ကမ္ဘာပေါ်မှာ ဒီနေ့ခေတ် လူအများဆုံး စိတ်အဝင်စားဆုံးက အားကစားနဲ့ နည်းပညာ လို့ ဆိုနိုင်ပါတယ်။ လူတိုင်း ဖုန်း၊ ကွန်ပျူတာကနေ TV, Air-Con ထိအောင် နည်းပညာ ပစ္စည်းတွေကို သုံးတယ်၊ အားလပ်ချိန်တွေမှာ ကိုယ်တိုင်လည်း အားကစား လေ့ကျင့်ခန်းတွေ လုပ်တယ်၊ အားပေးကြတယ်။ အခုတော့ နည်းပညာအကြောင်း မပြောသေးဘဲ အားကစား ဘက်ကို ကြည့်ရအောင်ပါ။
အားကစားလုပ်ဖို့ ဝတ်စုံတွေ၊ ဖိနပ်တွေ၊ အခြား အကူပစ္စည်းတွေကို ဘယ်သူတွေ ထုတ်လုပ်ပါသလဲ။ လူသိများ တာက Puma, Nike နဲ့ Adidas တို့လို တံဆိပ်တွေပေါ့။ ဒါပေမယ့် နိုင်ငံအလိုက်ရော ကမ္ဘာမှာရော နာမည်ကျော် အားကစား ဝတ်စုံထုတ် ကုမ္ပဏီပေါင်း ဆယ်ဂဏန်းကျော်က ကမ္ဘာ့ဈေးကွက်ကို ချုပ်ကိုင်ထား ပါတယ်။ ဘယ်သူက အင်အား အကြီးဆုံး အားကစားဝတ်စုံထုတ် ကုမ္ပဏီပါလဲ။
နာမည်ကျော် သတင်းအချက်အလက်ပြ Website တခု ဖြစ်တဲ့ Statista မှာတော့ ကုန်ထုတ်လုပ်မှုနဲ့ အတူ ပြန်လည် ဝင်ငွေ ရရှိမှု အပေါ်မှာ မူတည်ပြီးတော့ အင်အား အကြီးဆုံး အားကစားဝတ်စုံ ထုတ်လုပ်သူကို ပြောထားတာကတော့ Nike ကုမ္ပဏီပါ။ ၂၀၁၆ ခုနှစ်မှာလည်း အင်အား အကြီးဆုံး ဖြစ်သလို အခုနှစ် အတွင်းမှာလည်း ပျမ်းမျှ ဒေါ်လာ ၃၄ ဒသမ ၃၅ ဘီလီယံဖိုးထိ ရောင်းချရပြီး ဝင်ငွေရနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
Nike နဲ့ အနီးစပ်ဆုံး ပြိုင်ဘက်ကတော့ Adidas ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ခုနှစ်တွေမှာ ဆိုရင် ဒီကုမ္ပဏီ နှစ်ခုပေါင်း ဝင်ငွေက ဒေါ်လာဘီလီယံ ၅၀ ဖိုးလောက်ထိ ရခဲ့ပြီး အနီးစပ်ဆုံး ပြိုင်ဖက်တွေ အဖြစ် ရှိလာခဲ့ကြတာပါ။ ဝင်ငွေ ရနှုန်းတွေ အရတော့ ဒီကုမ္ပဏီ နှစ်ခုက သိပ်မကွာကြပါဘူး။ Nike ရဲ့ ဝင်ငွေ အများဆုံး ရရှိ လူကြိက်များတဲ့ ထုတ်ကုန်ကတော့ အားကစားသုံး ဖိနပ်တွေဲ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၃ ခုနှစ် အတွင်း Nike က ဖိနပ်တမျိုးတည်း ရောင်းရငွေ ဒေါ်လာ ၁၅ ဘီလီယံ ရှိချိန်မှာ Adidas ကတော့ ဖိနပ်ရောင်းရငွေ ၉ ဒသမ ၄၆ ဘီလီယံပဲရှိလို့ အဆိုပါ အချိန်ကနေစပြီး အသာစီး ရလာတယ် လို့လည်း ဆိုနိုင်ပါတယ်။
Adidas ကတော့ ဥရောပမှာ လူကြိုက်အများဆုံး အမှတ်တံဆိပ် အဖြစ် ရှိနေသေးပေမယ့် ကမ္ဘာ့အဆင့် ဝင်ငွေ ရရှိမှု အပိုင်းမှာတော့ Nike နောက်မှာ ရှိနေပါသေးတယ်။ Adidas အမှတ်တံဆိပ် တခုတည်း တန်ဖိုးတင် ၂၀၁၃ ခုနှစ် ကတည်းက ယူရို ၁၁ ဘီလီယံထိ တန်ဖိုးရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဈေးကွက် ပိုင်ဆိုင်မှု အနေအထားမှာ Adidas က ဥရောပဈေးကွက် တခုလုံးရဲ့ ၃၂ ရာခိုင်နှုန်း၊ မြောက်အမေရိက ဈေးကွက်ရဲ့ ၁၈ ရာခိုင်နှုန်းနဲ့ တရုတ်ပြည်မကြီး ဈေးကွက်ရဲ့ ၁၆ ရာခိုင်နှုန်းလောက် ရရှိထားပါတယ်။
ဆက်ပြီးတော့ ဗဟုသုတအနေနဲ့ Nike နဲ့ Adidas အကြောင်း ပြောပြပါဦးမယ်။
Nike Inc. လို့ ခေါ်တဲ့ အားကစားဝတ်စုံ ထုတ် ကုမ္ပဏီက အမေရိကန်မှာ အခြေစိုက်ပါတယ်။ ဒီဇိုင်းရေးဆွဲမှုကနေ ထုတ်လုပ်ဖြန့်ချိ ရောင်းချမှု အားလုံး ကုမ္ပဏီက လုပ်ဆောင်ပါတယ်။ အမေရိကန် အော်ရီဂွန်ပြည်နယ် Beaverton မှာ ရုံးချုပ်ရှိပါတယ်။ ကမ္ဘာနဲ့ အဝှမ်း ဝန်ထမ်းအင်အား ၂၀၁၅ အတွင်းမှာတောင် ၆၂၆၀၀ လောက်ရှိပါတယ်။
အမှတ်တံဆိပ် တန်ဖိုးက ၂၀၁၄ ခုနှစ်မှာတင် ဒေါ်လာ ၁၉ ဘီလီယံလောက် တန်နေပါပြီ။ အခုနှစ် စာရင်းတွေ အရတော့ Nike ရဲ့ တန်ဖိုးက ၂၉ ဒသမ ၆ ဘီလီယံထိ တန်ဖိုးရှိနေပြီလည်း ဖြစ်ပြီး အားကစားဝတ်စုံထုတ် အမှတ်တံဆိပ်တွေထဲမှာ တန်ဖိုးအမြင့်ဆုံး ဖြစ်လာပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း Blue Ribbon Sports လို့ ခေါ်ခဲ့သေးပါတယ်။ နောက်မှ အမည်ပြောင်းလဲလာတာ ဖြစ်သလို ကုမ္ပဏီကို ၁၉၆၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ တည်ထောင်ခဲ့လို့ သက်တမ်း ၅၃ နှစ် ရှိပါပြီ။ တည်ထောင်သူတွေက Bill Bowerman နဲ့ Phil Knight တို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးကို Phil Knight ရဲ့ မိသားစုတွေက ပိုင်ဆိုင်ထားပါတယ်။
Adidas နဲ့ ပတ်သတ်ရင်တော့ Adidas AG အမည်နဲ့ ကုမ္ပဏီကနေ Adidas တံဆိပ်နဲ့ အားကစားဝတ်စုံတွေ ထုတ်လုပ် ပါတယ်။ ဂျာမနီ အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး ဥရောပမှာ အကြီးဆုံး အားကစားဝတ်စုံ ထုတ်လုပ်သူ အဖြစ်နဲ့ ကမ္ဘာမှာတော့ Nike ရဲ့ နောက်မှာ ဒုတိယလိုက် နေပါတယ်။ ၁၉၂၄ ခုနှစ်ကနေ ၁၉၄၉ ခုနှစ် အထိေ အမှတ်တံဆိပ်ကို Dassler Schuhfabrik အဖြစ် ခေါ်ခဲ့ပါသေးတယ်။ ၁၉၂၄ ခုနှစ် ဇူလိုင်ကတည်းကတည်ထောင် လုပ်ကိုင်နေတာ ဖြစ်လို့ Nike ထက် သက်တမ်းရင့်ပြီး ၉၃ နှစ်တာကာလထဲရောက်နေပါပြီ။
Adidas အဖြစ်နဲ့တော့ ၁၉၄၉ ခုနှစ် သြဂုတ် ၁၈ ရက်မှာ အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာမို့ Adidas အမည်နဲ့ သက်တမ်းက ၆၈ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီကိုတည်ထောင်သူက Adolf Dassler ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ Herzogenaurach မှာ ရုံးချုပ် ရှိပါတယ်။ ၂၀၁၄ ခုနှစ် စာရင်းတွေ အရတော့ Adidas မှာ ဝန်ထမ်းအင်အား ၅၃၇၀၀ ကျော် ရှိပါတယ်။ လက်ခွဲ အမှတ်တံဆိပ်တွေ အဖြစ် Reebok, Runtastic နဲ့ Matix လို တံဆိပ်တွေနဲ့ ထုတ်ကုန်တွေ ထုတ်လုပ်မှု ရှိပါသေးတယ်။ နာမည်ကျော် ဂျာမနီဘောလုံး အသင်း ဘိုင်ယန်မြူးနစ်မှာ ပိုင်ဆိုင်မှု ၈ ဒသမ ၃၃ ရာခိုင်နှုန်းထိ ရှိထားပါတယ်။ ၂၀၁၆ ခုနှစ် တနှစ်တည်းမှာတင် ကုမ္ပဏီက ဝင်ငွေ ယူရို ၁၉ ဒသမ ၂၉ ဘီလီယံလောက် ရှိတယ် လို့ စာရင်းတွေ အရ သိရပါတယ်။
Ref: www.statista.com