နိုင်ငံ အသင်းအလိုက် နာမည်ရမှုနဲ့ ခြေစွမ်းကောင်းမှု အဆင့်တွေထဲမှာ ရုရှား ဆိုတာ နာမည်အကြီးဆုံး တန်းဝင်တွေထဲက အသင်းတော့ မဟုတ်လှပါဘူး။ နာမည်ကြီး အီတလီ အသင်း ခြေစစ်ပွဲ မအောင်တာလည်း ၂၀၁၈ ကမ္ဘာ့ ဖလားက အရင်ကထက် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာတဲ့ အနေအထားပါ။ ဒီလို အခြေအနေမှာ ရုရှား အတွက် ကံကောင်းသွားတာက ၂၀၁၈ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရတာပဲ ဖြစ်ပါတယ်။ ဒီတော့ အကျိုးဆက်က ခြေစစ်ပွဲ ဝင်စရာမလိုပဲ ကမ္ဘာ့ဖလား ဝင်ခွင့်ရသွား တာပေါ့။ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ အိမ်ရှင် ဖိုးကံကောင်း ရုရှား အသင်းနဲ့ မိတ်ဆက်ပေးပါမယ်။
အသင်းကို Russian Football Union က ကွပ်ကဲပါတယ်။ ရုရှား ကိုယ်စားပြု နိုင်ငံ့ လက်ရွေးစင် အသင်း ဖြစ်ပြီး ဥရောပ ဒေသတွင်းမှာ ရှိလို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ လက်အောက်ခံ အသင်း ဆိုရင်လည်း မမှားပါဘူး။ The National Team ဆိုပြီး အသင်းကို နာမည်ပြောင် ခေါ်ပါတယ်။ လက်ရှိ အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်နေတာက Stanislav Cherchesov ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ကတော့ Igor Akinfeev ဖြစ်ပါတယ်။
အသင်းက အိမ်ကွင်း ဝတ်စုံ အနေနဲ့ အကျႌအနီမှာ အဖြူရောင် လက်မောင်းစင်း ပါရှိမယ်၊ ဘောင်းဘီက အဖြူ၊ အနီရောင် အထက်၊အောက် အစင်းပါရှိတယ်၊ ဘောင်းဘီကလည်း အနီဖြစ်ပြီး အနားကွပ်ကတော့ အဖြူ ဖြစ်ပါတယ်။ အဝေးကွင်း ဝတ်စုံ အနေနဲ့တော့ အကျႌ အဖြူဖြစ်ပြီး ရင်ဘတ်မှာ ဘောလုံး အဖွဲ့ချုပ် အမှတ်တံဆိပ်ကို ငွေရောင်နဲ့ ထည့်သွင်း ရိုက်နှိပ်ထားပါတယ်၊ ဘောင်းဘီက အပြာ ဖြစ်ပြီး ခြေအိတ်ကတော့ အနီရောင်မှာ အပြာရောင် အနားကွပ် ပါရှိတာလည်း ဖြစ်ပါတယ်။
လက်ရှိ ရုရှား ကို ကမ္ဘာ့ အဆင့် သတ်မှတ်ချက် အနေနဲ့ နိုဝင်ဘာလအတွင်းထိ အဆင့် ၁၃ သတ်မှတ်ထားပါတယ်။ သမိုင်း တလျှောက် အဆင့်အမြင့်ဆုံး အဖြစ် သတ်မှတ်ခံရမှု အဖြစ် အဆင့် ၃ ထိ ရောက်ဖူးပြီး ၁၉၉၆ ခုနှစ် ဧပြီလ အတွင်းက သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် အဆင့် အနိမ့်ဆုံး အဖြစ် သတ်မှတ်ခံရမှု အဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာ အတွင်းက ရောက်သွားခဲ့ပြီး အဆင့် ၃၂ ထိ အနိမ့်ဆုံး ဖြစ်ခဲ့တာပါ။
အသင်းရဲ့ ပထမဆုံး နိင်ငံတကာပွဲစဉ်ကို ၁၉၁၂ ခုနှစ်မှာ ကစားခဲ့ပြီး အဆိုပါ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာ ဖင်လန်အသင်းနဲ့ အဝေးကွင်း အဖြစ် သွားရောက် ကစားခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ နှစ်သင်းပေါင်း သွင်းဂိုး ၂၅ ဂိုးထိအောင် ရှိခဲ့ပြီး ဖင်လန် အသင်းကို ၁၂ ဂိုး ၁၃ ဂိုးနဲ့ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ အသင်း သမိုင်း တလျှောက် အကြီးမားဆုံး နိုင်ပွဲကိုတော့ ၁၉၉၅ ခုနှစ် ဇွန်လ ၇ ရက်နေ့က ဆန်မာရီနိုမှာ ကစားတဲ့ ဆန်မာရီနိုနဲ့ ပွဲစဉ်မှာ ၁၇ ဂိုး ဂိုးမရှိနဲ့ နိုင်သလို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က ကစားတဲ့ လက်ချင်စတိန်းနဲ့ ပွဲမှာလည်း အဆိုပါ ၁၇ ဂိုး ဂိုးမရှိ ရလဒ်နဲ့ ၂ ပွဲထိ ဂိုးပြတ် နိုင်ထားပါတယ်။
အသင်း သမိုင်းမှာ အကြီးမားဆုံး ရှုံးပွဲ အနေနဲ့တော့ ၁၉၁၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့က Russian Empire အမည်နဲ့ ကစားနေချိန် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာ ကစားတဲ့ ဂျာမနီနဲ့ ကစားတဲ့ပွဲမှာ ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒါဆိုင်တော့ အကြီးမားဆုံး ရှုံးပွဲမှာတောင် ၆ ဂိုးပဲ ပြတ်တယ် ဆိုတော့ ရုရှားဟာ ခံစစ် ဦးစားပေး၊ နောက်တန်းအား ကောင်းကောင်းနဲ့ ကစားတယ် ဆိုတာ သိသာနေပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ ၁၉၅၈ ခုနှစ်ကတည်းက စတင် ဝင်ရောင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး အခု ၂၀၁၈ခုနှစ်မှာ ဝင်ခွင့်ရမှုနဲ့ အတူ ၁၁ ကြိမ်မြောက် ဝင်ပြိုင်တော့မှာ ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ကမ္ဘာ့ဖလား တတိယ ရခဲ့တဲ့ အမြင့်ဆုံး အောင်မြင်ခြင်း ပါ။ ဥရောပ ချန်ပီယံဖလားပွဲကိုတော့ ၁၉၆၀ ခုနှစ်ကနေ စတင် ယှဉ်ပြိုင်ခဲ့ပြီး အခုထိ ၁၂ ကြိမ် ဝင်ပြိုင်ထား ပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလားကိုတော့ ၂၀၁၇ မှာမှ ပထမဆုံး အကြိမ် ဝင်ပြိုင်ထားတာလည်း ဖြစ်ပါတယ်။
အခု နောက်ဆုံး ကစားထားတဲ့ ရုရှား အသင်းရဲ့ ခြေစွမ်းကို လေ့လာမယ် ဆိုရင်တော့ ကမ္ဘာ့ဖလားကို စိန်ခေါ်နိုင်လောက်အောင် အိမ်ရှင် အားသာချက် ရယူနိုင်မယ့် အသင်းလို့တော့ သတ်မှတ်ဖို့ ခက်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့က အိမ်ကွင်းမှာ အီရန်ကို လက်ခံကစားတဲ့ ချစ်ကြည်ရေးပွဲမှာ ၁ ဂိုးစီ သရေ ကျတယ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က အိမ်ကွင်းမှာပဲ လက်ခံ ကစားတဲ့ အာဂျင်တီးနားနဲ့ ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်၊ နောက် ၃ ရက် အကြာ နိုဝင်ဘာ ၁၄ ရက်နေ့က ကစားတဲ့ စပိန်နဲ့ ပွဲမှာတော့ တဖက် ၃ ဂိုးစီ သားရေကျထားလို့ နောက်ဆုံး ပွဲတွေရဲ့ ရလဒ်က အားရစရာတော့ မကောင်းလှပါဘူး။
ရုရှားအသင်းရဲ့ အားသာချက်က နိုင်ငံရဲ့ ရသီဥတု အေးခဲမှု အနေအထားနဲ့ အထူးသဖြင့် ဆောင်းတွင်းမှာ နိုင်ငံအသင်း ပွဲစဉ်တွေ ရော ကလပ်အသင်းပွဲတွေပါ အခြား ဧည့်သည် အသင်းတွေ အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြ ကစားဖို့ ခက်ခဲလောက်အောင် ဖြစ်စေပြီး အိမ်ရှင်ရုရှားက အသာစီးရတတ်တာ တွေ့ရပါတယ်။
ရုရှားရဲ့ ကစားဟန်က ခံစစ် ဦးစားပေး ကစားတယ်၊ ကစားကွက်ကို အေးအေးဆေးဆေး ပုံဖော်တတ်တယ်၊ သွင်းဂိုး နည်းတယ်၊ တိုက်စစ်ပိုင်းမှာ အားထားရလောက်တဲ့ ဂိုးသွင်းစက်လို့ ဆိုနိုင်တဲ့ တိုက်စစ်မှူးကောင်းကောင်း မရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဂိုးမြူးတဲ့ ပွဲတွေမှာတော့ တဖက် အသင်းက မထိန်းနိုင်လောက်အောင် သွင်းယူလေ့ ရှိတာလည်း တွေ့ရပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ ရုရှားဟာ ဂိုးရပြီးရင်လည်း ဂိုးတွေ ထပ်သွင်းလေ့ ရှိသလို ဂိုးပေးရပြီးရင်လည်း ဆက်ပြီး ပေးရလေ့ ရှိနေတဲ့ သဘောပါ။
အသင်း အနေနဲ့ လက်ရှိမှာ ကမ္ဘာ့ဖလား အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့ရပြီး ဒီကြားထဲ ကာလမှာတောင် အခြား အသင်းတွေလို နိုင်ငံ ခြေစစ်ပွဲတွေ ကစားဖို့ လုံး၀ အစီအစဉ် မရှိတာ တွေ့ရပြီး လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်မှာမှ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် အဖြစ် အုပ်စု က၊ အုပ်စုတွင်း အသင်းတွေနဲ့ ၁၄ ရက်၊ ၁၉ ရက်နဲ့ ၂၅ ရက်တွေမှာ ဆက်တိုက်ကစား သွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
အသင်း အတွက် ပွဲအများဆုံး ကစားထားသူကတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ကစားပေးထားတဲ့ Sergei Ignashevich က ပွဲပေါင်း ၁၂၀ နဲ့ အများဆုံး ကစားပေးထားသလို လက်ရှိ အသင်းမှာ ကစားနေဆဲ ကစားသမားတွေထဲက ပွဲအများဆုံး ကစားထားသူကတော့ ၂၀၀၄ ခုနှစ်ကတည်းက အသင်းမှာ ကစားနေသူ Igor Akinfeev ရှိပြီး သူက ၁၀၃ ပွဲ ပါဝင်ထားပါတယ်။ ဂိုးအများဆုံး သွင်းထားသူ ကတော့ ၁၉၇၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ် အတွင်း ကစားပေးခဲ့တဲ့ Oleg Blokhin ဖြစ်ပြီး ၁၁၂ ပွဲမှာ ၄၂ ဂိုးထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ။
Ref: en.m.wikipedia.org