
ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ၁၉၃၄ ခုနှစ်ကတည်းက စတင် ပါဝင်ခွင့်ရခဲ့ပြီး အခုချိန်ထိ ၁၈ ကြိမ် ဝင်ခွင့်ရထားပါတယ်။ ချန်ပီယံ အဖြစ်နဲ့တော့ ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀ နဲ့ ၂၀၁၄ တွေမှာ ရထားပြီး ဘရာဇီးရဲ့ ချန်ပီယံ ၅ ကြိမ် ရယူထားနိုင်မှု စံချိန်ကို အမီလိုက်နိုင်ဖို့ အခွင့်အလမ်း များနေတာလည်း ဖြစ်ပါတယ်။
လာမယ့် ကမ္ဘာ့ ဖလား အတွက် ဂျာမနီ အတွက် ကံကောင်းတာက အဓိက ချန်ပီယံ ၄ ကြိမ်စီ ရယူထားနိုင်တဲ့ အင်အားကြီး အသင်း အီတလီက ကမ္ဘာ့ဖလား ဝင်ခွင့် ဆုံးရှုံးထားလို့ပဲ ဖြစ်ပါတယ်။ ဥရောပ ချန်ပီယံ ဖလားပွဲတွေမှာလည်း ၁၉၇၂ ခုနှစ်ကနေ ပထမဆုံး စတင် ပါဝင်နေခဲ့ပြီး အခုချိန်ထိအောင် ၁၂ ကြိမ် ဝင်ခွင့် ရထားသလို ချန်ပီယံ ၃ ကြိမ် ဖြစ်ထားပါ တယ်။ Confederation ဖလား ပွဲစဉ်ကိုတော့ ၁၉၉၉ ခုနှစ်ကနေ စပြီး ၃ ကြိမ် ဝင်ပြိုင်ဖူးပေမယ့် ချန်ပီယံ ၁ ကြိမ်ပဲ ဖြစ်ထားပါတယ်။
ဖလားရရှိမှု အပြင် အဓိက ပြိုင်ပွဲကြီးတွေ ဖြစ်တဲ့ ကမ္ဘာ့ဖလားမှာ ဒုတိယ ၄ ကြိမ်၊ ဥရောပ ဖလားမှာ ဒုတိယ ၃ ကြိမ်၊ ကမ္ဘာ့ဖလားမှာ တတိယ ၄ ကြိမ် ရရှိထားတာတွေကတော့ နိုင်ငံ့ အသင်းတွေထဲမှာ အောင်မြင်မှု အများအဆုံး ထိပ်ပိုင်းက အသင်း အဖြစ် ရပ်တည်နေလာနိုင်စေတာလည်း ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ် အတွင်းက အရှေ့ဂျာမနီ အသင်း အနေနဲ့ ရှိနေစဉ် ကလည်း အိုလံပစ်မှာ အနိုင်ရဖူးသေးတယ်။
ပြီးတော့ ထူးခြားချက်က ဂျာမနီဟာ အမျိုးသားရော အမျိုးသမီး ဘောလုံး အသင်းတွေမှာ ကမ္ဘာ့ဖလားကို ရယူထားနိုင်တဲ့ တခုတည်းသော နိုင်ငံ အသင်းလည်း ဖြစ်နေသလို Confederation ဖလားကို ရယူနိုင်မှု အပိုင်းမှာလည်း အမျိုးသား အသင်းရော အမျိုးသမီး အသင်း အနေနဲ့ပါ ကမ္ဘာမှာ ၄ သင်းပဲ ရှိပြီး ဘရာဇီး၊ အာဂျင်တီးနား၊ ပြင်သစ်တို့နဲ့ အတူ အောင်မြင်မှု အများဆုံး အသင်း အဖြစ် ရပ်တည်ထားနိုင်လာတာပါ။
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား အပြီးမှာလည်း Elo ရဲ့ ရမှတ်ပေးမှု အပိုင်းမှာ သမိုင်းတလျှောက် နိုင်ငံ အသင်း တခု အတွက် အမြင့်ဆုံး ရမှတ် သတ်မှတ်ပေးမှု ခံရပြီး ၂၂၀၅ မှတ်ထိအောင် ရခဲ့သလို အခုချိန်ထိအောင် အဆိုပါ ရမှတ်ကို ကျော်ဖြတ် အောင်မြင်တဲ့ အခြား အသင်း ပေါ်မလာသေးပါဘူး။
နောက်ဆုံး အနေနဲ့ ဂျာမနီအသင်းရဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို ပြောရမယ် ဆိုရင် တိုက်စစ်ကောင်းတယ်၊ ကွင်းလယ် ကောင်းတယ်၊ တွန်းတွန်းတိုက်တိုက် ကစားတတ်တယ်၊ တောင်ပံ ထိုးဖောက်အားကောင်းတယ်၊ လူငယ် တိုက်စစ်မှူးတွေ အားထားစရာ ရှိတယ်၊ ကစားကွက်ထက် သွက်လက်မှုကို ပိုမို ဦးစားပေးဟန်နဲ့ ကစားတယ်လို့ အများစုက သုံးသပ်ကြပြီး အခု နောက်ပိုင်း ပွဲစဉ်တွေမှာ ခံစစ်ပိုင်း အနည်းငယ် အားနည်းချက် ရှိတယ်လို့ ဝေဖန်နေသူတွေ ရှိပါတယ်။
နောက်ဆုံး ကစားထားတဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ပြင်သစ်နဲ့ ပွဲစဉ်မှာ ၂ ဂိုး ၂ ဂိုး သရေကျခဲ့သလို အချိန် မိနစ် ၉၀+၃ မိနစ်မှာမှ သရေဂိုးသွင်းနိုင်ခဲ့လို့ အသင်းရဲ့ နောက်တန်း ခံစစစ်ကို အခုထက် ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြရမှာပါ။
လက်ရှိမှာတော့ ဂျာမနီ အသင်းအနေနဲ့ နောက်ထပ် နိုင်ငံ ပွဲစဉ် ကစားရဖို့ မရှိသေးလို့ ကမ္ဘာ့ဖလား အတွက် အကောင်းဆုံး ပြင်ဆင်ချိန် ရနေပြီး လာမယ့် ၂၀၁၈ ခုနှစ် မတ်လ ၂၃ မှာ စပိန်၊ ၂၇ ရက်မှာ ဘရာဇီးတွေနဲ့ ချစ်ကြည်ရေးပွဲ ကစားဖို့ စီစဉ်ထားတာပဲ အနီးဆုံး ရှိနေတာပါ။ အသင်း အတွက် ပွဲအများဆုံး ကစားထားပေးသူကတော့ ၁၉၈၀ ကနေ ၂၀၀၀ ခုနှစ်ထိအောင် ကစားခဲ့တဲ့ Lothar Matthaus ဖြစ်ပြီး ပွဲ ၁၅၀ ကစားထားပါတယ်။
ဂိုးအများဆုံး သွင်းယူထားသူကတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိအောင် ကစားပေးခဲ့ပြီး ဂိုးပေါင်း ၇၁ ဂိုး သွင်းပေးခဲ့တဲ့ Miroslav Klose ပဲ ဖြစ်ပါတယ်။ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ နောက်ဆုံး နှစ်တွေ အနေအထား ကြည့်မယ် ဆိုရင် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ အထိအောင် ၆ နှစ် အတွင်း Mesut Ozil က ၅ ကြိမ်ထိ ရယူ ထားနိုင်တာလည်း ဖြစ်ပါတယ်။
Ref: en.m.wikipedia.org